သာကောတို့ မကျေမနပ်ဖြစ်နေတဲ့ အမေရိကန်ရဲ့ အင်ဒိုပစိဖိတ်မဟာဗျူဟာ

အာဖဂန်နိုင်ငံ ကာဘူးလ်လေဆိပ်မှာ ၀ရုန်းသုံးကားဖြစ်နေချိန်မှာပဲ အာဆီယံဒေသနဲ့ တောင်တရုတ် ပင်လယ် မှာ အင်အားကြီး နိုင်ငံတွေ ရဲ့ ခြေလှမ်းတွကလည်း သွက်နေပါတယ်။ တောင်တရုတ် ပင်လယ်မှာ ခြေရူပ်နေကြတာက ကြာပြီဖြစ်လို့ မထူးဆန်းဘူးပြောနိုင်ပေမဲ့ အာဆီယံဒေသ တွင်းခြေရူပ်မှုတွေကတော့ ထူးဆန်းပါတယ်။

အမေရိကန်ရဲ့ ပထမဆုံး အမျိူးသမီးဒုသမ္မတရဲ့ စင်ကာပူနဲ့ ဗီယက်နမ်ခရီးစဥ်ကို ရုရှားနဲ့ တရုတ်တို့က မျက်တောင်မခပ်ကြည့်နေသလို ၂ နိုင်ငံခေါင်းဆောင်ချင်း အွန်လိုင်းကနေ ဆွေးနွေးတိုင်ပင်ရတဲ့အထိ အလေးအနက်ထားတာတွေ့ရပါတယ်။

အမေရိကန်ဒုသမ္မတ စင်ကာပူကိုမလာခင်မှာ တရုတ်နဲ့ ရုရှားအစိုးရ အာဘော်သတင်းတွေက ကာဘူးလ်က ၀ရုန်းသုန်းကားအခြေအနေကို မျက်ကွယ်ပြုပြီး အာဆီယံကို ခြေဦးလှည့်တဲ့အပေါ် တောက်လျှောကဝေဖန်ရေးသားကြပါတယ်။

ကာဘူးလ်က အခြေအနေရူပ်ထွေးနေချိန်မှာ ခရီးစဥ်ကို ရွေ့ဆိုင်းသင့်တယ်လို့ ထောက်ပြပါတယ်။ ကာဘူးလ်က အခြေအနေကို မျက်နှာလွဲခဲပစ်လုပ်ပြီး အာဆီယံကို ခရီးထွက်လာတာဟာ အာဖဂန်ပြည်သူတွေကို သစ္စာဖေါက်ရာကျတယ်လို့ ရေးသားကြပါတယ်။

အာဖဂန်ပြည်သူတွေကိုတောင် သစ္စာဖေါက်ရင် တိုင်၀မ်အပါအ၀င် အာဆီယံဒေသထဲက နိုင်ငံတွေလည်း အမေရိကန်ကို အားကိုးယုံကြည်လို့ မရနိုင်ဘူးဆိုပြီးလည်း ရေးကြပါတယ်။

တရုတ်နဲ့ ရုရှားအမြင်မှာ အမေရိကန်ဒုသမ္မတခရီးစဥ်ရွေ့ဆိုင်း မယ်လို့ ယူဆခဲ့ကြတယ်ဆိုပါတယ်။ ဒါပေမဲ့ ခရီးစဥ်နောက်မဆုတ်တဲ့အပြင် စင်ကာပူမှာ အမေရိကန်ဒုသမ္မတပြောတဲ့စကားတွေက တရုတ်အတွက် ရင့်သီးလွန်းလှသလို အာဖဂန်ကနေ အမေရိကန်တွေ ကျောခိုင်းထွက်ခွါလာခဲ့တဲ့အပေါ် နားမလည်နိုင်တဲ့ ရုရှားအတွက် စိုးရိမ်ပူပန်မူတွေ တိုးစေခဲ့ပါတယ်။

စင်ကာပူမှာ အမေရိကန်ဒုသမ္မတက စင်ကာပူရေတပ်အခြေစိုက်စခန်းက အမေရိကန်စစ်သင်းဘော ဆီသွားပြီး ရေတပ်သားတွေကို မိန့်ခွန်းချွေပါတယ်။ သူရဲ့ မိန့်ခွန်းမှာ အမေရိကန်ဟာ အာဖဂန်ထက် အာဆီယံဒေသနဲ့ တောင်တရုတ်ပင်လယ်ကိုပဲ အာရုံထားတယ်ဆိုတဲ့သဘာမျိူးပြောသွားတာပါ။

သူ့မိန့်ခွန်းအပြီးမှာပဲ ရုရှားအစိုးရအာဘော်သတင်းတွေက အမေရိကန်ဟာ အာဖဂန်က အကြမ်းဖက်သမားတွေကို ဒုက္ခသည်တွေအဖြစ်နဲ့ ရုရှားစစ်စခန်းတွေရှိတဲ့နေရာကို တမင်ပို့ဖို့ ကြံစည်တယ်လို့ စွတ်စွဲသလို တရုတ်ကလည်း အမေရိကန်ဟာ ဒေသတွင်းအစွန်းရောက်အဖွဲ့တွေကို အားပေးချင်လို့ အာဖဂန်က ထွက်တာလို့ စွတ်စွဲလာပါတယ်။

၂ နိုင်ငံခေါင်းဆောင်တွေ ဟာ အမေရိကန်မရှိတော့တဲ့ အာဖဂန်ကို ဘယ်လိုကိုင်တွယ်မလဲဆိုတာနဲ့ပတ်သက်လို့ အွန်လိုင်းကနေ အရေးပေါ်ဆွေးနွေးရတဲ့အခြေအနေပါ။

အမေရိကန်ဒုသမ္မတ ဗီယက်နမ်ကို မလာခင်လေးမှာ တရုတ်က ဗီယက်နမ်အစိုးရကို အရေးပေါ်ပြေး တွေ့ပြီး ကိုဗစ်ကာကွယ်ဆေး ၁ သန်းလှူမယ့်အကြောင်းပြောသလို ကိုဗစ်ပိုးအစ ဝူဟန်ဓါတ်ခွဲခန်းက ဆိုတဲ့ အမေရိကန်စွဲချက်နဲ့ WHO က ဝူဟန်ကို စုံစမ်းစစ်ဆေးမယ်ဆိုတဲ့တောင်းဆိုချက်ကို လက်မခံ ငြင်းဆိုပေးဖို့ ဖိအားပေးခဲ့ပါတယ်။ ကိုဗစ်ပထမဆုံးလူနာဟာ ဝူဟန်ဓါတ်ခွဲခန်းက ဆေးပညာရှင် ၀န်ထမ်းဖြစ်တယ်ဆိုတဲ့ အမေရိကန်ရဲ့ စွတ်စွဲချက်က ပိုခိုင်မာလာနေတဲ့ အနေအထားဖြစ်နေတာပါ။

ကွန်မြူနစ်ချင်းတူပေမဲ့ ကျောင်းတော်က ရန်စရှိခဲ့တဲ့ ဗီယက်နမ်ကလည်း ပါးနပ်တယ်ပြောရပါမယ်။ ဗီယက်နမ်ဟာ တရုတ်နဲ့ ထိပ်တိုက်တွေ့မဲ့ မဟာမိတ်ဖွဲ့တာ မျိူးမလုပ်ဘူး ဒါပေမဲ့ တရုတ်အနေနဲ့ ပင်လယ်ပြင်ပိုင်ဆိုင်မှု အငြင်းပွားမှုတွေကို ငြိမ်းချမ်းစွာအမြန်ဖြေရှင်းရမယ်ဆိုပြီး အဖြေ ပေးခဲ့တာတွေ့ရပါတယ်။

အမေရိကန်ဒုသမ္မတရဲ့ ဗီယက်နမ်ခရီးစဥ်မှာ အာဆီယံဒေသဆိုင်ရာ ကူးစက်ရောဂါထိမ်းချူပ် ကာ ကွယ် ရေး အမေရိကန်စင်တာဖွင့်ပွဲလုပ်ပါတယ်။ ကူးစက်ကာကွယ်ရေးစင်တာဖွင့်ပွဲနဲ့အတူ ဖိုင်ဇာကိုဗစ် ကာကွယ်ဆေး ၁ သန်းကို အမေရိကန်က လှူပါတယ်။

အမေရိကန်သံရုံး တိုးချဲ့ဆောက်လုပ်ဖို့ နှစ် ၁၀၀ မြေငှားခဒေါ်လာ ၁ ဘီလျံကျော်တန်တဲ့ ၂ နိုင်ငံသဘာတူစာချုပ် ချူပ်ပါတယ်။ ထိပ်တိုက်တွေ့မဲ့ မဟာမိတ် မဖွဲ့ဘူးဆိုတဲ့ ဗီယက်နမ်ရဲ့ အပြုအမူတွေကို တရုတ်အစိုးရအာဘော်သတင်းတွေက ချက်ချင်းဝေဖန်ကြ ပါတယ်။

အမေရိကန်ဘက်ရပ်မလား တရုတ်ဘက်ရပ်မလားဆိုတာ လာမေးတာမဟုတ်ပဲ ဒေသတွင်း တရုတ်ရဲ့ ဗိုလ်ကျစိုးမိုးမူကို လက်မခံနိုင်ကြောင်းလာပြောတာဆိုတဲ့ ”အမေရိကန်ဒုသမ္မတရဲ့ ဒဲ့ပြောဆိုမူတွေကို ဗီယက်နမ်နဲ့ စင်ကာပူ ၂ နိုင်ငံလုံးက ငြင်းချက်မထုတ် လက်ခံခဲ့တာကိုလည်း တရုတ်အစိုးရအာဘော် သတင်းတွေက မကျေနပ်ကြပါဘူး။

ရုရှားအစိုးရအာဘော်တွေကတော့ အာဖဂန်ကဒုက္ခသည်အယောင်ဆောင်ပြီး တချိန်က ဆိုဗီယက်လက်အောက်ခံနိုင်ငံတွေဆီ ထွက်ပြေးရောက်လာမဲ့ I S စစ် သွေး ကြွတွေ ကိစ္စတခွန်းမှ ပြောမသွားတဲ့အပေါ် အစာမကြေတာတွေ့ရပါတယ်။

အမေရိကန်ဒုသမ္မတရဲ့ ခရီးစဥ်မှာ အာဖဂန်ကို အလေးအနက်မထားပဲ တောင်တရုတ်ပင်လယ် အာဆီယံဒေသနဲ့ မြန်မာနိုင်ငံအရေးကိုပဲ အလေးအနက်ထားပြောသွားတာမို့ တာလီဘန် အာဖဂန် နဲ့ စစ်သွေးကြွတွေပြသနာကို တရုတ်နဲ့ ရုရှား လက်ထဲထိုးချလိုက်ပြီလို့ ယူဆကြသလို အမေရိကန်ဟာ သူ့ရဲ့ အင်ဒိုပစိဖိတ်မဟာဗျူဟာကို လက်တွေ့စတင်ကျင့်သုံးနေပြီလို့ သုံးသပ်ကြပါတယ်။

crd:Burma News Network

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။