ရုရှားတွေ ဘာလို့ နူကလီးယား လေယာဉ်တင်သင်္ဘောတွေ မတည်ဆောက်လည်း? (ဒါမှမဟုတ်) အမေရိကန်တွေ ဘာလို့ ဒီဇယ်ရေငုပ်တွေ မတည်ဆောက်သလည်း?

ရုရှားတွေ ဘာလို့ နူကလီးယား လေယာဉ်တင်သင်္ဘောတွေ မတည်ဆောက်လည်း? (ဒါမှမဟုတ်) အမေရိကန်တွေ ဘာလို့ ဒီဇယ်ရေငုပ်တွေ မတည်ဆောက်သလည်း?

(*မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည် *)
ဒီမေးခွန်းတွေကို ခဏခဏ ‌တွေ့ရမြင်ရကြားရဖူးမှာပါ။ အမြင်တွေလည်း အမျိုးမျိုးရှိမှာပါ။ ကျွန်တော့် အမြင်အရတော့ အဖြေက ပထဝီ‌အနေအထားပေါ်မှာ မူတည်နေတယ်လို့ ယူဆပါတယ်။ ပထဝီနိုင်ငံရေးဆိုတဲ့အတိုင်း ပထဝီ‌အနေအထားက နိုင်ငံရေး ‌ေပါ်လစီတွေ စစ်ဘက်မဟာဗျူဟာတွေကို ဖြစ်ပေါ်စေတယ်။ ဒီပေါ်လစီတွေ မဟာဗျူဟာတွေနဲ့ ကိုက်ညီမယ့် လက်နက်စနစ်တွေ တပ်ဆင်ကြတယ်။
၁။ ပထဝီ အနေအထား

ဧရိယာအားဖြင့် ကမ္ဘာပေါ်မှာ အကျယ်ပြန့်ဆုံးနိုင်ငံ ရုရှားနဲ့ တတိယမြောက် အကျယ်ပြန့်ဆုံးနိုင်ငံ အမေရိကန်တို့ဟာ တော်တော်ကွဲပြားတဲ့ ပထဝီအနေအထားမှာ တည်ရှိနေပါတယ်။ ယူရယ်တောင်တန်းတွေရဲ့ အနောက်ဘက်က ဥရောပရုရှားဟာ အနောက်ဘက် အတ္တလန္တိတ်ကမ်းခြေကနေ ယူရယ်အထိရောက်တဲ့ မြောက်ဥရောပလွင်ပြင်လို့ခေါ်တဲ့ လွင်ပြင်ကြီးပေါ်မှာ တည်ရှိပါတယ်။ အမေရိကန်ကတော့ အတ္တလန္တိတ်နဲ့ ပစိဖိတ် သမုဒ္ဒရာကြီး နှစ်စင်းအလည်မှာ တည်ရှိပါတယ်။
ပထဝီအနေအထားက သမိုင်းတွေကို ပြာဌာန်းတယ်လို့ မဆိုချင်ရင်တောင် သမိုင်းပေါ်မှာ တော်တော်လေး သက်ရောက်တာကိုတော့ ငြင်းမရပါဘူး။ ရုရှားကို လာတိုက်သမျှ ဥရောပသားတွေ – ပိုလန်တွေ၊ လစ်သူရေးနီးယားတွေ၊ ပြင်သစ်တွေ၊ ဂျာမန်တွေ အကုန်လုံးက ဒီလွှင်ပြင်ကြီးကနေပဲ ချီတက်ခဲ့တာပါ။ အမေရိကန်အတွက်ကတော့ ဗြိတိသျှလက်အောက်ခံ ကနေဒါနဲ့ တိုက်ခဲ့တဲ့ ၁၈၁၂ စစ်ပွဲရယ်၊ မက်ဆီကိုနဲ့ တိုက်တဲ့ စစ်ပွဲရယ်ကလွဲရင် ကျန်စစ်ပွဲတွေဟာ သမုဒ္ဒရာတွေကို ဖြတ်သန်းပြီး ရေခြားမြေခြားမှာ တိုက်ရတဲ့ စစ်ပွဲတွေချည်းပါ။ ဒါကြောင့် သမိုင်းအဆက်ဆက်မှာ ရုရှားဟာ ကုန်းမြေပါဝါ ကြည်းတပ်ပါဝါကို အလေးထားခဲ့ပြီးတော့ အမေရိကန်ကတော့ ရေကြောင်းအင်အားကို အလေးပေးတည်ဆောက်ခဲ့တာကို တွေ့ရမှာပါ။
ရေတပ်နဲ့ ဆိုင်တဲ့ ပထဝီကို ကြည့်ရင်လည်း ဒီနိုင်ငံနှစ်ခုကြား ကွာခြားနေတာကို တွေ့ရမှာပါ။ ရုရှားရေတပ်ဟာ ရေတပ်ငါးခုအနေနဲ့ တည်ရှိနေပြီးတော့ ဒီထဲက ကပ်စပီယန်ပင်လယ်က ရေတပ်ဟာဆိုရင် ကျန်ရေတပ်တွေနဲ့ သီးခြားကုန်းတွင်းပင်လယ်မှာ တည်ရှိနေပါတယ်။ ဘော်လ်တစ်နဲ့ ပက်လယ်နက်က ရေတပ်တွေဟာလည်း ဒိန်းမတ်ရေလက်ကြားတို့ ဘော့စ်ပိုရပ်/ဒါဒါနယ်လ်စ် ရေလက်ကြားတို့ကနေ ပိတ်ဆို့ရင် ခံရမယ့်အနေအထားရှိနေပါတယ်။ မြောက်ပင်လယ်ရေတပ်နဲ့ ပစိဖိတ်ရေတပ်တို့သာ အတိုင်းအတာတစ်ခုထိ ဒီလို bottleneck တွေနဲ့ လွတ်ပါတယ်။ ဒါတောင် မြောက်ပင်လယ်ရေတပ်အနေနဲ့ အတ္တလန္တိတ်ကွန်ဗွိုင်လမ်းကြောင်းတွေဆီ ရောက်ချင်ရင် GIUK Gap လို့ခေါ်တဲ့ ဂရင်းလန် အိုက်စလန်နဲ့ ယူကေကြားက ဖြတ်ရပါသေးတယ်။ ပစိဖိတ်ရေတပ်အနေနဲ့လည်း ကမ်ချက်တာကျွန်းဆွယ်က ပီထရိုပက်ဗလော့စ်သာ လွတ်နေပြီးတော့ ပင်မရေတပ်စခန်း ဗလာဒီဗော့စတော့ဟာ ဂျပန်ကျွန်းတွေရဲ့ ဝိုင်းထားတဲ့အနေအထား ဖြစ်နေပါတယ်။ ဖြတ်ရမယ့် ရေလက်ကြားတွေအားလုံးဟာလည်း ရုရှားနဲ့ ရန်သူဖြစ်လာနိုင်တဲ့ နိုင်ငံတွေက ပိုင်တာ ဖြစ်နေပါတယ်။

အမေရိကန်ရေတပ်ကတော့ ပစိဖိတ်ရေတပ်နဲ့ အတ္တလန္တိတ်ရေတပ်ဆိုပြီး အဓိကခွဲခြားထားပြီးတော့ ဒီလိုပထဝီဆိုင်ရာ choke point တွေ မခံစားရပါဘူး။ ဒါ့အပြင် ပစိဖိတ်နဲ့ အတ္တလန္တိတ်ကူးတဲ့ ပနားမားတူးမြောင်းနဲ့ Cape Horn တို့ကလည်း အမေရိကန်ဘက်ယိမ်းတဲ့ နိုင်ငံတွေ လက်ထဲမှာ ရှိနေပါတယ်။ (မယိမ်းတဲ့ကောင် တက်မလာဖို့လည်း နည်းမျိုးစုံသုံးပါတယ်။ အထူးသဖြင့် ပနားမားဟာ အမေရိကန်အတွက် သေရေးရှင်ရေး အကျိုးစီးပွားပါ။)
ဒါကြောင့် ရုရှားရေတပ်ငါးခုဟာ တစ်ခုနဲ့တစ်ခု အနေအထားအဆင့်အတန်း ကွာခြားပေမယ့် အမေရိကန်ရေတပ်နှစ်ခုကတော့ လယ်ဗယ်တူအနေအထားမှာ ရှိပါတယ်။ ရုရှား ကက်စပီယန်ရေတပ်ဟာ လက်နက်စနစ်သစ် သင်္ဘောဒီဇိုင်းသစ်တွေ စတင်စမ်းသပ်ရာနေရာ ဖြစ်လေ့ရှိပါတယ်။ ဘော်လ်တစ်နဲ့ ပင်လယ်နက်ရေတပ်တွေကတော့ ကြည်းတပ်စစ်ဆင်ရေးတွေကို အထောက်အကူပေးဖို့ပါ။ ဘော်လ်တစ်ရေတပ်က စစ်အေးတုန်းက အနောက်ဂျာမနီနဲ့ ဒိန်းမတ်ကို ပစ်မှတ်ထားပြီးတော့ အခုတော့ ခွဲထွက်သွားတဲ့ ဘော်လ်တစ်နိုင်ငံတွေပေါ့။ ပင်လယ်နက်ရေတပ်ကတော့ အရင်က တူရကီနဲ့ အခုတော့ ယူကရိန်းနဲ့ ဂျော်ဂျီယာပေါ့။ မြောက်ပင်လယ်နဲ့ ပစိဖိတ်ရေတပ်ကသာ တကယ့်မဟာဗျူဟာ ရေတပ်ကြီးတွေပါ။ SSBN တွေဟာ ဒီရေတပ်နှစ်ခုမှာပဲ ရှိပါတယ်။ ကျန်ရေတပ်တွေမှာ တစ်ခါမှ မထားဘူးပါ။

သမုဒ္ဒရာနှစ်စင်းအလယ်က အမေရိကန်အတွက်တော့ ကုန်သွယ်ရေကြောင်းလမ်းတွေ ပွင့်နေဖို့က သေရေးရှင်ရေးပါ။ အတ္တလန္တိတ်ဘက်ဆိုရင် ဥရောပနဲ့ ပစိဖိတ်ဆိုရင်တော့ ဂျပန်နဲ့ ဩစတေးလျှပေါ့။ ဒီလောက်ဆို ပထဝီအနေအထားနဲ့ အကျိုးစီးပွားတွေအကြောင်း နည်းနည်းသဘောပေါက်လောက်ပါပြီ။ ဒါတွေက နိုင်ငံရေးပေါ်လစီနဲ့ ရေတပ်တွေရဲ့ မဟာဗျူဟာပေါ်မှာ ဘယ်လိုသက်ရောက်နေလည်းဆိုတာကို ဆက်ကြည့်ကြရအောင်။
၂။ နိုင်ငံရေး ပေါ်လစီနဲ့ စစ်ဘက် မဟာဗျူဟာ
ရုရှားရေတပ်ကော အမေရိကန်ရေတပ်ကောအတွက် အကြမ်းဖျဉ်းအားဖြင့် အဓိက စစ်ဆင်ရေးတာဝန်နှစ်ရပ် ရှိပါတယ်။ ပထမတစ်ခုက နူကလီးယားလက်နက်တင် တိုက်ကင်းလှည့်ခြင်းပါ။ မြေပြင်အခြေစိုက် နူကလီးယားလက်နက်တွေကို ခြေမှုန်းလို့ရခဲ့ရင် ရေငုပ်သင်္ဘောတွေကနေ တုန့်ပြန်နိုင်တာမို့ ရန်သူက နူကလီးယားလက်နက်မသုံးဝံ့အောင် ဟန့်တားဖို့ ရည်ရွယ်တာမို့ nuclear deterrent patrol လို့လည်း ခေါ်ပါတယ်။

ဒီမစ်ရှင်အတွက်ကိုတောင် ရုရှားနဲ့ အမေရိကန်က ကွာသေးတယ်။ ဝင်ပေါက်ထွက်ပေါက် သိပ်မရှိတဲ့ ပင်လယ်တွေနဲ့ ရုရှားရေတပ်က ရေကြောင်းခံတပ်တွေလို ပြင်ထားပြီး SSBN တွေက အဲ့ဧရိယာထဲမှာပဲ ကင်းလှည့်တယ်။ မိုင်းတွေ၊ မြေပြင်အခြေစိုက်ရေဒါတွေ၊ သင်္ဘောဖျက်ဒုံးတွေနဲ့ ကာကွယ်ထားတယ်။ အခြား ရေပြင်သွားစစ်ရေယာဉ်တွေ ဒီဇယ်ရေငုပ်သင်္ဘောတွေနဲ့ မပြတ်ကင်းလှည့်ပေးတယ်။ Bastion strategy ပေါ့။ မြောက်ပင်လယ်ရေတပ်အတွက် Barents Sea ပစိဖိတ်ရေတပ်အတွက် Okhotsk Sea ကို သုံးပါတယ်။ ကျယ်ပြန့်တဲ့ သမုဒ္ဒရာကြီးတွေနဲ့ အမေရိကန်ရဲ့ SSBN တွေကတော့ သင်္ဘောစီအိုကလွဲ သမ္မတနဲ့ ပင်တဂွန်တောင် နေရာအတိအကျမပေးတဲ့နည်းနဲ့ ကင်းလှည့်ရင်း ပုန်းပါတယ်။ Hide with pride ပေါ့။ ပြောသာပြောရတာပါ SSBN ကို သွားပစ်ဖို့က နှစ်ဖက်လုံးအတွက် နိုင်ငံရေးအရ မဖြစ်နိုင်သလောက်ပါပဲ။ Second strike assets တွေကို သွားပစ်ရင် မဟာဗျူဟာ နူကလီးယားစစ်ပွဲဆီ သွားတော့မှာ။
ဒုတိယစစ်ဆင်ရေးတာဝန်က ကုန်သွယ်ရေကြောင်းလမ်းတွေနဲ့ ပတ်သက်နေတယ်။ အမေရိကန်အတွက်က ဒီလမ်းကြောင်းတွေ ပွင့်နေဖို့ သေရေးရှင်ရေး‌ ကြိုးစားမှာ ဖြစ်သလို ရုရှားကလည်း ပိတ်ပစ်ဖို့ ကြိုးစားမှာပါ။ ဒီနေရာမှာ ခုနပြောခဲ့တဲ့ ပထဝီပေး choke point တွေက အရေးပါလာတယ်။ ရုရှားအနေနဲ့ surface fleet နဲ့ ဖောက်ထွက်ဖို့ဆိုရင် မလွယ်ဘူး။ ပေးဆပ်မှု တအားများသွားမယ်။ဒါ‌ေကြာင့် surface fleet ထက်စာရင်ရေငုပ်သင်္ဘောတွေ တာဝေးဗုံးကြဲလေယာဉ်တွေ သင်္ဘောဖျက်ဒုံးတွေကို အားပိုထည့်တယ်။ အမေရိကန်က ဒါတွေကို ကာကွယ်ဖို့ SOSUS လိုမျိုး ရေအောက်ကြမ်းပြင်မှာ ဆိုနာလိုင်းကြီးချတယ်။ ရေငုပ်သင်္ဘောဖျက် စစ်ရေယာဉ်တွေ၊ Tow array sonar တွေကို စစ်ရေယာဉ်တိုင်းလိုလိုမှာ တပ်တယ်။ ဗုံးကြဲလေယာဉ်တွေကို ပစ်ချဖို့ F-14 လို ကြားဖြတ်တိုက်လေယာဉ်တွေဆောက်တယ်။ လေကြောင်းရန်ကာကွယ်ရေး ကရူစာတွေ ဖျက်သင်္ဘောတွေ ဆောက်တယ်။ ဒီလောက်ဆိုရင် အပေါ်က မေးခွန်းတွေအတွက် အဖြေတွေ ရသင့်သလောက်ပါနေပါပြီ။

ဒါ့အပြင် အခြားသော (သေရေးရှင်ရေး မဟုတ်သောလို့ ပြောရမလားပဲ) တာဝန်တွေလည်း ရှိပါသေးတယ်။ အမေရိကန်ရေတပ်က သူ့ကုန်သွယ်ရေကြောင်းလမ်းတွေကို ကာကွယ်နိင်ပြီဆိုရင် ကိုလာကျွန်းဆွယ်မှာ ရှိတဲ့ ရုရှားစခန်းတွေထိ တက်တိုက်ချင်ပါတယ်။ ရေငုပ်သင်္ဘောတွေကော လေယာဉ်တင်သင်္ဘော ရေယာဉ်စုတွေကောပေါ့။ ဒါကြောင့် ရုရှားက ကမ်းခြေကာကွယ်ရေးကို အမေရိကန်ထက် အများကြီး အားပိုစိုက်တယ်။ ကော်ဗတ်တွေ မြေပြင်အခြေစိုက် သင်္ဘော‌ဖျက်ဒုံးတွေ စသဖြင့်ပေါ့။ နောက်တစ်ခုက ရုရှားဖြစ်ဖြစ် အမေရိကန်ဖြစ်ဖြစ် expeditionary warfare တနည်းပြောရရင် ပင်လယ်ရပ်ခြားက သူများနိုင်ငံကို ဝင်တိုက်တာမျိုးလည်း ဖြစ်နိုင်ရင် လုပ်ချင်ကြတာပါပဲ။ အမေရိကန် ရေတပ်က ကမ္ဘာအနှံဖြန့်ကျက်ထားသလို ရုရှားလည်း ဆိုဗီယက်ခေတ်က မြေထဲပင်လယ်မှာ အမှတ် ၅ ရေယာဉ်စု၊ အိန္ဒိယသမုဒ္ဒရာမှာ အမှတ် ၈ ရေယာဉ်စု စသဖြင့် ဖြန့်ကျက်ခဲ့တာပါပဲ။ ခုနောက်ပိုင်းမှာ အမေရိကန်ရေတပ်အတွက် ပိုလာတဲ့ မစ်ရှင်တစ်ခုကတော့ ဒုံးပျံကာကွယ်ရေး ballistic missile defense ပဲ။ မြောက်ကိုရီးယား၊ အီရန်တို့လို နိုင်ငံတွေက တိုက်ခိုက်လာနိုင်တဲ့ ဒုံးပျံတွေကို ကာကွယ်ဖို့ ရည်ရွယ်တယ်။
၃။ စစ်လက်နက်ပစ္စည်းများ
စစ်မဟာဗျူဟာနဲ့ စစ်ရေးရည်မှန်းချက်တွေ မတူတဲ့အခါမှာ လက်နက်တပ်ဆင်မှု မူဝါဒတွေလည်း မတူတော့ဘူး။ ပထမဆုံး ရေငုပ်သင်္ဘောတပ်ဖွဲ့တွေက စပြောရအောင်။ နှစ်နိုင်ငံလုံးက nuclear deterrent အတွက် ရေထဲမှာ ကြာကြာနေနိုင်မယ့် နူကလီးယားစွမ်းအင်သုံး နူကလီးယားဒုံးတင် ရေငုပ်သင်္ဘောကြီး SSBN တွေ ဆောက်တယ်။ ရုရှားက အန္တလန္တိတ်အထိ ထွက်ပြီး ကွန်ဗွိုင်တွေ ‌စစ်ရေယာဉ်စုတွေကို တိုက်ဖို့ နူကလီးယားစွမ်အင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော SSN တွေကော သင်္ဘောဖျက်ဒုံးပစ်မယ့် SSGN တွေကော လိုတယ်။ အဲ့တော့ ဆောက်တယ်။ အမေရိကန်က အဲ့ဒီရုရှားရေငုပ်သင်္ဘောတွေကို တန်ပြန်‌ေြခမှုန်းဖို့ SSN ကိုပဲ ဦးစားပေးတယ်။ အမေရိကန် SSGN တွေရဲ့ role က antiship မဟုတ်ဘူး land attack ပဲ။ ဒီဇယ်လျှပ်စစ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောတွေက ရုရှားအတွက် လိုတယ်။ SSBN bastion တွေကို ကာကွယ်ဖို့အတွက်ရယ် ကမ်းခြေအထိ ကပ်လာမယ့် အမေရိကန်ရေတပ်ကို ရင်ဆိုင်ဖို့ရယ်လိုတယ်။ အမေရိကန်အတွက်က အဲ့လိုအပ်ချက်မရှိဘူး။ သူတို့က စစ်ကို သူတို့ကမ်းခြေမှာ တိုက်မှာမဟုတ်ဘူး။

လေယာဉ်တင်သင်္ဘော ကိစ္စ။ အမေရိကန်အတွက်က လေယာဉ်တင်သင်္ဘောက မရှိမဖြစ်။ ကုန်သွယ်ရေကြောင်းလမ်းကို ခြိမ်းခြောက်လာနိုင်တဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေကို ကြားဖြတ်ဖို့ ကြားဖြတ်တိုက်လေယာဉ်တွေ၊ ဘက်စုံသုံး တိုက်လေယာဉ်တွေပါမယ်။ ရေငုပ်သင်္ဘောဖျက် လေယာဉ်တွေပါမယ်။ မြေပြင်တိုက်ခိုက်ရေး လေယာဉ်တွေပါမယ်။ အခုနောက်ပိုင်းမှာ interceptor တွေ၊ air superiority fighter တွေထက် multirole တွေကို ဦးစားပေးလာနိုင်တာ ရုရှားဗုံးကြဲလေယာဉ်တွေရဲ့ ခြိမ်းခြောက်မှု လျော့သွားတာနဲ့ တပြိုင်တည်း expeditionary warfare ပိုလုပ်လာရတာလည်း သက်ဆိုင်နိုင်တယ်။ ရုရှားအတွက်ကတော့ လေယာဉ်တင်သင်္ဘောသည် မရှိမဖြစ်မဟုတ်တော့ဘူး။ ဆီးရီးယားမှာ ဝင်ပါတာမျိုးလောက်မှာပဲ လိုမယ်။ ဒါကြောင့် သိပ်ဦးစားမပေးဘူး။
ကရူစာ၊ ဖျက်သင်္ဘော၊ ဖရိးဂိတ်စတဲ့ ရေပြင်သွား‌စစ်ရေယာဉ်တွေမှာကော။ ရုရှားရဲ့ အဓိကလက်နက်က သင်္ဘောဖျက်ဒုံး တင်လာမယ့် ဗုံးကြဲလေယာဉ်တွေနဲ့ ရေရငုပ်သင်္ဘောတွေ ဖြစ်လို့ အမေရိကန်စစ်ရေယာဉ်တွေက လေကြောင်းရန် ကာကွယ်ရေးနဲ့ ရေငုပ်သင်္ဘောဖျက် စစ်ဆင်ရေးကိုပဲ ဦးစားပေးကြတယ်။ သင်္ဘောဖျက်ဒုံးတွေကို ဦးစားပေးမသယ်ဘူး။ တဘက်မှာလည်း အမေရိကန်က ရေပြင်သွားသင်္ဘောအင်အား ပိုကောင်းတာ ကုန်တင်သင်္ဘောတွေကို အားကိုးရတာတွေကြောင့် ရုရှားသင်္ဘောတွေက သင်္ဘောဖျက်ဒုံးတွေနဲ့ ရေငုပ်သင်္ဘောဖျက် လက်နက်တွေကို ဦးစားပေးတပ်ဆင်လေ့ ရှိကြတယ်။ လေကြောင်းရန်မှာတော့ ကိုယ့်သင်္ဘောကို ကာကွယ်ယုံလောက်ပဲ တပ်ဆင်တာများပြီးတော့ Slava ‌ေတွ Kirov တွေ‌လောက်ပဲ တာဝေးလေကာဒုံးတပ်ထားတာ တွေ့ရတယ်။
ကမ်းဦးရေတိမ်ပိုင်း တိုက်ခိုက်ရေးရေယာဉ်တွေကိုတော့ အမေရိကန်ထက်စာရင် ရုရှားက ပိုအားကိုးတာကိုလည်း တွေ့ရပါတယ်။ သူက သူ့ကမ်းဦရေတိမ်ပိုင်းမှာ တိုက်ရမယ့်သူကို။ သင်္ဘောဖျက်ဒံုးတင်‌ေကာ်ဗတ်‌ေတွ (ရုရှားအခေါ် small missile ship) ရေငုပ်သင်္ဘောဖျက် ကော်ဗတ် (small ASW ship) တွေ တော်တော်များများ ရှိပါတယ်။ အမေရိကန်ကတော့ cyclone class ကင်းလှည့်စစ်ရေယာဉ် အနည်းငယ်နဲ့ပဲ ကျေနပ်နပါတယ်။ LCS တွေကလည်း သူ့ကမ်းဦ‌းရေတိမ်ပိုင်းထက် ရန်သူ့ကမ်းဦးရေတိမ်ပိုင်းထိ ဝင်ရောက်တိုက်ခိုက်ဖို့ ရည်ရွယ်ထားတာတွေပါ။

ရေတပ်ပိုင်လေတပ်မှာဆိုရင်လည်း ရုရှားရဲ့ အဓိကအင်အားက မြေပြင်အခြေစိုက် တာဝေးဗုံးကြဲလေယာဉ်တွေပါ။ ကွန်ဗွိုင်တွေကို သွားချမှာကို။ အမေရိကန်ရေတပ်အတွက်ကတော့ အပေါ်မှာ ပြောခဲ့သလိုပဲ လေယာဉ်တင်သင်္ဘောတွေပေါ်က တိုက်လေယာဉ်တွေ AEW တွေက အဓိကပါ။
ဒါကတော့ အမေရိကန်တို့ ရုရှားတို့ ဘာလို့ သူတို့တပ်တွေကို အခုလိုပုံစံတည်ဆောက်တာလည်းဆိုတာကို ကျွန်တော်တွေးမိသလောက်ပါ။ အယူအဆမတူတာတွေလည်း ရှိနိုင်ပါတယ်။ I agree to disagree ပါ။

credit – ရောက်တတ်ရာရာ ရေးတဲ့စာ