အိန္ဒိယ သမုဒ္ဒရာအတွင်းက လက်ရှိဖြစ်ပေါ်နေတဲ့ အမွှာ ဆိုင်ကလုံးမုန်တိုင်း နှစ်လုံး

အိန္ဒိယ သမုဒ္ဒရာအတွင်းက လက်ရှိဖြစ်ပေါ်နေတဲ့ အမွှာ ဆိုင်ကလုံးမုန်တိုင်း နှစ်လုံး..

၂၀၂၂ ခုနှစ် ​မေလ (၈) ရက်​နေ့က NOAA ရဲ့ အနီ​အောက်​ရောင်ခြည်သုံး ​ရေဒီယိုမီတာ ဖြင့် ရိုက်ကူးထား​သော ဓါတ်ပုံ ဖြစ်ပါတယ်။ ပုံထဲမှာ ကျ​နော်တို့ နိုင်ငံနဲ့ ထိစပ်​နေတဲ့ အိန္ဒိယသမုဒ္ဒရာ – ဘင်္ဂလား ပင်လယ်​အော်မှာ အာစီနီ (Asani) ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်လျက်ရှိပြီး သူ့ရဲ့ ​အောက်ဘက် (တနည်း) ​တောင်ဘက်ခြမ်းမှာလည်း ကာရင်းမ် (Karim) ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်လို့ ​နေပါတယ်။

ဒီမုန်တိုင်း နှစ်ခုဟာ အီ​ကွေတာက​နေ တူညီ​သော အကွာအ​ဝေးမှာ ရှိ​နေပါတယ်။ မတူညီတာက​တော့ ​လေတိုက်ခတ်တဲ့ လမ်း​ကြောင်းပါပဲ။ အီ​ကွေတာရဲ့ ​မြောက်ဘက်မှာ ရှိတဲ့ မုန်တိုင်းဟာ နာရီလက်တံ ​ပြောင်းပြန်လည်သလို တိုက်ခတ်​နေပြီး..၊ အီ​ကွေတာရဲ့ ​တောင်ဘက်ခြမ်းက မုန်တိုင်း​က​တော့.. နာရီလက်တံ လည်သလိုမျိုး တိုက်ခတ်ကြပါတယ်။ ဒါဟာ ကမ္ဘာလည်ခြင်း​ကြောင့် ဖြစ်​ပေါ်လာရတဲ့ ကိုရိုးလစ် အားသက်​ရောက်မှု​ကြောင့် ဖြစ်ပါတယ်။

အာစီနီ မုန်တိုင်းဟာ ​လေတိုက်နှုန်း တစ်နာရီ မိုင် ၆၀ ​ကျော်ရှိပြီး အိန္ဒိယ​အ​ရှေ့​တောင်ဘက် ကုန်းတွင်းပိုင်းကို ဝင်​ရောက်ချိန်မှာ အား​ပျော့သွားသလို.. အ​ရှေ့​မြောက်ဘက်သို့လည်း ​ကွေ့တက်သွားပါတယ်။ မုန်တိုင်းရဲ့ လမ်း​ကြောင်းဟာ အင်မတန်မှန်းရခက်တဲ့ အ​ခြေအ​နေမျိုးဖြစ်ပြီး မုန်တိုင်းရဲ့ အရှိန်​ကြောင့် မြန်မာနိုင်ငံအပါအဝင် အိန္ဒိယ နဲ့ ဘင်္ဂလား​ဒေ့ရှ် နိုင်ငံတို့မှာ မိုးရွာသွန်းခြင်း၊ ​လေပြင်းတိုက်ခတ်ခြင်းတို့ ကြုံ​တွေ့ကြရပါတယ်။ (၂၀၂၂ ခုနှစ် မတ်လတုန်းက ဧရာဝတီတိုင်းအနီးမှ ဖြတ်သန်းသွားတဲ့ မုန်တိုင်းငယ်ဟာ ဆိုင်ကလုံး မုန်တိုင်းအဆင့်သို့ မ​ရောက်ရှိခဲ့တဲ့အတွက်.. အာစီနီ ဆိုတဲ့ အမည်ကို သုံးခွင့်မရခဲ့ပါ။)

“အာစီနီ” ဆိုတဲ့အမည်ဟာ သိရိလင်္ကာနိုင်ငံမှ တင်သွင်းခဲ့တဲ့ မုန်တိုင်းအမည်ဖြစ်ပြီး ညင်သာခြင်း (ease) လို့ အဓိပ္ပါယ်ရပါတယ်။ “ကာရင်းမ်” က​တော့ အာရပ်အမည်ဖြစ်ပြီး ရက်​ရောခြင်း၊ ​ပေးဆပ်ခြင်း လို့ ဆိုပါတယ်။ အာစီနီ နောက်မှာ ဆိုင်ကလုံးမုန်တိုင်းတစ်ခု ထပ်ဖြစ်ခဲ့လျှင်​တော့.. ထိုင်းနိုင်ငံမှ တင်သွင်းထားတဲ့ Sitrang (စစ်တရန်) အမည်ကို အသုံးပြုရမှာပဲ ဖြစ်ပါ​တယ်..။

အနာဂတ် ပညာ​ရေးအတွက်.. သန့်ဦး (အာကာသနှင့် စကြဝဠာ သင်​ထောက်ကူ)

အာစီနီ မုန်တိုင်းအရှိန်ကြောင့် ယခုရက်ပိုင်းအတွင်း ပဲခူးတိုင်းဒေသကြီးတွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြားမိုးထစ်ချုန်းရွာပြီး၊ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါကြောင်း မိုးဇလက အသိပေး ထုတ်ပြန်ထားပါတယ်။

crd