■■■ဝက်ကျောက်ကပ်ကို လူသားမှာအစားထိုးစမ်းသပ်မှုကို အမေရိကန်ဆရာဝန်တွေ အောင်မြင်ခဲ့

■■■ဝက်ကျောက်ကပ်ကို လူသားမှာအစားထိုးစမ်းသပ်မှုကို အမေရိကန်ဆရာဝန်တွေ အောင်မြင်ခဲ့

အမေရိကန်နိုင်ငံက ခွဲစိတ်ဆရာဝန်တွေဟာ ဝက်ရဲ့ ကျောက်ကပ်ကို လူသားတစ်ဦးဆီမှာ အစားထိုးပြောင်းလဲကုသမှုကို သမိုင်းဝင်အောင်မြင်မှုတစ်ခုအဖြစ် ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ အနာဂတ်မှာ ကိုယ်တွင်းအင်္ဂါချို့တဲ့မှုတွေကို ဖြေရှင်းပေးနိုင်မယ့် လမ်းစဖြစ်လာမယ်လို့ ဆေးပညာလောကတစ်ခုလုံးက မျှော်လင့်နေပြီလည်းဖြစ်ပါတယ်။

အစားထိုးကုသမှုကို ရယူခဲ့တဲ့လူနာကတော့ ကိုမာဖြစ်ပြီး ဦးနှောက်သေဆုံးနေပြီဖြစ်ကာ ပြန်လည်နာလန်ထူဖို့အလားအလာမရှိသူတစ်ဦးလို့တော့ BBC က ဆိုပါတယ်။ ကျောက်ကပ်ရယူခဲ့တဲ့ ဝက်ကတော့ မျိုးဗီဇပြု ပြင်ပြောင်းလဲထားတဲ့ ဝက်ဖြစ်ပြီး ဒီလိုပြောင်းလဲထားခြင်းက သူ့ရဲ့အင်္ဂါအစိတ်အပိုင်းကို လူသားတွေဆီကို ထည့်သွင်းတဲ့အခါ ဓာတ်မတည့်ငြင်းပယ်တာမျိုးကို မဖြစ်စေတော့ဘူးလို့လည်း ဆိုပါတယ်။

ဒီခွဲစိတ်အစားထိုးမှုနဲ့ပတ်သက်ပြီး အခြားသောပညာ ရှင်တွေက ဆန်းစစ်တာ ဒါမှမဟုတ် ပုံနှိပ်ထုတ်ဝေတာမျိုးတွေကို မလုပ်ရသေးဘူးလို့လည်း သိရပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ အခုအချိန်ထိ ဆေးပညာနယ်ပယ်မှာ အဆင့်အမြင့်ဆုံးစမ်းသပ်မှုဖြစ်တယ်လို့ ပြောဆိုခဲ့ကြပြီး လူသားမဟုတ်တဲ့ သတ္တဝါတွေမှာ စမ်းသပ်မှုတွေကိုလည်း ပြုလုပ်ခဲ့ဖူးပါတယ်။

ဝက်ရဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းကို လူတွေမှာ ထည့်သွင်းတာမျိုးက အသစ်အဆန်းတော့မဟုတ်ဘဲ အရင်ကလည်း ဝက်နှလုံးအဆို့ရှင်ကို လူ့နှလုံးမှာ အစားထိုးအသုံးပြုတာမျိုးကို ကျယ်ပြန့်စွာပြုလုပ်ခဲ့ဖူးကြပါတယ်။ ဝက်တွေရဲ့ အင်္ဂါအစိတ်အပိုင်းတွေက အရွယ်အစားအရ လူသားတွေနဲ့ တော်တော်လေးအံဝင်ဂွင်ကျဖြစ်တယ်လို့လည်း ဆိုပါတယ်။

New York University Langone Health medical centre မှာ ပြုလုပ်ခဲ့တဲ့ ဒီခွဲစိတ်မှုဟာ ၂နာရီကြာမြင့်ခဲ့တယ်လို့ သိရပြီး ဝက်ကျောက်ကပ်ကို လူနာရဲ့သွေး ကြောတွေနဲ့ ဆက်ပေးကာ အလုပ်လုပ်၊ မလုပ်နဲ့ ငြင်း ဆန်ခြင်းရှိ၊မရှိကို စောင့်ကြည့်ခဲ့ကြပါတယ်။အစားထိုးခွဲစိတ်ပြီး ၂ ရက်ခန့်ကြာတဲ့အထိ ကျောက်ကပ်ကို အသေးစိတ်စောင့်ကြည့်လေ့လာကာ စစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့ကြတယ်လို့ သိရပြီး ပုံမှန်လူတွေရဲ့ ကျောက်ကပ်အတိုင်း အလုပ်လုပ်တဲ့ပုံစံမျိုးနဲ့ တူညီတာကို တွေ့ရှိရတယ်လို့ သိရပါတယ်။

TRNs
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။