■အိန္ဒိယမှာ သူ့ဇနီးကို မြွေဟောက်နဲ့ တိုက်သတ်တဲ့အမှုနဲ့ ယောက်ျား တယောက်ကို ထောင်ဒဏ် ၂ သက် ချမှတ်

ပြီးခဲ့တဲ့သီတင်းပတ်က အိန္ဒိယမှာ သူ့ဇနီးကို မြွေဟောက်နဲ့ တိုက်သတ်တဲ့အမှုနဲ့ ယောက်ျား တယောက်ကို ထောင်ဒဏ် ၂ သက် ချမှတ်လိုက်ပါတယ်။ ဒီလို ထောင်ဒဏ်ကို သက်တမ်း တခုမက ချမှတ်တာမျိုးက အင်မတန်ရှားပါတယ်။ ဒီလို ရက်စက်ကြမ်းကြုတ်လှတဲ့ လူသတ်မှုရဲ့ နောက်ကွယ်ကအဖြစ်တွေကို ဘီဘီစီ သတင်းထောက် Soutik Biswas နဲ့ Ashraf Padanna တို့က စုဆောင်းပြီး ဒီသတင်းဆောင်းပါးကို ရေးပါတယ်။

ပြီးခဲ့တဲ့နှစ် ဧပြီလတုန်းက အသက် ၂၈ နှစ်အရွယ် ဆိုရာ့ဂျ် ကူးမားဟာ ကမ္ဘာပေါ်မှာ အဆိပ်အပြင်းဆုံးမြွေမျိုးတွေထဲက တမျိုးဖြစ်တဲ့ မြွေဟောက် တကောင်ကို ရူပီး ၇၀၀၀ (၉၂ အမေရိကန်ဒေါ်လာ) ပေးပြီး ဝယ်ခဲ့ပါတယ်။ အိန္ဒိယမှာ မြွေအရောင်းအဝယ်က တရားမဝင်တဲ့ လုပ်ငန်း ဖြစ်တဲ့အတွက် ဆိုရာ့ဂျ်ဟာ ကရာလာပြည်နယ်မှာ မြွေဖမ်းသမား ဆူရက်စ် ကူးမား ဆီကနေ လျှို့လျှို့ဝှက်ဝှက်ဝယ်ခဲ့ပါတယ်။

ဆိုရာ့ဂျ်က အဖုံးပါတဲ့ ပလပ်စတစ်ပုံးတခုကို လေဝင်နိုင်အောင် အပေါက်လေးဖောက်၊ မြွေကို အဲဒီပုံးထဲထည့်ပြီး အိမ်ကို ယူခဲ့ပါတယ်။

နောက် ၁၃ ရက်အကြာမှာတော့ အဲဒီမြွေပုံးကို အိတ်တခုထဲထည့်ပြီး သူ့အိမ်နဲ့ ၂၇ မိုင်ဝေးတဲ့ သူ့ ယောက္ခမတွေအိမ်ကို သွားခဲ့ပါတယ်၊ အဲဒီအိမ်မှာ မြွေကိုက်ခံရာကနေ ပြန်နာလန်ထလာတဲ့ သူ့ ဇနီး ဥဿရ နေထိုင် နေပါတယ်။

လက်ထပ်ဖို့ ချိတ်ပေးကြတဲ့ အောင်သွယ်ပွဲစားတွေက တဆင့် ဆိုရာ့ဂျ်နဲ့ ဥဿရတို့ဟာ လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက ဆုံခဲ့ကြပါတယ်။ ဆိုရာ့ဂျ်ရဲ့ ဖခင်က သုံးဘီး အငှားယာဉ်မောင်းသူ တယောက်၊ သူ့မိခင်က အိမ်အလုပ်တွေလုပ်သူ တယောက်ပါ။

ဆိုရာ့ဂျ်ထက် ၃ နှစ်လောက် ငယ်တဲ့ ဥဿရဟာ လေ့လာသင်ယူတဲ့နေရာမှာ အခက်အခဲရှိပြီး အဲဒီဘက်မှာ မသန်စွမ်းသူ တယောက်ပါ။ ဥဿရရဲ့ မိဘတွေကတော့ ဖခင်ဖြစ်သူက ရော်ဘာ ကုန်ကူးသူတယောက်ဖြစ်ပြီး သူ့မိခင်က အငြိမ်းစား ကျောင်းအုပ်ဆရာမကြီး တယောက်ပါ။ သူတို့မိသားစုရဲ့ စီးပွားရေးက တောင့်တောင့်တင်းတင်းရှိပါတယ်။

သူတို့စုံတွဲလက်ထပ်တဲ့အခါ ဥဿရရဲ့ မိဘတွေက ဆိုရာ့ဂျ်ကို (အမေရိကန်ဒေါ်လာ ၃သောင်း ၂ ထောင်လောက်နဲ့ ညီမျှတဲ့) ရွှေသား ၇၆၈ ဂရမ်၊ ဆူဇူကီး အမျိုးအစား ဆီဒင်ကား တစီး၊ ငွေသား ရူပီး ၄ သိန်း တို့ကို သတို့သမီးဘက်ကနေ သတို့သားဘက်ကို ပေးရတဲ့ မင်္ဂလာကြေး အဖြစ် ပေးပြီး တင်တောင်းခဲ့ပါတယ်။ ဒါ့အပြင် ဥဿရရဲ့ မိဘတွေက “သူ့တို့ရဲ့သမီးကို ကြည့်ရှုစောင့်ရှောက် ပေးဖို့ အတွက်” လစဉ်ပေးတဲ့ ရူပီး ၈၀၀၀ ကိုလည်း ဆိုရာ့ဂျ်က ပုံမှန် လက်ခံရရှိတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဒီမြွေဟောက်နဲ့ အသတ်မခံရခင်က ဥဿရဟာ မြွေတကောင် အကိုက်ခံခဲ့ရပါသေးတယ်။ အဲဒီ အတွက် ဆေးရုံတက်ကုသခဲ့ရပြီး ဆေးရုံကဆင်းတဲ့အခါမှာတော့ သူ့မိဘအိမ်ကို ပြန်ခဲ့တာပါ။ ဆေးရုံမှာ သူ ၅၂ ရက်တက်ခဲ့ရပြီး အကိုက်ခံရတဲ့ သူ့ခြေထောက်ကို ၃ ကြိမ်တိုင် နာကျင်လှတဲ့ ခွဲစိတ်ကုသမှုတွေကို ခံယူခဲ့ရပါတယ်။ အဲဒီတုန်းက အကိုက်ခံရတဲ့ မြွေက ရပ်ဆဲလ် မြွေပွေး အမျိုးအစားပါ။ ဒီမြွေမျိုးက မြေသားအရောင်ရှိပြီး အဆိပ်ပြင်းလှပါတယ်။ နှစ်စဉ် အိန္ဒိယက လူထောင်နဲ့ချီ သေကြေကြရတာလည်း ဒီလို မြွေပွေးအကိုက်ခံရတာကြောင့်ပါ။

မေလ ၆ ရက်နေ့ည၊ အဲဒီအချိန်မှာ ဥဿရဟာ နာလန်ထကာစပဲရှိပါသေးတယ်။ အဲဒီညမှာ သူဟာ ဆိုရာ့ဂျ်က ဖျော်ပေးတဲ့ သစ်သီးဖျော်ရည်တခွက် သောက်ပါတယ်။ အဲဒီထဲမှာ ဆိုရာ့ဂျ်က အိပ်ဆေးတွေထည့်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ နောက်တော့ ဆိုရာ့ဂျ်ဟာ မြွေဟောက်ထည့်ထားတဲ့ ပုံးကို ယူလိုက်ပြီး အိပ်နေတဲ့ သူ့မိန်းမပေါ်ကို မှောက်ချ လိုက်ပါတော့တယ်။

ဒါပေမယ့် ၅ ပေ လောက်ရှည်တဲ့မြွေဟာ ဥဿရကို မပေါက်ဘဲ သူ့ကိုယ်ပေါ်ကနေ လျှောကနဲ အဝေးကို ထွက်သွားပါတယ်။ ဆိုရာ့ဂျ်က မြွေကို ပြန်ယူပြီး ဥဿရကိုယ်ပေါ်ကို ပြန်တင်ပါတယ်။ အဲဒီ အကြိမ်မှာလည်း မြွေက တခါပြန်ပြီး တခြားနေရာကို လျှောပြီး ထွက်သွားပြန်ပါတယ်။

တတိယအကြိမ်လုပ်တဲ့အခါမှာတော့ ဆိုရာ့ဂျ်ကမြွေဟောက်ရဲ့ ပါးပျဉ်းနေရာကို လက်နဲ့ ညှစ်ကိုင်ပြီး မြွေခေါင်းကို ဥဿရရဲ့ ဘယ်ဘက်လက်မောင်းနေရာနားကို ဖိကပ်ထား လိုက်ပါတယ်။ ရန်အစခံလိုက်ရတဲ့ မြွေဟောက်ဟာ အဲဒီအခါမှာတော့ အစွယ်ထုတ်ပြီး ဥဿရကို ပေါက်ပါတော့တယ်၊ ၂ ခါပေါက်တာပါ။ နောက်တော့ မြွေဟာ အခန်းထဲက စင်တခု ဆီကို တိုးဝင်သွားပြီး အဲဒီမှာပဲ တညလုံး ခွေနေလိုက်ပါတယ်။

“မြွေဟောက်ဆိုတာကက သူတို့ကို သွားမဆွရင် မကိုက်ကြပါဘူး၊ ဆိုရာ့ဂျ်က သူ့ပါးပျဉ်းကနေ ကိုင်ပြီး သူ့မိန်းမကို ပေါက်အောင်လုပ်တာပါ”လို့ တွားသွားသတ္တဝါတွေကို လေ့လာသူ မာဗစ်ရှ် ကူးမားက ပြောပါတယ်။

ဆိုရာ့ဂျ်ဟာ သစ်သီးဖျော်ရည် ဖန်ခွက်ကို ဆေးကြောတယ်၊ မြွေကို ကိုင်တွယ်ရာမှာ ဘေးကင်း အောင် သုံးတဲ့ သစ်သားတုတ်ကို ဖျက်ဆီးပစ်လိုက်တယ်၊ သူ့ မိုဘိုင်းဖုန်းက ဖုန်းမှတ်တမ်းတွေ ကို ဖျက်ပစ်လိုက်တယ် လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

ဥဿရရဲ့ အမေက နောက်နေ့ မနက်ကျတော့ အဲဒီအခန်းထဲရောက်တဲ့အခါ သူ့သမီးဟာ ကုတင်ပေါ်မှာ လှဲလျက်ရှိနေပြီး သူ့သမီးရဲ့ “ပါးစပ်က ပွင့်နေတယ်၊ ဘယ်ဘက်လက်က ကုတင်အောက် ကို တွဲလွဲကျနေတယ်”လို့ သူတွေ့ခဲ့ရတာကို ရဲတွေကို ပြောပြခဲ့ပါတယ်။

အဲဒီအခန်းထဲမှာ ဆိုရာ့ဂျ်လည်း ရှိနေတယ်လို့ သူက ပြောပါတယ်။

“သူ နိုးလာပြီလားလို့ မင်းမကြည့်ဘူးလား”လို့ မာနီမက်ခါလာ ဗီဂျာယန်က သူ့ သမက်ကို မေးပါတယ်။

ဆိုရာ့ဂျ်က “သူအိပ်နေတာကို မနှောင့်ယှက်ချင်လို့ပါ”လို့ သူ့ကို ပြန်ဖြေခဲ့ပါတယ်။

မိသားစုဟာ ဥဿရကို သယ်ပြီး ဆေးရုံကို အပြေးအလွှားသွားပေမယ့် ဆေးရုံက ဆရာဝန်တွေက သူ မြွေဆိပ်နဲ့ ဆုံးပြီလို့ ပြောပြကြပြီး ရဲကို လှမ်းခေါ်ပါတယ်။

သေဆုံးသူကို စစ်ဆေးကြတဲ့အခါ သူ့ရဲ့ ဘယ်ဘက်လက်မောင်းမှာ မြွေပေါက်ခံရတဲ့ ဒဏ်ရာ ၂ နေရာတွေ့ရပြီး တခုနဲ့တခု ၁ လက်မလောက် ကွာပါတယ်။ သွေးနဲ့ ကိုယ်တွင်း အင်္ဂါ အစိတ်အပိုင်း တချို့ကို စစ်ဆေးကြည့်တဲ့အခါ မြွေဆိပ်ကိုတွေ့ရသလို၊ အိပ်ဆေးဓာတ် ကိုလည်း တွေ့ရပါတယ်။ မြွေဟောက်ဆိပ်ဟာ လူတွေ အသက်ရှူနိုင်အောင် လုပ်ပေးတဲ့ ကြွက်သားတွေကို အလုပ်မလုပ်အောင်တိုက်ခိုက်နိုင်ပြီး နာရီပိုင်းအတွင်းမှာ လူကို သေစေနိုင် ပါတယ်။

ဥဿရရဲ့ မိဘတွေကိုယ်စား တရားလိုအဖြစ်ဆောင်ရွက်ပေးတဲ့ ရဲတပ်ဖွဲ့က ဆိုရာ့ဂျ်ကို သူ့မိန်းမ ပုံမှန်မဟုတ်တဲ့ သေဆုံးရမှုနဲ့ ဆက်နွှယ်နိုင်တယ်ဆိုပြီး မေလ ၂၄ ရက်နေ့မှာ ဖမ်းလိုက်ပါတယ်။ ၇၈ ရက်ကြာ စုံစမ်းစစ်ဆေးမှုတွေ၊ တရားစွဲတင်တာတွေကိုရေးထားတာ စာမျက်နှာ ၁၀၀၀ ကျော်တောင်ရှိလာခဲ့ပြီးတဲ့နောက် တရားခွင်စတင်ခဲ့ပါတယ်။

တွားသွားသတ္တဝါဆိုင်ရာ ပညာရှင်တွေ၊ ဆရာဝန်တွေ အပါအဝင် လူပေါင်း ၉၀ ကျော်က သက်သေအဖြစ် ထွက်ဆိုခဲ့ကြပါတယ်။ ဆိုရာ့ဂျ်ရဲ့ ဖုန်းမှတ်တမ်းတွေ၊ အင်တာနက်မှာ ရှာထားတဲ့ အထောက်အထားတွေ၊ အိမ်နောက်ခြံဝင်းထဲမှာ မြှုပ်ထားတဲ့ မြွေဟောက်သေကို ပြန်ဖော်ယူပြီး ကြည့်တာတွေ၊ မိသားစုရဲ့ ကားထဲမှာ အိပ်ဆေးတွေ တွေ့ခဲ့တာတွေ၊ မြွေက တကောင်ထဲတင်မဟုတ်ပဲ နှစ်ကောင် ဝယ်ခဲ့တဲ့အထောက်အထားတွေအပေါ် မူတည်ပြီး တရားလိုရှေ့နေတွေက အမှုကို တည်ဆောက်ပါတယ်။

ဆိုရာ့ဂျ်ဟာ ဥဿရကို ပြီးခဲ့တဲ့ လပိုင်းက ကိုက်ခဲ့တဲ့ မြွေပွေးကိုလည်း ဝယ်ခဲ့တဲ့သူလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

မြွေဖမ်းသမား ဆူရက်စ် က မြွေ ၂ ကောင်လုံးကို ဆိုရာ့ဂျ်ကို ရောင်းခဲ့တဲ့အကြောင်း ဝန်ခံ ထွက်ဆိုပါတယ်။

မြေပြင်ကနေ အတော်မြင့်တဲ့နေရာမှာရှိတဲ့ ပြတင်းပေါက်ကနေ မြွေဟောက် တကောင် ဝင်လာနိုင်ဖို့က ဖြစ်နိုင်ခြေ သိပ်မရှိတဲ့အကြောင်း တွားသွားသတ္တဝါတွေကို လေ့လာသူ ပညာရှင်တယောက်က တရားရုံးမှာ ထွက်ဆိုပါတယ်။

ရာဇဝတ်မှု ဖြစ်ရာ အခန်းပုံတူကို လုပ်ပြီး လူပုံသဏ္ဍာန်လုပ်ထားတဲ့ အရာတခုကို ကုတင် ပေါ်မှာထားကာ မြွေဟောက် အရှင်တကောင်ကို မြွေဆရာတယောက်ရဲ့ အကူအညီနဲ့ မြွေဘယ်လို လှုပ်ရှားသလဲ ဆိုတာကို ပုံဖော်ပြကြပါတယ်။

“မြွေဟောက်တွေဟာ ညဆိုရင် သိပ်မလှုပ်ရှားကြပါဘူး၊ လူအရုပ်ပေါ်ကို မြွေကိုချ လိုက်တဲ့အခါ မြွေက ကြမ်းပြင်ကို လျှောပြီး ထွက်ခွာသွားပါတယ်၊ နောက်ပြီး အခန်းထောင့်က အမှောင်ကွယ်မှာ သွားဝပ်နေပါတယ်”လို့ မာဗစ်ရှ် ကူးမားက ပြောပါတယ်။ “သူ့ကို သွားဆွရင် တောင်မှ မြွေက မကိုက်ပါဘူး။”

သူက မြွေဟောက်ရဲ့ လည်ပင်းကို ဆွဲကိုင်လိုက်ပြီး လူရုပ်လက်မောင်းမှာ ကပ်ချည်ထားတဲ့ ကြက်သားတုံးကို ကိုက်စေပါတယ်၊ မြွေက ၂ ခါ ပေါက်လိုက်ပြီး မြွေကိုက်ရာ တခုနဲ့ တခုနဲ့ အကွာအဝေးက ဥဿရရဲ့ လက်မောင်းက မြွေကိုက်ရာနီးပါးနဲ့ တူတာကို တွေ့ရပါတယ်။

“ဒီအမှုဟာ သိပ်ကိုဆိုးယုတ်လှပြီး ဇနီးကို လင်ယောက်ျားက သတ်တဲ့အမှုဖြစ်တယ်”လို့ တရားသူကြီး အမ် မန်နော့ဂျ်က ဆိုပါတယ်။ တရားသူကြီးက ဆိုရာ့ဂျ်ကို ထောင်ဒဏ် ၂ သက် ပြစ်ဒဏ်ချခဲ့ပြီး တရားခံဟာ ဥဿရကို သတ်ဖြတ်ဖို့ စီမံခဲ့တယ်၊ “မြွေဟောက် မတော်တဆ ပေါက်တာ ခံရလို့ သေရတဲ့ ပုံဖြစ်အောင် လုပ်ခဲ့တယ်” လို့ပြောပါတယ်။

စုံစမ်းစစ်ဆေးသူတွေရဲ့ အဆိုအရ ဒီတကြိမ် မြွေဟောက်နဲ့ ပေါက်စေတာက ဆိုရာ့ဂျ် မြွေနဲ့ သူ့ဇနီးကို လုပ်ကြံဖို့ကြိုးစားတာ ဒုတိယအကြိမ် မဟုတ်ပါဘူး၊ တတိယအကြိမ်ပါ။ ၄ လ အတွင်းမှာ မြွေနဲ့ လုပ်ကြံတာကို ၃ ကြိမ် လုပ်ခဲ့တာပါ။

ဒေသဆိုင်ရာ ဘဏ်တခုမှာ အပေါင်ဆုံးပစ္စည်းတွေ လိုက်သိမ်းဆည်းတဲ့သူအဖြစ် လုပ်ခဲ့တဲ့ ဆိုရာ့ဂျ်ဟာ မြွေဖမ်းသမား ဆူရက်စ်နဲ့ မနှစ် ဖေဖော်ဝါရီမှာ တွေ့ပြီး ရပ်ဆဲလ် မြွေပွေး တကောင်ကို ရူပီး ၁ သောင်းပေးပြီး ဝယ်ခဲ့ပါသေးတယ်။ သူက မြွေကို ပလပ်စတစ်ပုံးထဲထည့်ပြီး အိမ်ကို ယူလာကာ ထင်းစင်အောက်မှာ ဖွက်ထားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်နေ့မှာ ဆိုရာ့ဂျ်က မြွေကို သူ့အိမ်ပေါ်ထပ်က ကြမ်းပြင်ပေါ်ကို လွှတ်ထားပြီး သူ့မိန်းမကို အိမ်ပေါ်ထပ်တက်ပြီး သူ့ မိုဘိုင်းဖုန်းကို သွားယူပေးဖို့ ပြောခဲ့တယ်လို့ စုံစမ်း စစ်ဆေးသူ တွေက ပြောပါတယ်။

ဥဿရက ကြမ်းပြင်ပေါ်မှာ ခွေနေတဲ့မြွေကိုတွေ့လို့ လှမ်းအော်ပြော သတိပေးခဲ့တယ်လို့ သူ့မိခင်က ရဲတွေကို ပြောပြပါတယ်။ ဆိုရာ့ဂျ်က အိမ်ပေါ်ထပ်ကို တက်လာပြီး မြွေကို တုတ်နဲ့ ချောက်ဖမ်းကာ အိမ်ကနေ အပြင်ကို ထုတ်ယူသွားပါတယ်။ နောက်တော့ သူက မြွေကို ခုနပုံး ထဲကို ပြန်ထည့်လိုက်ပါတယ်။

မတ်လ ၂ ရက်နေ့ ညကျတော့ ဆိုရာ့ဂျ်က တခါပြန် ကြံစည်ပြန်ပါတယ်။ သူ့မိန်းမစားမယ့် ပူတင်းမုန့်ထဲ အိပ်ဆေးထည့်ပြီး မြွေပွေးကို သူမိန်းမအိပ်နေစဉ်မှာ အိပ်ခန်းထဲထည့် လိုက်ပါ တယ်။

အဲဒီအခါမှာတော့ မြွေက ကိုက်ခဲ့ပါတယ်လို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ မြွေက သူ့ရဲ့ ခြေထောက်ကို ကိုက်ခဲ့ပြီးတဲ့နောက် ဥဿရဟာ နာကျင်လန့်နိုးလာပြီး ကြောက်လန့်တကြား အော်ဟစ်ခဲ့ပါတယ်။ ဆိုရာ့ဂျ် ရောက်လာပြီး မြွေကို တုတ်နဲ့ကော်၊ ပြတင်းပေါက် ကနေ လွှတ်ထုတ်ပစ်လိုက်ပါတယ်။

“ကရာလာပြည်နယ်မှာ မြွေကိုက်တာက ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာပါ၊ မြွေနဲ့ လူသတ်ဖို့ ကြံစည်မယ်ဆိုတာကို ကျွန်တော်တို့ တွေးမထားမိပါဘူး”လို့ ဥဿရရဲ့ ဖခင်ဖြစ်သူ ဗီဂျာယာဆန်နန် ဗီဒရာဟာရန်က ပြောပါတယ်။ (အိန္ဒိယမှာ နှစ်စဉ် မြွေကိုက်ခံရလို့ လူပေါင်း ၆ သောင်း အသက်ဆုံးရှုံးလေ့ရှိပါတယ်။)

အဲဒီညက မြွေကိုက်ခံရတာကို ကုသပေးနိုင်တဲ့ ဆေးရုံလိုက်ရှာတာ အချိန် ၂ နာရီကျော် ကြာခဲ့ပါတယ်။ ဥဿရ ခန္ဓာကိုယ်ဟာ ရောင်ရမ်းလာပြီး သွေးတွေလည်း ယိုစီးထွက် လာပါတယ်။ အရေပြားအစားထိုး ကုသရတဲ့ ခွဲစိတ်မှု ၃ ခါလုပ်ခဲ့ရပြီးတဲ့နောက် သူဟာ ခိုလမ်မှာရှိတဲ့ သစ်ပင်တွေစိမ်းစိုနေတဲ့ သူ့မူရင်းရွာက သူ့မိဘတွေပိုင်တဲ့ အိမ်မှာ အနားယူဖို့ ရောက်လာခဲ့ပါတယ်။

ဆိုရာ့ဂျ်က သူ့သားရယ်၊ သူ့မိဘတွေရယ်နဲ့အတူ ပသန်နမ်သီတာက သူ့အိမ်မှာပဲ နေပါတယ်၊ ဒါပေမဲ့ သူက နောက်ထပ်ကြံစည်ပြန်ပါတယ်။

“သူ့မိန်းမက ဆေးရုံတက်နေရတုန်း ဆိုရာ့ဂျ်က အင်တာနက်မှာမွှေနှောက်ပြီး မြွေတွေကို ဘယ်လိုကိုင်တွယ်ရတယ်၊ မြွေဆိပ်တွေက ဘယ်လိုမျိုးလဲ ဆိုတာကို လေ့လာပါတယ်”လို့ စုံစမ်းစစ်ဆေးသူတွေထဲက တယောက်ဖြစ်တဲ့ အန်နု ခရှစ်နာက ပြောပါတယ်။

ဆိုရာ့ဂျ်ဟာ ၂၀၁၉ ခုနှစ်အတွင်း သူ့ရဲ့သား ဒရူဗ်မွေးဖွားလာချိန်ကတည်းက သူ့မိန်းမကို သတ်ဖို့လုပ်လာခဲ့တာလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။သူ အင်တာနက်မှာ ရှာဖွေကြည့်တာတွေရဲ့ သမိုင်းကိုပြန်ကြည့်ရင် အဆိပ်ရှိတဲ့မြွေတွေကို ရှာတာတွေ့ရသလို ယူကျု (YouTube) မှာ နာမည်ကျော် မြွေအလမ္ပာယ်ဆရာ တယောက်က တင်ထားတဲ့ ဗီဒီယိုလိုင်းကိုကြည့်တာအပါအဝင် မြွေအကြောင်း ဗီဒီယိုတွေကို သူကြည့်ပါတယ်။ အဲဒီ မြွေသမားရဲ့ အကျော်ကြားဆုံးဗီဒီယိုထဲက တခုက “အန္တရာယ်များပြီး ရန်လိုတတ်တဲ့ ရပ်ဆဲလ် မြွေပွေး”အကြောင်းပါ။

သူ့မိန်းမဟာ “မြွေနဂါးရဲ့ ကျိန်စာမိနေတာ”ဆိုတဲ့ စိတ်ကူးအတွေးကို အမြဲပြောတတ်တယ်၊ နောက်ပြီးအဲဒီစိတ်ကူးအရ သူမိန်းမဟာ “မြွေကိုက်ခံရပြီး သေဆုံးသွားဖို့ ရည်ရွယ်”ထား တာလို့ ဆိုရာ့ဂျ်က သူ့မိတ်ဆွေတွေကို ပြောလေ့ရှိတယ်ဆိုတဲ့ သတင်းလည်း ထွက်ခဲ့ပါတယ်။

တကယ်မှာတော့ ဆိုရာ့ဂျ်ဟာ မိန်းမကို သတ်ဖို့၊ မိန်းမရဲ့ငွေတွေကို ယူဖို့၊ နောက်မိန်းမ တယောက်ယူဖို့ ပိုင်းဖြတ်ထားပြီးသားပါလို့ စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။

“သူဟာ အသေအချာ အစီအစဉ်ချလုပ်ကြံခဲ့ပြီး တတိယအကြိမ်မှာ အောင်မြင်သွားတာ”လို့ ဒီအမှုကို ဦးဆောင်စုံစမ်းစစ်ဆေးခဲ့တဲ့ ရဲအရာရှိ အက်ပူကွတ်တန် အရွှတ်ခ် က ပြောပါတယ်။

တရားလိုအကျိုးဆောင်ရှေ့နေ မိုဟန်ဂျပ် ဂိုပါလာခရှစ်ရှ်နန်က ဒီအမှုဟာ “တိရစ္ဆာန် တကောင်ကို လူသတ်လက်နက်အဖြစ် အသုံးပြုခဲ့တာကို သေသေချာချာ သက်သေပြနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံက ရဲစုံစမ်းထောက်လှမ်းမှုတွေမှာ မှတ်ကျောက်တင်ရမယ့်အမှုဖြစ်တယ်”လို့ မှတ်ချက်ချပါတယ်။

ဆိုရာ့ဂျ်ဟာ ရာဇဝတ်မှုတွေအတွက် ရှားရှားပါးပါး ပြစ်ဒဏ်ဖြစ်တဲ့ ထောင်ဒဏ် ၂ သက် ချခံရ ပါတယ်။ ဂိုပါလာခရှစ်ရှ်နန်ရဲ့ အဆိုအရ အဲဒီလူဟာ နောင်တရ ဝမ်းနည်းသွားတဲ့ပုံ မတွေ့ရဘူး လို့ သိရပါတယ်။

BBC