အိန္ဒိယရေတပ် ရေငုပ်သင်္ဘောသစ်တစ်စီး တပ်တော်ဝင်ပြုလုပ်

အိန္ဒိယရေတပ် ရေငုပ်သင်္ဘောသစ်တစ်စီး တပ်တော်ဝင်ပြုလုပ်
အိန္ဒိယရေတပ်သည် Scorpene class ကိုယ်ပျောက်ရေငုပ်သင်္ဘောတတိယအစီး INS Karanj (S23) အား မနေ့ကပဲ Naval Dockyard, Mumbai မှာ တပ်တော်ဝင်ပြုလုပ်ခဲ့ပါတယ်။ အဆိုပါအခမ်းအနားသို့ မူလစစ်ရေယာဉ်ဟောင်း၏ တပ်တော်ဝင်အရာရှိအဖြစ်သာမက ၁၉၇၁ခုနစ် စစ်ပွဲအတွင်း အဆိုပါစစ်ရေယာဉ်၏ စစ်ရေယာဉ်မှူးဖြစ်ခဲ့သူ ရေတပ်ဦးစီးချုပ်(ငြိမ်း) Admiral VS Shekhawat PVSM, AVSM, VrC (Retd) က အထူးဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ပါတယ်။

ထို့အပြင် လက်ရှိရေတပ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ အရာရှိကြီးများနဲ့ ၂၀၀၃ ခုနစ်တွင် တပ်တော်ဝင်ဖျက်သိမ်းခဲ့သည့် ရုရှားလုပ် Foxtrot Class မူလစစ်ရေယာဉ်ဟောင်း INS Karanj (S21) မှ တပ်တော်ဝင်အရာရှိ/စစ်သည်များလည်း တက်ရောက်ခဲ့ကြပါတယ်။ အိန္ဒိယအနေနဲ့ အဆိုပါ Scorpene Class ရေငုပ်သင်္ဘော ၆ စီးအား ပြင်သစ်နိုင်ငံနဲ့ ပူးပေါင်းတည်ဆောက်နေတာဖြစ်ပါတယ်။


ယခုတပ်တော်ဝင်သည့် INS Karanj အား အနောက်ဘက်ရေတပ်စခန်းဌာနချုပ်အင်အားအဖြစ် အသုံးပြုသွားမှာဖြစ်ပါတယ်။ ထူးခြားချက်ကတော့ အဆိုပါ Karanj ဟူသောအမည်ရ စစ်ရေယာဉ်သည် သမိုင်းတလျောက် နာမည်ကောင်းများဖြင့် ကျော်ကြားခဲ့ပါတယ်။ စစ်ပွဲအတွင်း အရာရှိ/စစ်သည်များအနေနဲ့ ဒုတိယအမြင့်ဆုံး စွမ်းရည်သတ္တိဆိုင်ရာဘွဲ့တံဆိပ်များရရှိကြရုံသာမက တပ်တော်ဝင်စစ်ရေယာဉ်မှူးဟောင်းဖြစ်သည့် Capt MNR Samant, MVC သည် ဘင်္ဂလားဒေ့ရှ်ရေတပ်ဖွဲ့စည်းစတွင် ပထမဆုံးရေတပ်ဦးစီးချုပ်တာဝန်အား ထမ်းဆောင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိ INS Karanj (S23)၏ တပ်တော်ဝင်စစ်ရေယာဉ်မှူးကတော့ Capt Gaurav Mehta ပဲ ဖြစ်ပါတယ်။ ၄င်းအရာရှိဟာ ၄င်း၏ရေတပ်ဘဝတလျောက်တွင် ထူးချွန်ခဲ့သူလည်းဖြစ်ပါတယ်။ ဗိုလ်လောင်းဘဝတွင် ရေတပ်ဦးစီးချုပ်မှပေးအပ်သည့်ဆု၊ Sea Cadet ဘဝတွင် အကောင်းဆုံးဗိုလ်လောင်းဆု၊ အခြေခံရေငုပ်သင်္ဘောသင်တန်းတွင် အကောင်းဆုံးကျောင်းသားဆုများရရှိခဲ့ပြီး Sindhughosh Class နဲ့ Shishumar Class ရေငုပ်သင်္ဘောများတွင် အရာရှိတာဝန်များ၊ INS Kalvari တွင် ဒုစစ်ရေယာဉ်မှူး၊ စစ်ရေယာဉ်မှူးတာဝန်များအား အဆင့်ဆင့် ထမ်းဆောင်ခဲ့ကာ ယခုကဲ့သို့ INS Karanj ၏ တပ်တော်ဝင်စစ်ရေယာဉ်မှူး ဖြစ်လာခဲ့တယ်လို့ သိရပါတယ်

Credit – Expand Your Knowledge