ရွှေတွင်းတွေက ရွှေတွေ အများကြီးထွက်မည်၊ ပြည်တွင်း ရွှေဈေး ဆက်တိုက်ပြန်ကျလာမည်

Post Views:
9
ရွှေတွင်းတွေက တူးဖော်တဲ့ ရွှေတွေ အများကြီးထွက်မည်၊ ပြည်တွင်း ရွှေဈေး ဆက်တိုက်ပြန်ကျလာမည်..
ဒီနေ့စက်တင်ဘာ ၁၉ ရက် မနက် ၁၁ နာရီ ပြင်ပရွှေဈေးကွက်ဖွင့်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနဲ့ ရွှေဆိုင်တွေဈေးဖွင့်လာခဲ့ပြီး ရွှေဈေးနှုန်း ဆက်တိုက်ပြန်ကျလာနိုင်တယ်လို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောပါတယ်။
“ရွှေက ကမ္ဘာ့ဈေးလည်းကျတယ်၊ ပြည်တွင်းဒေါ်လာဈေးလည်းကျတယ်၊ ကျောက်မျက်ကလည်း ရွှေဒင်္ဂါးပြားတွေရောင်းပေးတဲ့အခါကျတော့ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်တယ်ဆိုတာ မရှိတော့ဘူးပေါ့။ အရင်တုန်းကတော့ ပစ္စည်းပြတ်မယ်အထင်နဲ့ လုပြီးဝယ်ကြတော့ ဈေးမတည်ငြိမ်တာ။ အခု ရွှေဈေးကဆက်ကျဦးမှာပဲ ပြည်တွင်းမှာလည်း ဒီဇင်ဘာလ လောက်ဆို တွင်းတွေက တူးဖော်တဲ့ လုပ်ငန်းတွေပြန်စတော့မှာ အဲ့ချိန်ရွှေကလည်း အများကြီး ပြန်ထွက်လာမယ်။
ပြည်တွင်းမှာလည်း အခုချိန်က အလုပ်အကိုင်ပါး ဝင်ငွေနည်းတဲ့အချိန်ဆိုတော့ အဝယ်သိပ်မရှိကြဘူး။ အရောင်းပဲများတယ်။ ဘဏ်စနစ်နဲ့ပေးချေဖို့ကလည်း အရင်ကထဲကလုပ်နေတော့ ဘာမှ ထူးထူးခြားခြားမရှိပါဘူး၊ ဘဏ်စနစ်နဲ့ လွှဲလို့ရတာကိုပဲ ရွှေသမားတွေက ကျေးဇူးတင်နေရတာ၊ ငွေထုပ်ကြီးပိုက်ပြီး သွားရတဲ့အလုပ်က အချိန်လည်းကုန်၊ အန္တရာယ်လည်းများတယ်” လို့ ဦးမျိုးမြင့်က ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ဗဟိုဘဏ်အနေနဲ့ ရွှေတုံးရွှေခဲများ အရောင်းအဝယ်လုပ်ဆောင်ရာမှာ ဘဏ်စနစ်နဲ့သာ ပေးချေလုပ်ဆောင်ဖို့ ပြောကြားထားတာဖြစ်ပါတယ်။ လက်ရှိ ပြည်တွင်း ရွှေဈေးကွက်အတွင်း၌ ရွှေတုံးရွှေခဲ ရောင်းဝယ်မှုတွင် အများစုမှာ သက်ဆိုင်ရာ ရွှေအသင်းများမှတဆင့် ရွှေပြ၊ ငွေပြ ရောင်းဝယ်မှုစနစ်ဖြင့် အရောင်းအဝယ်ပြုလုပ်ပြီး လက်ရှိနိုင်ငံခြားငွေ ပေါက်ဈေးအပေါ်တွက်ချက်ကာ ဈေးနှုန်းသတ်မှတ်ရောင်းဝယ်ကြကြောင်းလည်း သိရသည်။
ဒီနေ့ပြင်ပရွှေဈေးကွက်စဖွင့်ချိန်မှာ အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၉ သိန်းနဲ့ ဆိုင်တွေကရောင်းပြီး ဆိုင်ဝယ်ဈေး ၂၈၅၀၀၀၀ ကျပ် ဖြစ်ကာ ၁၅ ပဲရည်ကိုတော့ ကျပ် ၂၇ သိန်းအထက် ဈေးနဲ့ အရောင်းအဝယ်လုပ်ကြတယ်လို့ ရန်ကုန်မြို့က ရွှေဆိုင်တွေဆီက သိရပါတယ်။
ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ကတော့ ဒီနေ့ ရွှေအဖွင့်ဈေးကို ဗဟိုဘဏ်ဒေါ်လာပေါက်စျေး (၂၁၀၀) နဲ့တွက်ပြီး အခေါက်ရွှေတစ်ကျပ်သား ၁၉၆၃၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
Crd
Crd