■တရုတ်အစိုးရက ကုမ္ပဏီများနှင့်တက္ကသိုလ်များမှတစ်ဆင့် အရေးကြီးသောအချက်အလက်များကိုရယူနေ

■တရုတ်အစိုးရက ကုမ္ပဏီများနှင့်တက္ကသိုလ်များမှတစ်ဆင့် အရေးကြီးသောအချက်အလက်များကိုရယူနေ

အမေရိကန်တာဝန်ရှိသူများက ဉာဏ်ရည်တု၊ဇီဝနည်းပညာနှင့် ကွမ်တမ်တွက်ချက်ခြင်းကဲ့သို့ အဓိကထွန်းသစ်စနည်းပညာများတွင် တရုတ်အဖွဲ့အစည်းများနှင့် အလုပ်လုပ်ရခြင်း၏ အန္တရာယ်များကို ကုမ္ပဏီများနှင့်တက္ကသိုလ်များအား သတိပေးခဲ့သည် ။
အမေရိကန်တန်ပြန်ထောက်လှမ်းရေးအရာရှိများသည် တရုတ်အဖွဲ့အစည်းများနှင့်အလုပ်လုပ်ရမည့် အန္တရာယ်များနှင့်ပတ်သက်၍ ကုမ္ပဏီများအား သတိကြီးကြီးထားရန် ပူးပေါင်း တွန်းအားပေးမှု စတင်ခဲ့ကြောင်းThe Washington Post မှ အမျိုးသားလုံခြုံရေးသတင်းထောက် အယ်လန်နာကာရှီးမားက ပြောသည်။

သက်ဆိုင်ရာ လုပ်ငန်းများနှင့် သုတေသီများက တရုတ်အဖွဲ့အစည်းများနှင့် ဆက်ဆံမှုအားလုံး ဖြတ်တောက်ခြင်းကို တာဝန်ရှိသူများက တိုက်တွန်းအားပေးမည်မဟုတ်သော်လည်း တရုတ်အစိုးရသည် အဆိုပါ နယ်ပယ်များကိုကြီးစိုးရန် နိုင်ငံအဆင့် အစီအစဉ်အပြည့်အဝရှိကြောင်းကို ပြည်သူများအနေဖြင့် နားလည်စေချင်သည်ဟု အလေးထားပြောခဲ့သည်။

တရုတ်၏ မဟာဗျူဟာတွင် ဆိုက်ဘာတိုက်ခိုက်ခြင်းနှင့် အခြားတရားမဝင်သော လုပ်ရပ်များဖြင့်သာမက စိုးရိမ်ဖွယ်ရာအန္တရာယ်ဟု စီးပွားရေးလုပ်ငန်းများနှင့်သုတေသီများက သတိမထားမိစေနိုင်သည့် ဝယ်ယူမှုများ၊ရင်းနှီးမြှုပ်နှံမှုများနှင့်အစုစပ်ပြုလုပ်မှုများစသည့် တရားဝင်သောနည်းနည်းလမ်းများဖြင့်လည်း အချက်အလက်နှင့် ကျွမ်းကျင်မှုများကို ရယူနေခြင်းများပါဝင်သည်ဟု အမျိုးသားတန်ပြန် ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာမှထိပ်တန်းအရာရှိများက နာကာရှီးမားကိုပြောကြားခဲ့သည်။

“ဒီနည်းပညာတွေအများကြီးနဲ့ဆို အန္တရာယ်အများကြီးရှိတယ်လို့ ကျွန်တော်တို့ ယူဆပါတယ်”ဟု အမျိုးသားထောက်လှမ်းရေးညွှန်ကြားရေးမှူးရုံးလက်အောက်ရှိ အမျိုးသားတန်ပြန်ထောက်လှမ်းရေးနှင့် လုံခြုံရေးစင်တာ (NCSC) ၏ခေတ္တညွှန်ကြားရေးမှူးမိုက်အော်လန်ဒိုကပြောကြားခဲ့သည်။
“ဒီနယ်ပယ်မှာ အသာစီးရမှုကို ဆုံးရှုံးသွားရင် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ်ကနေ ယုတ်လျော့ သွားနိုင်တယ်။ ဒေါ်လာဘီလျံပေါင်းများစွာတန်တဲ့ အမေရိကန်နည်းပညာတွေကို တရုတ်အစိုးရကပစ်မှတ်ထားနေပါတယ်” ဟုမိုက်အော်လန်ဒိုကဆိုသည်။
တရုတ်သမ္မတရှီကျင့်ဖျင်သည်တိုင်းပြည်အနေဖြင့် ကိုယ့်ကိုယ်ကိုယ် အားကိုးနိုင်မှုကိုသေချာစေမည့် တိုးတက်မှုများပြုလုပ်ရန် သိပ္ပံပညာရှင်များအား အကြိမ်ကြိမ်တိုက်တွန်းခဲ့သည်။

အထူးသဖြင့် တရုတ် လှုပ်ရှားနေသော အခြားနယ်ပယ်များမှာ တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသောစနစ်များဖြစ်ကြောင်း တာဝန်ရှိသူများက အောက်တိုဘာ ၂၁ ရက် သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကိုပြောသည်။
ဥပမာ တရုတ်နိုင်ငံသည် အနောက်တိုင်းတစ်ပိုင်းလျှပ်ကူးပစ္စည်းကုမ္ပဏီများကိုဝယ်ယူရန် အားသွန်ခွန်စိုက် ကြိုးပမ်းနေသည်ဟု အော်လန်ဒိုကပြောကြားခဲ့သည်။

တရုတ်သည်ရောဂါကုထုံးများကို ဖန်တီးရန်နှင့် လူများတွင်မျိုးရိုးဗီဇဆိုင်ရာ အားနည်းချက်များအား ဖော်ထုတ်နိုင်သောဗီဇနည်းပညာကိုလည်း ပစ်မှတ်ထားနေကြောင်း ထွန်းသစ်စနှင့် အဟန့်အတားဖြစ်စေသောနည်းပညာများဆိုင်ရာ အမျိုးသားတန်ပြန်ထောက်လှမ်းရေးအရာရှိ အက်ဒဝပ်ယူကနာကာရှီးမားကိုပြောကြားခဲ့သည်။

By Zee News 25 October 2021
crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။