■Facebook က ၎င်း၏ အမည်ကို ပြောင်းလဲရန် စီစဉ်နေ

■Facebook က ၎င်း၏ အမည်ကို ပြောင်းလဲရန် စီစဉ်နေဟု သတင်းများထွက်ပေါ်

ကမ္ဘာပေါ်တွင် လူသုံးအများဆုံး လူမှုမီဒီယာများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် Facebook သည် လာမည့်သီတင်းပတ်အတွင်း ၎၏အမည်ကို ပြောင်းလဲရန် စီစဉ်နေသည်ဟု ယင်းအကြောင်းအရာနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်တစ်ခုကို ကိုးကားပြီး နည်းပညာဝက်ဘ်ဆိုက်တစ်ခုဖြစ် သည့် The Verge က အောက်တိုဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။

Facebook ၏ စီအီးအို မာ့ခ်ဇူကာဘက်သည် အမည်ပြောင်းလဲမည့်ကိစ္စကို အောက်တိုဘာလ ၂၈ ရက်တွင် ကျင်းပမည့် ကုမ္ပဏီ၏ နှစ်ပတ်လည် Connect ညီလာခံတွင် ပြောကြားရန် စီစဉ်ထားပြီး ယင်းအကြောင်းအရာ ကို မကြာမီအချိန်အတွင်း ထုတ်ဖော်ကြေညာသွားဖွယ်ရှိနေသည်ဟု ဆိုသည်။

ယင်းသတင်းနှင့်ပတ်သက်ပြီး Facebook က တုံ့ပြန်ရာတွင် ၎င်းအနေနှင့် ကောလာဟလ သို့မဟုတ် ထင်ကြေးပေးမှုများအပေါ် မှတ်ချက်မပေးကြောင်း တုံ့ပြန်ခဲ့သည်။

အမေရိကန်အစိုးရသည် Facebook ၏ စီးပွားရေးလုပ်ဆောင်ချက်များအပေါ် စိစစ်မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ယင်းသတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

အမေရိကန်၏ ဒီမိုကရက်တစ်နှင့် ရီပတ်ဘလစ်ကန် ပါတီနှစ်ရပ်လုံးမှ လွှတ်တော်အမတ်များသည် Facebook ကို ပြင်းထန်စွာ ဝေဖန်နေပြီး အမေရိကန်လွှတ်တော်တွင် လည်း Facebook အပေါ် မကျေလည်သည့် သဘောထားများ မြင့်တက်နေသည်။

ယင်းကဲ့သို့ အမည်ပြောင်းလဲမှုသည် Instagram၊ WhatsApp၊ Oculus နှင့် အခြား အက်ပလီကေးရှင်းများကို ပိုင်ဆိုင်သည့် Facebook ကုမ္ပဏီ၏ လူမှုမီဒီယာ အက်ပလီကေးရှင်းကိုလည်း ပြောင်းလဲစေလိမ့်မည်ဟု The Verge ကဖော်ပြခဲ့သည်။

စီလီကွန်တောင်ကြားတွင် အခြေစိုက်သည့် နည်းပညာကုမ္ပဏီကြီးများအနေဖြင့် ၎င်းတို့၏ ဝန်ဆောင်မှုများကို တိုးချဲ့လိုသည့် အချိန်တွင် အမည်များကို ပြောင်းလဲသည်မှာ ထူးခြားသည့်အကြောင်းအရာတစ်ခုတော့ မဟုတ်ပေ။

Google ကုမ္ပဏီသည်လည်း ၎င်း၏ အင်တာနက်ရှာဖွေမှုနှင့် ကြော်ငြာလုပ်ငန်းများကို ချဲ့ထွင်ရန်၊ မောင်းသူမဲ့ယာဉ်များထုတ်လုပ်မှုမှ ကျန်းမာရေးနည်းပညာများအထိ အခြားလုပ်ငန်းများကို ကြီးကြပ်ရန် ၂၀၁၅ ခုနှစ်တွင် Alphabet Inc အမည်ဖြင့် ဦးပိုင်ကုမ္ပဏီ ထူထောင်ခဲ့သည်။

Facebook သည် အသုံးပြုသူများအား မတူညီသည့် ပစ္စည်းများကို အသုံးပြုပြီး ပြင်ပကမ္ဘာနှင့် ပကတိနည်းပါး ဆင်တူသည့် ပတ်ဝန်းကျင်မျိုးတွင် ဆက်သွယ်မှုများပြုလုပ်နိုင်သည့် metaverse ဟုလူသိများသည့် အွန်လိုင်းကမ္ဘာတစ်ခု ထူထောင်ရန် အာရုံစိုက်နေသည့်အချိန်တွင် အမည်ပြောင်းလဲမည့် သတင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Facebook သည် ၎င်း၏ အက်ပလီကေးရှင်းများကို မတူကွဲပြားသည့် ပစ္စည်းများမှတစ်ဆင့် အသုံးပြုနေသည့် အသုံးပြုသူ သုံးဘီလျံနီးပါးကို ချိတ်ဆက်ရန်ရည်ရွယ်ပြီး ဒစ်ဂျစ်တယ်ကမ္ဘာ (VR) နှင့် အပြင်ကမ္ဘာထဲကို ဒစ်ဂျစ်တယ်ပုံရိပ်များ ပေါင်းထည့်သည့် (AR) နည်းပညာများအပေါ်တွင် ရင်းနှီးမြှုပ်နှံမှုများစွာ ပြုလုပ်ခဲ့့သည်။

Facebook ကုမ္ပဏီကလည်း လာမည့် ငါးနှစ်အတွင်း metaverse ကို ထူထောင်ရန်အတွက် ဥရောပသမဂ္ဂတွင် အလုပ်အကိုင်ပေါင်း ၁၀၀၀၀ ခန့် ဖန်တီးသွားရန် အစီအစဉ်ရှိသည်ဟု အောက်တိုဘာလ ၁၉ ရက်က ကြေညာခဲ့သည်။

Google နှင့် Amazon အပါအဝင် အခြားနည်းပညာကုမ္ပဏီ ကြီးများသည်လည်း စိတ်ကူးယဉ် စကြာဝဠာဟု အဓိပ္ပာယ်ရသည့် metaverse ကိုထူထောင်ရန် ဆန်းသစ်တီထွင်မှုများပြုလုပ်နေသည်။
Ref. NDTV
crd:eleven