အချစ်အတွက် ထီးနန်းကို စွန့်လွှတ်ခဲ့တဲ့ ဘုရင်ကြီး – What’s Today

အချစ်အတွက် ထီးနန်းကို စွန့်လွှတ်ခဲ့တဲ့သူကတော့ ဗြိတိန်နိုင်ငံက အဋ္ဌမအက်ဒွပ်ဘုရင် (၁၈၉၄-၁၉၇၂)ဖြစ်ပါတယ်။သူရဲ့ နာမည်အပြည့်အစုံမှာ အက်ဒွပ် အဲလဗတ် ခရစ် စတီယန်ဂျော့ အင်ဒရူးပက်ထရစ် ဒေးဗစ် (ED.Ward Albert Christian George Andrew Patrick David)ဟူ၍ ဖြစ်ပါတယ်။

အဋ္ဌမအက်ဒွပ်ဘုရင်ဆိုတာ ပဉ္စမဂျော့ဘုရင်နှင့် မေရီမိဖုရားကြီးတို့၏ သားတော်အကြီးဆုံး ဖြစ်ပါတယ်။၁၉၃၆ ခုနှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် ခမည်းတော် ပဉ္စမဂျော့ဘုရင်၏ အရိုက်အရာကို ဆက်ခံခဲ့သူပါ။ထိုအခါတွင် သက်တော် ၄၂ နှစ်ခန့် ရှိနေပြီဖြစ်ပါတယ်။

သူဟာ အသက် ၄၀ နှစ်အရွယ်ကျော်အထိ တစ်ကိုယ်တည်း လူပျိုကြီး အဖြစ်နေလာခဲ့ပါတယ်။ ၄၀ ဆယ်ကျော်မှ ဘဝစတယ်ဆိုတဲ့အတိုင်း သူနန်းမတက်မီနှစ်မှာ အမေရိကန်သူ မစ္စစ်ဝေါလစ် ဝါဖီး ဆင်မဆင် (Wallis Warfield Simpson)ကို တွေ့ရှိကာ မေတ္တာသက်ဝင်ခဲ့ပါတယ်။

အဲဒီနောက် သူနန်းတက်ပြီးတဲ့အခါ အမေရိကန်သူ မစ္စစ်ဝေါလစ် ဝါဖီး ဆင်မဆင်ကို မိဖုရားမြှောက်လိုသော ဆန္ဒ ပြင်းပြခဲ့ပါတယ်။ သို့ရာတွင် အင်္ဂလန်နိုင်ငံ အစိုးရအဖွဲ့ နှင့်တကွ ဒိုမီနီယန်နိုင်ငံများကပါ ဘုရင်၏အလိုသို့ မလိုက်လျောနိုင်ကြပါပေ။

ဘာကြောင့်လဲဆိုတော့ မစ္စစ်ဆင်မဆင်မှာ အိမ်ထောင်နှစ်ဆက် ရှိခဲ့ဖူးရုံမျှမက၊ ဒုတိယအိမ်ထောင်သည် ခင်ပွန်းနှင့်လည်း ပြတ်စဲသည်ဟု မဆိုသာသေးသဖြင့်၊ အင်္ဂလန်ထီးနန်း အသရေနှင့် ထုံးတမ်းစဉ်လာကိုငဲ့ကွက်ကာ ဘုရင်အလိုသို့ မလိုက်လျောနိုင်ခြင်း ဖြစ်ပါတယ်။

မစ္စစ်ဆင်မဆင်ကလည်း ဘယ်သူတွေကပဲ ကန့်ကွက် ကန့်ကွက် လက်ထပ်မယ်ဖြစ်နေတဲ့ အချိန်၊ဘုရင်ကြီးကလည်း သူမမှသူမ ဖြစ်နေတဲ့ အချိန်၊ ဘာသာရေး၊နိုင်ငံရေး ဘက်ပေါင်းစုံကနေ အားလုံးက ဝိုင်းကန့်ကွက်နေတဲ့ အခြေအနေမျိုးနဲ့ ကြုံခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ ဘုရင်ကြီးကို ထီးနန်းစွန့်မလား၊ဒီအမျိုးသမီးကို ရွေးမလား ဆိုပြီး ဖိအားပေးတဲ့ အခြေအနေမျိုးအထိ ရောက်ခဲ့ကြပါတယ်။ဘုရင်ကြီးရဲ့ ရွေးချယ် မှုကတော့ ထီးနန်းမဟုတ်ပဲ အချစ် ဖြစ်ခဲ့ပါတယ်။ အဋ္ဌမအက်ဒွပ်ဘုရင်ဟာ အမေရိကန်သူကို မစွန့်နိုင်သဖြင့် ၁၉၃၆ ခုနှစ် ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် အင်္ဂလိပ်ထီးနန်းကို ကျေနပ်စွာ စွန့်လွှတ်လိုက်ပါ‌တော့တယ်။

အက်ဒွပ်ဘုရင်ဟာ ၁၉၃၆ခုနှစ် ဇန်နဝါရီ ၂၀ တွင် နန်းတက်ခဲ့ပြီး ၁၉၃၆ ခုနှစ် ဒီဇင်ဘာ ၁၁ရက်နေ့တွင် ထီးနန်းကိုစွန့်လွှတ်ခဲ့ပေရာ ဗြိတိသျှအင်ပါယာကို ရက်ပေါင်း ၃၂၅ ရက်သာ အုပ်ချုပ်ခဲ့ပါတယ်။

အက်ဒွပ်ဘုရင်စွန့်လိုက်သောထီးနန်းကို ညီတော် ယော့နယ်စားက ရယူခဲ့ပြီး ဆဋ္ဌမ ဂျော့ဘွဲ့ ကိုခံလျက် နန်းတက်ခဲ့ပါတယ်။ ထီးနန်းကို ဆက်ခံသိမ်းပိုက်ရသည်နှင့် တစ်ပြိုင်နက် နောင်တော်အက်ဒွပ်အား ဝင်ဆာမြို့စား ရာထူးကို ချီးမြှင့်ခဲ့ပါတယ်။

အက်ဒွပ်ဘုရင်တစ်ဖြစ်လဲ ဝင်ဆာမြို့စားဟာ ၁၉၃၇ ခုနှစ်ဇွန်လ ၃ ရက်နေ့တွင် ပြင်သစ်နိုင်ငံ၌ မစ္စစ် ဆင်မဆင်နှင့် လက်ထပ်လိုက်ပါတယ်။ ၁၉၄ဝ ပြည့်နှစ်မှ ၁၉၄၅ ခုနှစ်အထိ ဝင်ဆာမြို့စားဟာ ဗဟားမားကျွန်းစုတွင် ဘုရင်ခံအဖြစ်ဖြင့် ဆောင်ရွက်ခဲ့ပါတယ်။

ထို့နောက်တွင် ဝင်ဆာမြို့စား ဇနီးမောင်နှံတို့ဟာ ပြင်သစ်နိုင်ငံ ပါရစ်မြို့၌ အခြေချနေထိုင်ခဲ့ကြပါတယ်။၁၉၇၂ ခုနှစ် မေလ ၂၈ ရက်နေ့တွင် အသက် ၇၇ နှစ်အရွယ်ရှိ ဝင်ဆာမြို့စားဟာ ပါရစ်မြို့ရှိ မိမိစံအိမ်၌ ကွယ်လွန်သွားခဲ့ပါတယ်။

ချစ်သူကို လက်ထပ်ခွင့်မရလို့ ထီးနန်းစွန့်ခဲ့စဉ်က အက်ဒွပ်ဘုရင်ပြောခဲ့သော စကားမှာ “ဒီလိုကြီးလေးတဲ့ တာဝန်ကြီးကိုထမ်းဆောင်နိုင်ဖို့ နဲ့ ဘုရင်တစ်ယောက်ရဲ့ ဝတ္တရားတွေကိုထမ်းဆောင်နိုင်ဖို့ ကျွန်ုပ်ချစ်သူရဲ့ ဖေးမကူညီမှုမပါပဲနဲ့တော့ ကျွန်ုပ်ထမ်းဆောင်ဖို့ မဖြစ်နိုင်ပါ” ဟူ၍ ဖြစ်ပါတယ်။

Zarrow
Ref:မြင့်ဆွေ ‘ဝေလမင်းသားဆု’