ဥတုရာသီပြဿနာကို နိုင်ငံခြားရေးရာ ဦးစားပေးမူဝါဒ အဖြစ် ကန် ထပ်မံအတည်ပြု

ဥတုရာသီ ပြဿနာကို နိုင်ငံခြားရေးရာ ဦးစားပေးမူဝါဒ အဖြစ် ကန် ထပ်မံအတည်ပြု
အမေရိကန် သမ္မတ အိမ်ဖြူတော်က ဦးဆောင် ကျင်းပမယ့် ရာသီဥတု ပြောင်းလဲမှု ဆိုင်ရာ ထိပ်သီး ညီလာခံကို ဒီသီတင်းပတ် အတွင်းကျင်းပဖို့ ရှိနေချိန်မှာဘဲ ရာသီ ဥတု ပြောင်းလဲမှုကို တိုက်ဖျက်ရေးကို ထိပ်တန်း ဦးစားပေး နိုင်ငံခြားရေး မူဝါဒ တခု အဖြစ် ထားရှိကြောင်း အမေရိကန် အစိုးရက အခိုင်အမာ ထပ်မံ ပြောကြားပါတယ်။

ပြန်ပြည့်မြဲ စွမ်းအင် အပြောင်းအလဲ တရပ်ကို ဖော်ဆောင်နိုင်ရေးလည်း အမေရိကန် ပြည်ထောင်စုက ရည်မှန်းထားတာပါ။ ရာသီဥတု ပြောင်းလဲမှု အရေး အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Antony Blinken က တနလာၤနေ့မှာဘဲ မယ်ရီလန်းပြည်နယ် Annapolis က Chesapeake Bay Foundation မှာ မိန့်ခွန်း ပြောကြားခဲ့ပါတယ်။

“ပြန်ပြည့်မြဲ စွမ်းအင် ပြောင်းလဲမှုမှာ အမေရိကန် ပြည်ထောင်စုက ဦးဆောင်နိုင်မှု မရှိဘူးဆိုရင် တရုတ်နဲ့ ရေရှည် မဟာဗျူဟာ ပြိုင်ဆိုင်မှုမှာ အမေရိကန် အသာစီးရရေး မျှော်မှန်းဖို့ ခက်ခဲပါလိမ့်မယ်။ အခုဆိုရင် အမေရိကန်တွေ နောက်ကျနေပါပြီ။ တရုတ်ဟာ ဆိုလာပြားတွေ၊ လေထုကနေ စွမ်းအင်ထုတ်တဲ့ တာဘိုင်တွေ၊ ဘက်ထရီတွေနဲ့ လျှပ်စစ် ကားတွေ ထုတ်လုပ်မှုနဲ့ တင်ပို့ ရောင်းချမှု အများဆုံး ဖြစ်ပါတယ်။

ကမ္ဘာမှာ ကြုံတွေ့နေရတဲ့ ရာသီဥတု ပြောင်းလဲမှု အရေးကို အမေရိကန်တွေဘက်က ဦးဆောင်ပြီး မလုပ်နိုင်ရင် ကမ္ဘာ့ ရာသီဥတု အရေး အနာဂတ်ကို အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ စံတန်ဖိုးတွေကို ထင်ဟပ် ပုံဖော်ခွင့် ဆုံးရှုံးသွားမှာ ဖြစ်သလို အမေရိကန် ပြည်သူတွေ အတွက် အလုပ်အကိုင်ပေါင်း များစွာ ဆုံးရှုံးရမယ်” လို့လည်း နိုင်ငံခြားရေး ဝန်ကြီးက မိန့်ခွန်းမှာ ထည့်သွင်း ပြောဆိုပါတယ်။

ရာသီဥတု ပြောင်းလဲမှု အရေးဆိုင်ရာ ကမ္ဘာ့ခေါင်းဆောင်များ ညီလာခံကိုတော့ လာမယ့် ဧပြီလ ၂၂ ရက်နဲ့ ၂၃ ရက်တို့မှာ အွန်လိုင်းကနေ တွေ့ဆုံ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ တရုတ်ရဲ့ Xinjiang နဲ့ ဟောင်ကောင် အရေး၊ ထိုင်ဝမ် အရေး၊ တောင်တရုတ် ပင်လယ်ပြင် အရေး၊ နောက် အမေရိကန်ရဲ့ မဟာမိတ်တွေကို တရုတ်က စီးပွားရေးမှာ နိုင်ထက်စီးနင်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်ကြား မပြေမလည် ဖြစ်နေပေမယ့်လည်း ရာသီဥတု ပြောင်းလဲမှု အရေးမှာ တရုတ် အစိုးရနဲ့ အတူ ဆောင်ရွက်ဖို့ ပြင်ဆင်ထားကြောင်း အမေရိကန်ဘက်က ပြောပါတယ်။

credit – VOA