“အတုတွေနဲ့ ဟန်ကျနေတဲ့ တိုင်းပြည်” – သူများတွေ ဘယ်လိုလုပ်စားနေကြလဲ အတုယူကြပါ ရွှေမြန်မာတို့

“အတုတွေနဲ့ ဟန်ကျနေတဲ့ တိုင်းပြည်”
ထိုင်းနိုင်ငံမှာ မက်ခလောင်ရထားဈေး (Maeklong Railways Market) ဆိုတာ နာမည်ကြီးပြီး ကမ္ဘာလှည့်ခရီးသွားတို့ စိတ်ဝင်စားကြတဲ့ လည်ပါတ်စရာ နေရာတစ်ခုပါ။ ဘန်ကောက်ကနေ ကားနဲ့ဆို (မက်ခလောင်) ကို တစ်နာရီသာသာလောက်သွားရပါတယ်၊ တကယ်က (မက်ခလောင်) ဈေးဟာ ဈေးရုံအကြီးကြီး ရှိပြီးသားပါ။ ဒီဈေးရုံကြီးမဆောက်ခင်က ဈေးသည်တွေဟာ (မက်ခလောင်) ဘူတာမရောက်ခင် မီးရထားသံလမ်းပေါ်မှာ ပျံကျ ဈေးအဖြစ် ဈေးရောင်းခဲ့ကြတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံက ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းရှင်တွေက ဈေးအလယ်ခေါင် မီးရထားဖြတ်ချိန် ဒီပျံကျဈေးကဈေးသည်တွေ ယောက်ယက် ခတ်သိမ်းဆည်းကြနဲ့ သံလမ်းဘေးဈေး ရောင်းကြဝယ်ကြပုံဓလေ့ကို (tourist attraction) ခရီးသွားဧည့်ဆွဲဆောင်မှုတခုအဖြစ် ပုံဖော်ခဲ့ကြပြီး ပြစားတာသာ ဖြစ်ပါတယ်။
ပြကွက်ကတော့ ရုတ်တရက်ကြည့်ရင် ရထားလမ်းကို မမြင်ရလောက်အောင် ရထားလမ်းဘေးဈေးသည်တွေက ရထားလမ်းပေါ်မှာ ဈေးဘန်းတွေချပြီး ဈေးရောင်းနေကြတုန်း ဈေးထဲရထားဖြတ်ဝင်တော့မှာမို့ ဈေးဘန်းတွေရွှေ့ အမိုးတွေဖယ်နဲ့ သူတို့ရဲ့ ပစ္စည်းတွေကို ပျာရာခတ်ရွေ့ပြောင်းလိုက်အပြီးမှာ ဈေးကြားထဲရထားကြီး တဖြည်းဖြည်းခြင်း ဝင်လာတာပါ၊ ဒါကိုတအံ့တသြ tourist တွေက လာကြည့်ကြ ဓါတ်ပုံအလုအရက်ရိုက်ကြတာပေါ့၊ ဘန်ကောက် မြို့ အနီးအနားခရီးသွား (Bangkok Day Trip) အစီအစဥ်မှာ ထည့်သွင်း ရေးဆွဲထားလေ့ရှိတဲ့ အစီအစဥ်တစ်ခုပါတယ်။
မြန်မာပြည် မန္တလေးက သူရဲဈေးနဲ့ အလား သဏ္ဌာန်တူပြီး သူရဲဈေးက ပိုပြီးသဘာဝဆန်ပါတယ်၊ ဒါပေမဲ့ သူရဲဈေးကို သွားကြည့်ကြတဲ့ ကမ္ဘာလှည့်ခရီးသွား ဦးရေက အင်မတန် နည်းပြီး (မက်ခလောင်) ရထားဈေးကိုသွားတဲ့ ကမ္ဘာလှည့်ခရီးသည်က တနေ့ တနေ့ သောင်းကျော်ပါတယ်၊ ဘာကွာသွားပါလိမ့်? ကွာပါတယ် သူတို့ဆီက ဒီကိစ္စမှာဆို ထိုင်းနိုင်ငံ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းရှင်တွေရယ် မီးရထားဌာနရယ် စည်ပင်ဌာနရယ် အတိုင်အဖောက်ညီကြတယ်လေ၊ ဒါဟာ တိုင်းပြည်အတွက် ဝင်ငွေတိုးစေမဲ့ အစီအစဥ်ဖြစ်ပြီး ဒီအရပ်ကို ကမ္ဘာလှည့်ခရီးသွားတွေ လာရောက်မူ့ပိုမိုများပြားစေမယ် တိုးတက်စေမယ် ဆိုတဲ့ ဘုံနားလည်မှုကို ထားရှိကြလို့ပါ။
တကယ်တော့ ဒီဈေးသည်တွေအားလုံးအတွက် လုံလောက်မဲ့ဈေးရုံက အနားမှာတင် ဈေးသစ်ကြီးဆောက်ပြီးသားပါ၊ မလုံလောက်သေးရင်လဲ ထပ်တိုးချဲ့လို့ ရနိုင်ပါတယ်၊ ရထားကလဲ သူ့ရထားအသွားအလာ အနှောက်အယှက်ဖြစ်တယ်ဆိုပြီး မကန့်ကွက်တဲ့အပြင် ရထားပေါ်လဲလူသိပ်မပါ ပါ။ အရေးကြီးပြီး လူစီး များတဲ့ရထားလိုင်းမဟုတ်ပါ၊ ဒါပေမဲ့ တစ်နေ့ နှစ်ခေါက်သုံးခေါက် အဝင်အထွက်လုပ်ပေးနေတယ်၊ စည်ပင်ကလည်း ရထားသံလမ်းပေါ်သွားပြီး ဈေးမရောင်းရင်တောင် ဒါဏ်တပ်ဦးမယ်။
နောက် (Bangkok Day Trip) ခရီးစဥ်တစ်ခုက Tha Kha Floating Market ရေပေါ်ဈေးဖြစ်ပါတယ်၊ ရှေးအခါတုန်းက ဒီအရပ်မှာ အသီးအနှံတွေစိုက်ပျိုးပြီး ဘန်ကောက်မြို့တော်ကြီးကို ပို့နေတဲ့နေရာပါ၊ ကားလမ်းတွေမရှိခင်က ဘန် ကောက်အထိ တူးမြောင်းတွေဖောက်လုပ်ပြီး ရေလမ်းခရီးကနေ လှေတွေနဲ့ တင်ပို့ကြပါတယ်၊ အဲဒါကြောင့်လည်း အဲဒီ့နေရာမှာ တူးမြောင်းကြို တူမြောင်း ကြားလေးတွေရှိနေပါတယ်။
တူးမြောင်းတဖက်တချက် ရေစပ်မှာ လူနေအိမ်တွေရှိပြီး ဟိုတုန်းကတော့ ဟင်းသီးဟင်းရွက်တွေရောင်းကြဝယ်ကြနဲ့ ဘန်ကောက်မြို့ကိုပို့ကြတာပေါ့၊ တူးမြောင်းရိုး တလျှောက် လှေငယ်လေးတွေနဲ့ ဈေးလှည့်လယ်ရောင်းချ ကြတဲ့ဓလေ့ကို လှစ်ဟပြလိုတာပါ၊ ဒီကနေ့အချိန်မှာတော့ Bangkok Floating Market လို့အမည်ပေးပြီး နိုင်ငံခြားခရီးသည်ကို စိတ်ဝင်စားအောင် ပြစားနေတာပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ဆီက အင်းလေးဒေသရဲ့ ရေပေါ်ဈေးနဲ့ကတော့ ဆီနဲ့ရေပါ၊ ဒါပေမဲ့ သူတို့က တနေ့တနေ့ ကမ္ဘာလှည့် ခရီးသည် နှစ်သောင်းမက လာလည်အောင် လုပ်နိုင်ကြတယ်၊ လှေလေးတွေနဲ့ ဈေးရောင်းကြတာကလဲ ဟန်ပြပဲဖြစ်ပါတယ်၊ TAT (ထိုင်းကမ္ဘာလှည့်ခရီးသည် အာဏာပိုင်အဖွဲ့) ရဲ့ ထောက်ပံ့မှုကို ယူထားကြတာပါ၊ မရောင်းရ မမြတ်ကြလဲ အရေးမကြီးပါ၊ မြောင်းကြားတွေမှာ လှေလိုက်စီးရင်း ကမ်းဘေးမှာဈေးဝယ်စရာ ဆိုင်လေးတွေရှိပါတယ်၊ ပစ္စည်းတွေက ထိုင်းရိုးရာလက်မှုထည်တွေလို့ ထင်ရပေမဲ့ တကယ်တော့ မြန်မာပြည် ရှမ်းပြည်ဖက်က လာတဲ့ လက်မှုပစ္စည်း တွေများပါတယ်။
ကျွန်တော်တို့နိုင်ငံက ထိုင်းနိုင်ငံထက် အသေအခြာသာလွန်တဲ့ ပကတိအခြေအနေတွေ ရှိနေပြီးသားပါ၊ တောင်ပေါ် ရထားလိုင်းတွေမှာ ရထားစီးပြီး သဘာဝ အင်းလေးကန်ကြီးကို သွားလည်ကြမလား ရတယ်၊ အင်မတန်ကျယ်ပြန့်တဲ့ အင်းလေးကန်ထဲမှာ ရေပေါ်ဈေးအစစ်တွေရှိတယ်၊ ရှိတာမှ တနေရာတည်း ထိုင်ရောင်းနေတဲ့ဈေးမျိုးမဟုတ်ဖူး၊ ငါးရက်တဈေးဆိုတဲ့ ရွေ့ရှားဈေးကြီးပေါ့၊
ဂုတ်ထိပ်တံတားလိုမျိုး အင်းလေးရဲ့သဘာဝလိုမျိုးကို အမြီးဖျား တောင်မီတဲ့ နေရာ သူတို့ဆီမှာမရှိဖူး၊ ခေတ်စကားနဲ့ပြောရရင် အားလုံး ”အင်” တွေချည်းပဲ၊ ချောင်းတွေကြားမှာ လှေစီးရင်း ကမ်းစပ် နေသူတွေရဲ့ လူနေမှုစရိုက်ဓလေ့တွေကို လေ့လာချင်ရင် ဧရာဝတီတိုင်းထဲမှာ တပုံကြီး ရှိပါတယ်၊ အားလုံးဟာ သူတို့ ထက်အဆပေါင်းများစွာ သာလွန်တဲ့သဘာဝစရိုက် ဓလေ့အစစ်အမှန် တွေကိုသာ တွေ့ရပါမယ်။
ဒါပေမဲ့ ကျွန်တော်တို့ဟာ ထိုင်းတွေနောက်မှာ အများကြီးကျန်ခဲ့ပြီဖြစ်ပါတယ်၊ အဓိက ကတော့ ကျွန်တော်တို့လူမျိုးတွေက လုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့နေရာမှာ organize မဖြစ်ကြဖူး၊ သူများအတွက် ချန်ထားပေးမယ် ဆိုတဲ့စိတ် မရှိဘူး၊ တဦးနဲ့တဦး ချိတ်ဆက်လုပ်ကိုင်မှု အားနည်းပြီး အားလုံးက လက်တဆုံးနှိုက်ချင်ကြတယ်။
သူကဒီအလုပ်လုပ်ရင် ငါကသူနဲ့ဆက်စပ်တဲ့လုပ်ငန်းမျိုးကို လုပ်မယ်လို့ စိတ်မကူးကြဘဲ သူလုပ်သလို ငါလိုက်လုပ်ရင် ငါလဲသူ့လိုအောင်မြင်မှာပဲဆိုတဲ့ ကိုယ်ပိုင်ဟန်မပါတဲ့ ကော်ပီကူးတဲ့ အလေ့အထစိတ်နဲ့ လုပ်ကြတာများတယ်၊ တိုင်းပြည်တိုးတက်ချင်ရင် အဲဒီ့လိုစိတ်တွေကိုအရင်ပြု ပြင်ကြပါလို့ ဆော်သြလိုက်ပါတယ်။ (Myint Soe)
Crd
Crd