“ရွှေအသင်း ထုတ်ပြန်စျေး၊ ရွှေဆိုင်တွေကို ရောင်းခိုင်းတဲ့ စျေးနဲ့ အပြင်ပေါက်စျေး” (၃) မျိုး

“ရွှေအသင်း ထုတ်ပြန်စျေး၊ ရွှေဆိုင်တွေကို ရောင်းခိုင်းတဲ့ စျေးနဲ့ အပြင်ပေါက်စျေး” (၃) မျိုး

“ရွှေအသင်းက ထုတ်ပြန်တဲ့ စျေး၊ ရွှေအသင်းက ရွှေဆိုင်တွေကို ရောင်းခိုင်းတဲ့ စျေးနဲ့ အပြင်စျေးကွက်ပေါက်စျေး” ဆိုတဲ့ ယနေ့ ရွှေစျေး (၃) မျိုး..

ရန်ကုန်တိုင်းဒေသကြီးအတွင်းက ရွှေဆိုင်တွေအားလုံး အခေါက်ရွှေ တစ်ကျပ်သား ၂၅ သိန်း ၃ သောင်း ကျပ်နဲ့ ရောင်းချပေးရမယ်လို့ တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က မ​နေ့ အောက်တိုဘာ ၃၀ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

လက်ရှိ ပြင်ပဈေးကွက်ထဲ ဖြစ်ပေါ်နေတဲ့ ရွှေဈေးကို ထိန်းချုပ်နိုင်ဖို့အတွက် အခုလို ဈေးနှုန်း ပြင်ဆင် သတ်မှတ်ခြင်းဖြစ်တယ်လို့ သိရပါတယ်။

“ဒီဈေးတန်းဆိုတာက ရောင်းကြဝယ်ကြလုပ်နိုင်တဲ့ ဈေးနှုန်းပါပဲ။ အတိအကျတော့ ဘာမှပြောလို့ မရသေးဘူး။ ဈေးကွက်အခြေအနေကိုလည်း ဘာမှပြောလို့မရဘူး။ ဟိုဘက်က လမ်းညွှန်တာကို ဒီဘက်ကပြန်ပြောပြပေးတာ။ ဆိုင်တွေအားလုံးက အသင်းဝင်မဟုတ်တဲ့အခါကျတော့ ဆိုင်တွေအားလုံးသိရှိအောင် YGEA ကတင်ပေးလိုက်တာ။ အထက်က လမ်းညွှန်တာကို ရွှေအသင်းကပြန်ပြီး မေတ္တာရပ်ခံပေးတဲ့ သဘောပါပဲ” လို့ ရန်ကုန်ရွှေအသင်း ဥက္ကဌ ဦးမျိုးမြင့်က ပြောပါတယ်။

“ကျွန်တော်တို့တော့ ရွှေဈေး တည်တည်ငြိမ်ငြိမ်နဲ့ အားလုံး မျှမျှတတဖြစ်အောင် အခုလို သတ်မှတ်လိုက်တယ်လို့ထင်ပါတယ်။ ဈေးနှုန်းတွေ အရမ်းကွာမသွားအောင် လုပ်တဲ့သဘောပေါ့။ ဒါကြောင့် ဈေးကွက်အနေအထားက ပုံမှန်ဖြစ်သွားမှာပါ။ တစ်ယောက်တစ်မျိုးလုပ်လို့ကတော့ အဆင်မပြေနိုင်ဘူးလေ။ အားလုံး မျှမျှတတဖြစ်သွားတာပေါ့” လို့ ရွှေလုပ်ငန်းရှင်တဦးက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ ၃၁ ရက် ပြင်ပရွှေဆိုင်တွေမှာ ဖြစ်ပေါ်နေတဲ့ အခေါက်ရွှေ တစ်ကျပ်သား ရောင်းဈေးမှာ ကျပ် ၂၆ သိန်း ၈ သောင်းဖြစ်ပြီး ဝယ်ဈေး ကျပ် ၂၆ သိန်း ၄ သောင်း ဖြစ်တယ်လို့ ရန်ကုန်မြို့ရွှေဆိုင်တွေဆီက သိရပါတယ်။ ပြင်ပ‌စျေးကွက်ပေါက်စျေးနဲ့ ရန်ကုန်ရွှေအသင်းက ရောင်းခိုင်းတဲ့စျေးဟာ ကျပ် ၁ သိန်းခွဲ ကွာဟနေတာကို တွေ့ရှိရပါတယ်။

ရန်ကုန်ရွှေအသင်းအနေနဲ့ ယနေ့နံနက်ပိုင်း ဈေးဖွင့်ချိန်မှာ ကမ္ဘာ့ရွှေဈေး (၁၆၄၃) ဒေါ်လာဖြစ်ပေါ်နေချိန် ရည်ညွှန်းကြမ်းခင်းဈေးအဖြစ် အခေါက်ရွှေတစ်ကျပ်သား ကျပ် (၁,၉၃၅,၀၀၀) ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ ရန်ကုန်ရွှေဈေးကွက်အတွင်းမှာလည်း ဝယ်ယူနိုင်စွမ်းထက် ပြန်လည်ရောင်းချလိုသူတွေသာ များပြားနေပြီး အထည်ပျက် ပြန်ရောင်းချသူတွေရှိနေကာ ဝယ်/ရောင်းဈေးကွက်အေးနေတယ်လို့ ပြောဆိုကြပါတယ်။




4

Crd

arkarta