အမေရိကန်နဲ့ တရုတ်တို့ အလက်စကာပြည်နယ်မှာဆွေးနွေးပွဲ

အမေရိကန်နဲ့ တရုတ်တို့ အလက်စကာပြည်နယ်မှာဆွေးနွေးပွဲ။အမေရိကန်ဘက်က နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့တက်ရောက်တယ်။တရုတ်ဘက်က နိုင်ငံခြားရေးဝန်ကြီး Wang Yiနဲ့ နိုင်ငံခြားရေးကော်မစ်ရှင်ဒါရိုက်တာ Yang Jiechi တို့တက်ရောက်တယ်။အမေရိကန်က Xinjiang ဒေသက Uyghur တွေအပေါ်တရုတ်ရဲ့လုပ်ရပ်တွေအပါအဝင် တကမ္ဘာလုံးမှာ တရုတ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး အလွန်ကိုစိုးရိမ်နေကြောင်း ပြောတယ်။

ဟောင်ကောင်နဲ့ ထိုင်ဝမ်အပေါ်လုပ်ရပ်တွေ၊ အမေရိကန်ကိုဆိုက်ဘာတိုက်ခိုက်မှုတွေ၊ မဟာမိတ်တွေကိုစီးပွားရေးအရအကျပ်ကိုင်တဲ့လုပ်ရပ်တွေကို ပြောတယ်။”ကျနော်တို့က ကျနော်တို့လူ၊ ကျနော်တို့သူငယ်ချင်းတွေဘက်က အမြဲရပ်တည်တဲ့မူအတိုင်းသွားမယ်လို့ပြောတယ်။”အစည်းအဝေးမှာသဘောတူညီထားတာက (၂) မိနစ်စာမိန့်ခွန်းစကားပဲပြောရမယ်လို့ သဘောတူညီထားတာ။တရုတ်ဘက်က Yang Yi က လန်ဘားကျောက်တံတားအရည်မရအဖတ်မရတွေကို (၁၅) မိနစ်ကြာ နတ်သံချီဇာတ်သံနှောပြီးပြောတယ်။

အမေရိကန်မှာ ဒီမိုကရေစီအရေးပြဿနာတက်နေတာတဲ့၊ လူနည်းစုတွေကိုအခွင့်အရေးမပေးဘူးတဲ့၊ တရုတ်ပြည်တွင်းရေးကိုဝင်စွက်ဖက်တာကို သည်းမခံဘူးလို့ ခြိမ်းခြောက်တယ်။ဟောင်ကောင်၊ ထိုင်ဝမ်ကိစ္စက သူပိုင်တဲ့နေရာတဲ့ ဝင်မပါနဲ့တဲ့။ဟွာဝေးပိုင်ရှင်သမီးကိစ္စနဲ့ ကနေဒါလူမျိုးနှစ်ယောက်ကို စပိုင်ဆိုပြီးဖမ်းထားတဲ့ကိစ္စကိုထည့်ပြောတယ်။တရုတ်ကအမေရိကန်ကို စစ်အေးစစ်ပွဲစိတ်ဓာတ်ကိုစွန့်လွှတ်ဖို့နဲ့ သူသာတယ်ကိုယ်နာတယ်ဆိုတဲ့ အယူအဆတွေကို စွန့်လွှတ်တဲ့။ကွန်မြူနစ်ကတော့ လေလုံးကြီးကြီးနဲ့ ဖိပြောတတ်တာသူ့အကျင့်ပဲ။

အမေရိကန်ဘက်ကတိုတယ်၊ ရှင်းတယ်၊ အမေရိကန်စတိုင်ပြောတယ်။အမေရိကန်ဘက်ကတရုတ်ကို မြောက်ကိုရီးယားကိုနူကလီးယားစွန့်ဖို့ ဖျောင်းဖျစေချင်တယ်။တိုတိုပဲပြောရရင် မြန်မာအကြောင်းတော့မပါဘူး။ ကျနော်လည်းပါမယ်လို့မမျှော်လင့်ခဲ့ဘူး။ ပါမယ်လို့ ပြောတဲ့သူတွေကပြောခဲ့တာကို အံ့ဩနေတာ။အမေရိကန်ကလက်ပူးလက်ကြပ်ကိုင်မပြနိုင်တာကို ဘယ်တော့မှမပြောဘူး။ မြန်မာ့လက်ရှိအရေးမှာတရုတ်ကတိုက်ရိုက်ပတ်သက်နေပါတယ်လို့ လက်ပူးလက်ကြပ်မှချမပြနိုင်ပဲ ထည့်ပြောရင်သူကွဲသွားမှာပေါ့။

ဒါကရပ်ကွက်အတွင်းစကားပြောတဲ့အဆင့်မဟုတ်ဘူး။ ထိပ်သီးစည်းဝေးပွဲအဆင့်မို့ ဖိပြောစရာတွေကိုသာအဓိကပြောသွားတယ်။အမေရိကန်ကဘာမက်ဆေ့ပေးချင်တာလဲဆိုတော့ …တရုတ်ကိုလုပ်ချင်တာလုပ်နေတာအမေရိကန်ကလွှတ်ထားမှာမဟုတ်ဘူးလို့ပြောချင်တာ။နိုင်ငံတွေကိုစီးပွားရေးအရဝင်လွှမ်းမိုးချုပ်ကိုင်ပြီး အကျပ်ကိုင်ခြယ်လှယ်တာမျိုးမလုပ်ဖို့ သတိပေးတာ။သဘောကငါတို့က မင်းတို့အပေါ်မှာမူဝါဒတင်းတင်းထားတယ်ဆိုတာ မျက်နှာချင်းဆိုင်ခေါ်ပြောတာ။တရုတ်က ဘာပြောသလဲဆိုတော့ အခုဆွေးနွေးပွဲဟာ မဟာဗျူဟာမြောက်ဆွေးနွေးပွဲတဲ့။အမေရိကန်ကပယ်ချလိုက်တယ်။ သူ့ဟာသူပြောချင်တာတွေ တဖက်သက်လာပြောတဲ့ပွဲမို့လို့ ဆွေးနွေးပွဲတောင်မမည်ဘူး one-off session တဲ့။

အဓိကကအမေရိကန်က မျက်နှာချင်းဆိုင်လူခြင်းတွေ့ပြီး ပြောသင့်တာကိုပြောတယ်။ ညှိလို့ရမလားလို့ခေါ်စကားပြောတာဖြစ်ပါတယ်။အမေရိကန်က ညှိမရရင်ဘာလုပ်မယ်ဆိုတာ မူဝါဒရှိပြီးသားပါ။ ဆက်လက်စောင့်ကြည့်ရုံသာဖြစ်ပါတယ်။ဘိုင်ဒင်အစိုးရဟာထရမ့်လိုလေသိပ်မများပဲ အက်ရှင်ပိုလုပ်တာတွေ့ရပါတယ်။အစိုးရစတက်တာနဲ့ Quad ကိုတွန်းလုပ်တာ၊ အာရှဒေသကိုခရီးအရင်ထွက်ပြီး မဟာမိတ်ဖွဲ့တာတွေကို ကြည့်ခြင်းဖြင့်သိနိုင်ပါတယ်။

Richard Myo Thant