NASA နှင့် McDonnell Douglas (ယခု Boeing) တို့ ပူးပေါင်း ဖန်တီးခဲ့သည့် အမြှီးမပါ သုတေသန တိုက်လေယာဉ် X-36….

NASA နှင့် McDonnell Douglas (ယခု Boeing) တို့ ပူးပေါင်း ဖန်တီးခဲ့သည့် အမြှီးမပါ သုတေသန တိုက်လေယာဉ် X-36….



Post Views:
5

အမေရိကန် Wright-Patterson လေတပ် အခြေစိုက် စခန်းရှိ အမျိုးသား ပြတိုက်တွင် သုတေသန လေယာဉ် အချို့ကို ပြ သထားပါတယ်။

၎င်းတို့ဟာ ကားလောကတွင် ထုတ်လုပ်လေ့ ရှိသည့် “concept cars” များနှင့် အယူအဆ တူပြီး သုတေသန အတွက်သာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

ဒီ သုသေတနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များမှ ထွက်ရှိလာတဲ့ လေယာဉ်များဟာ ခေတ်သစ် တိုက်လေယာဉ်များအတွက်တော့ နည်းပညာမြင့်တွေ ဖန်တီးပေးပါတယ်။

အချို့သော လေယာဉ်များဟာ တကယ်ကို ခေတ်ရှေ့ပြေးကာ ခေတ်တခေတ် ပြောင်းလောက်အောင် အထိ ဆန်းပြားသည့် ဒီဇိုင်းများကို ပိုင်ဆိုင်ထားပါတယ်။

ဥပမာအားဖြင့် “Tailless Fighter Agility Research Aircraft” ခေါ် အမြှီးမပါသည့် လျှင်မြန်ဖြတ်လတ်သည့် သုတေသနလေယာဉ်ဟာ မြင်သာသည့် လေယာဉ်တစင်းပါ။

ဒီလေယာဉ်ကို McDonnell Douglas မှ ရှေ့ပြေးပုံစံအတွက် ဒီဇိုင်းဆွဲထားတာ ဖြစ်ပြီး သမားရိုးကျ လေယာဉ်များလို အမြှီးတပ်ဆင်ထားခြင်း မရှိပါဘူး။

ထိုဒီဇိုင်းဟာ အလေးချိန်၊ နောက်ဆွဲအားတို့ကို လျှော့ချကာ ရေဒါပျောက်နိုင်စွမ်း ရှိစေသည့်အပြင် လေယာဉ်၏ ပျံသန်းနိုင်မှု အကွာအဝေး တိုးလာခြင်း၊ လှုပ်ရှားနိုင်စွမ်း မြင့်မားလာခြင်းနှင့် ပိုမို လွတ်မြောက် နိုင်စွမ်း ရှိခြင်း စသည့် စွမ်းဆောင်ရည်တွေကို ရရှိစေပါတယ်။

X-36 စီမံကိန်းကို ၁၉၉၀ ခုနှစ်များတွင် စတင်ခဲ့ပြီး NASA နှင့် McDonnell Douglas (ယခု Boeing) တို့ ပူးပေါင်း ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

မောင်းသူမဲ့လေယာဉ် အမျိုးအစား X-36 ၂ စင်းကို ထုတ်လုပ်နိုင်ခဲ့ပြီး ၎င်းဟာ အနာဂါတ်မှာ ထုတ်လုပ်မည့် တိုက်လေယာဉ်သစ်ရဲ့ ၄ ပုံ ၁ ပုံလောက် အရွယ်အစားသာ ရှိပါတယ်။

ဒါပေမယ့် ရှေ့ပြေးပုံစံ ၂ စင်းမှ တစင်းကိုသာ တကယ် ပျံသန်း စမ်းသပ်ခဲ့ပါတယ်။

စီမံကိန်း၏ ရည်ရွယ်ချက်ကတော့ အမြှီးမပါသည့် တိုက်လေယာဉ်များ အတွက် စစ်ဘက်ဆိုင်ရာတွင် ဘယ်လောက် အထိ အသုံးချနိုင်မလဲဆိုတာ စမ်းစစ်ဖို့ ဖြစ်ပါတယ်။

အမြှီးမပါဝင်သည့်အတွက် လေယာဉ်ကို တည်ငြိမ်မှု ရရှိစေရန် ရှေ့တွင် canard တောင်ပံငယ်ကို တပ်ဆင်ထားပြီး ၎င်းဟာ thrust-vectoring nozzle ‌ခေါ် လိုသလို လှည့်နိုင်သည့် အိပ်ဇောနော်ဇယ် ဖြင့် တွဲဖက် အလုပ်လုပ်နိုင်မှာပါ။

သို့ပေမယ့် လေယာဉ်ဟာ pitch and yaw ကဲ့သို့ လှုပ်ရှားမှုများတွင် တည်ငြိမ်မှု မရှိသဖြင့် fly-by-wire ခေါ် ကွန်ပျူတာ ပျံသန်းရေး ထိန်းချုပ်စနစ်ဖြင့် ပေါင်းစပ် အလုပ်လုပ်ရပါတယ်။

လေယာဉ်ကို ၁၉၉၇ ခုနှစ် မေလ ၁၇ ရက်နေ့မှ ပထမဆုံး ပျံသန်းခဲ့ပြီး စုစုပေါင်း ၃၁ ကြိမ် စမ်းသပ် ပျံသန်း ခဲ့ပါတယ်။

စမ်းသပ်မှုတွင် စီမံကိန်း၏ ရည်မှန်းချက်များ အားလုံးကို ပြီးမြောက်ခဲ့ပြီး ပျံသန်းချိန် စုစုပေါင်း ၁၅ နာရီနှင့် ၃၈ မိနစ်လောက် ရှိခဲ့ကာ ပျံသန်းမှု ထိန်းချုပ်ရေး ဆော့ဖ်ဝဲ အမျိုးအစား ၄ မျိုး အထိ အသုံးပြုခဲ့ပါတယ်။

Angle of attack အမြင့်ဆုံး ၄၀ ဒီဂရီအထိ ရောက်ရှိခဲ့ပြီး အမြင့်ပေ ၂၀,၂၀၀ အထိလည်း တက်ရောက် နိုင်ခဲ့တဲ့ အတွက် လေယာဉ်၏ အရွယ်အစားနှင့် နှိုင်းယှဉ်ပါက အတော်ကို အောင်မြင်တဲ့ စီမံကိန်းလို့ ပြောနိုင်ပါတယ်။

၁၉၉၈ ခုနှစ်မှာတော့ အမေရိကန် လေတပ် သုတေသန ဓာတ်ခွဲခန်း (AFRL) မှ X-36 ရှေ့ပြေးပုံစံကို RESTORE ခေါ် (Reconfigurable Control for Tailless Fighter Aircraft) ဆော့ဖ်ဝဲနှင့် ထပ်မံ စမ်းသပ်ခဲ့ပြန်ပါတယ်။

AFRL ဟာ အဆိုပါ ဆော့ဖ်ဝဲကို အမြှီးမပါသည့် လေယာဉ်များ ထိခိုက်မိလျှင် သို့မဟုတ် ချွတ်ယွင်းမှု ဖြစ်ပေါ်ခဲ့လျှင် အကူ အညီ ရစေဖို့ ဖန်တီးခဲ့တာ ဖြစ်ပြီး ၁၉၉၈ ခုနှစ်မှာ ထို ဆော့ဖ်ဝဲကို အသုံးပြုပြီး ၂ ကြိမ် အောင်မြင်စွာ ပျံသန်းနိုင်ခဲ့ပါတယ်။

လေယာဉ်ကို ပေါင် ရ၀၀ တွန်းအားပေးနိုင်သည့် Williams International F112 တာဘိုဂျက်အင်ဂျင် တပ်ဆင်ထားပြီး တနာရီ ၂၃၄ မိုင် နှုန်းဖြင့် ပျံသန်းနိုင်ကာ အလေးချိန် ၁,၂၄၅ ပေါင်သာ ရှိပါတယ်။

Crd.. Aurora (Knowledgeworms team)

Unicode





















Crd.. Aurora (Knowledgeworms team)

Crd

Crd

arkarta