ယူကရိန်းကိုNATOအဖွဲ့ဝင်ဖြစ်အောင်ကန် လုပ်ဆောင်မည်မဟုတ်

ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုကို ဆက်လက် အားပေးထောက်ခံမယ့်အကြောင်း အမေရိကန်က အင်္ဂါနေ့မှာ ကတိပြုပြောကြားလိုက်ပေမဲ့ မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်အဖြစ် တရားဝင် ထောက်ခံမှုတော့ မပေးခဲ့ပါဘူး။

ယူကရိန်းနိုင်ငံကို အခိုင်အမာ အားပေးထောက်ခံပေမဲ့ NATO အဖွဲ့ဝင်အဖြစ် လက်ခံဖို့ကတော့ မဟာမိတ်အဖွဲ့ကြီးကသာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Jen Psaki က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောလိုက်တာပါ။

ယူကရိန်းနိုင်ငံ နယ်စပ်မှာ မကြာသေးခင်ရက်တွေက ရုရှားတပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကြောင့် ယူကရိန်းနဲ့ အမေရိကန် အပါအဝင် အနောက်နိုင်ငံတွေက စိုးရိမ်တဲ့ သဘောထားတွေ ပြောဆိုထားကြပါတယ်။

ရုရှားကို သတိပေးတဲ့ အနေနဲ့ NATO မဟာမိတ်အဖွဲ့မှာ ယူကရိန်းနိုင်ငံကို လက်ခံဖို့လည်း NATO အဖွဲ့ အတွင်းရေးမှူးချုပ် Jens Stoltenberg ၊ ကနေဒါဝန်ကြီးချုပ် Justin Trudeau တို့နဲ့ အင်္ဂါနေ့ အစောပိုင်းက ဆက်သွယ်ပြောဆိုရာမှာ ယူကရိန်းသမ္မတ Volodymyr Zelenskiy ကတိုက်တွန်းခဲ့တာပါ။

ပြုပြင်ပြောင်းလဲရေး သက်သက်လောက်နဲ့ ရုရှားကို ဟန့်တားနိုင်မှာ မဟုတ်ဘဲ NATO ကသာ စစ်ကိုတားနိုင်မှာ ဖြစ်ကြောင်းလည်း ယူကရိန်းသမ္မတက နောက်ပိုင်း Twitter လူမှုကွန်ရက်မှာ ပြောဆိုခဲ့ပါတယ်။

credit – VOA