ရောင်းစားခံရမယ့်ဘဝကနေ အော်စကာဆုရှင် မင်းသားတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂျက်ကီချန်း – The Geek Text

Post Views:
10
ရောင်းစားခံရမယ့်ဘဝကနေ အော်စကာဆုရှင် မင်းသားတစ်ယောက်ဖြစ်လာခဲ့တဲ့ ဂျက်ကီချန်း
ဒီနေ့မှာတော့ အကြမ်းစား အက်ရှင််ရိုက်ကွက်တွေ၊ စတန့်တွေနဲ့ ကျွန်တော်တို့ရဲ့ ငယ်ဘဝကို စိုးမိုးထားခဲ့တဲ့ ကမ္ဘာကျော် မင်းသားတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
သူကတော့ ဂျက်ကီချန်းပဲဖြစ်ပြီး ရုပ်ရှင်ရိုက်ဖို့ဆိုရင် သူ့ရဲ့အသက်ကိုတောင် ဂရုမစိုက်တော့တဲ့ မင်းသားဆိုရင်လည်း မမှားပါဘူး။
ဒီလိုမျိုး ပေးဆပ် ကြိုးစားခဲ့တာကြောင့်လည်း ရုပ်ရှင်လောကရဲ့ အမြင့်မားဆုံး ဆုတံဆိပ်ဖြစ်တဲ့ အော်စကာဆုကို သိမ်းပိုက်နိုင်ခဲ့တာပါ။
တကယ်တမ်းတော့ ဂျက်ကီချန်းတို့ ရုပ်ရှင်ရိုက်ကူးပုံဟာ လူစားထိုးခြင်းမရှိဘဲ သူကိုယ်တိုင် စတန့်ကွက်တွေအားလုံးကို မရေမတွက်နိုင်တဲ့ အကြိမ်ပေါင်းများစွာ သရုပ်ဆောင်ခဲ့တာကြောင့်လည်း အရိုးတွေကျိုး၊ ဆေးရုံ ခဏခဏရောက်နဲ့ မရဏခံတွင်းကို အကြိမ်ပေါင်းများစွာ ရောက်ရှိခဲ့ရသူလည်း ဖြစ်ပါတယ်။
ဂျက်ကီချန်းဟာ သူ့ရဲ့ နာမည်ကျော် စတန့်ပြကွက်တွေ နောက်မှာတော့ ခေါင်းကွဲ၊ နှုတ်ခမ်းကွဲ၊ သွားကျိုး၊ လည်ပင်းမီးလောင်၊ မကျိုးဖူးတဲ့ အရိုးလည်း မရှိတော့လောက်အောင်ကို သူ့ဘဝတစ်လျှောက်လုံးကို ရုပ်ရှင်ရိုက်ကူးရေးအတွက်ပဲ ပေးဆပ်ခဲ့တဲ့ မင်းသားပါ။
ဒါတွေဟာ သူ့ရဲ့ ကမ္ဘာ့အထင်ကရ မင်းသားဆိုတဲ့ ဂုဏ်ပုဒ်အတွက်၊ အော်စကာဆုရှင်ဆိုတဲ့ ဂုဏ်ထူးအတွက် ဂျက်ကီချန်း ပေးဆပ်ခဲ့ပုံ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါတယ်။
တကယ်တော့ သူ့ဘဝဟာ ကျွန်တော်တို့ မထင်မှတ်ထားနိုင်တဲ့အထိ ဆိုးရွားခက်ခဲခဲ့ပါတယ်။ ဟောင်ကောင်က ဆင်းရဲနွမ်းပါးတဲ့ မိသားစုတစ်စုမှာ ပေါက်ဖွားလာခဲ့တဲ့ ဂျက်ကီချန်းဟာ သူ့မိဘတွေကိုယ်တိုင် ရောင်းစားဖို့အတွက် အားထုတ်ခဲ့ဖူးတဲ့ သားတစ်ယောက်လည်း ဖြစ်နေပြန်ပါတယ်။
ဂျက်ကီချန်းရဲ့ မိဘတွေဟာ သူ့ကို မွေူဖွားအပြီး ဆေးရုံကို ပိုက်ဆံမပေးနိုင်ခဲ့လို့ ဗြိတိန်ဆရာဝန်တစ်ဦးထံကို ဒေါ်လာ ၂၅၀ နဲ့ သူ့တို့သားကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့တဲ့ အထိပါပဲ။
ဂျက်ကီချန်းဟာ ကလေးဘဝကတည်းက တက်ကြွတဲ့ ကလေးတစ်ယောက်ပါ။ ဒါပေမဲ့ ကံဆိုးချင်တော့ သူ့မှာ စာဖတ်ရခက်ခဲတဲ့ ရောဂါတစ်ခု ရှိနေခဲ့ပါတယ်။
ဒါတွေကြောင့်လည်း ကျောင်းမှာ အနိုင်ကျင့်ခံရ၊ အနှိမ်ခံရနဲ့ စာညံ့တဲ့ ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ပါတယ်။
ဂျက်ကီချန်းရဲ့ ကလေးဘဝဟာ ဒီလောက်ပဲ ခက်ခဲခဲ့တာလားဆိုတော့ မဟုတ်သေးပြန်ပါဘူး။ သူ့မိဘတွေက သြဇီကို အလုပ်သွားလုပ်ရမှာမလို့ ဂျက်ကီချန်းကို ကိုယ်ခံပညာကျောင်းမှာ တစ်ယောက်ထဲ ထားခဲ့ခံရတဲ့အထိပါပဲ။
မိဘမေတ္တာကို ငတ်မွတ်ခဲ့ရတဲ့ ဂျက်ကီချန်းဟာ အသက် ၇ နှစ် အရွယ်မှာပဲ တစ်ကိုယ်တည်း အထီးကျန်ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရပြီး ကိုယ်ခံပညာကျောင်းမှာလည်း မနက် ၅ နာရီကနေ ည ၁၂ နာရီအထိ အပြင်းအထန် လေ့ကျင့်ခဲ့ရပါတယ်။
ငယ်ငယ်ရွယ်ရွယ်လေးနဲ့ မထင်မှတ်ထားလောက်တဲ့ ဘဝရဲ့ ခက်ခဲမှုတွေကို ကြုံတွေ့ခဲ့ရတဲ့ ဂျက်ကီချန်းဟာ အသက် ၁၇ နှစ် အရွယ်မှာတော့ စတန့်မင်းသားတစ်ယောက်အဖြစ် စတင်လုပ်ကိုင်ခွင့် ရရှိခဲ့ပါတော့တယ်။
တစ်နေ့မှာတော့ နာမည်ကျော် ဘရုစလီရဲ့ ရုပ်ရှင်မှာ စတန့်မင်းသားအဖြစ် သရုပ်ဆောင်ခွင့် ရခဲ့ပါတယ်။ ဂျက်ကီချန်းဟာ အောင်မြင်ဖို့အတွက် အမျိုးမျိုး ရုန်းကန်ခဲ့ရရင်း ဘရုစလီ သေဆုံးသွားပြီးနောက်မှာတော့ ဘရုစလီလို လိုက်လံတုပဖို့ ဆုံးဖြတ်ချက်ချခဲ့ပါတော့တယ်။
ဒါပေမဲ့လည်း သူ့ရဲ့ကိုယ်ပိုင် ပုံစံမဟုတ်ဘဲ ဘရုစလီကို တုပထားတာဖြစ်လို့ လူအများ ဝေဖန်ခံခဲ့ရပြီး ကျရှုံးခဲ့ရပြန်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ ဂျက်ကီချန်းဟာ ဆုံးဖြတ်ချက်တစ်ခု ထပ်မံချမှတ်လိုက်ပါတော့တယ်။
ဒါကတော့ သူ့ရဲ့ပုံစံ အစစ်အမှန်တိုင်းပဲ ပရိသတ်တွေကို ချပြတော့မယ် ဆိုတာပါ။ အဲဒီလိုနဲ့ ဂျက်ကီချိန်းဟာ ဘရုစလီ အယောင်ဆောင် ဘဝကနေ သူကျွမ်းကျင်တဲ့ ကိုယ်ခံပညာကို ဟာသနဲ့ ပေါင်းစပ်ရင်း ရုပ်ရှင် စတင်ရိုက်ကူးခဲ့ပါတော့တယ်။
အဲဒီနောက်မှာတော့ အားလုံးက ချစ်ခင်ခဲ့ကြရတဲ့ ဂျက်ကီချန်းဆိုတဲ့သူ ဖြစ်လာခဲ့ပါတော့တယ်။ ဒါ့အပြင် သူ့ဘဝတစ်ခုလုံးကို ရုပ်ရှင်ရိုက်ကူးဖို့အတွက်ပဲ ပေးဆပ်ထားခဲ့လို့ အာရှတစ်လွှားတင်မက ဥရောပအထိကိုပါ ထိုးဖောက် အောင်မြင်လာခဲ့ပါတယ်။
ဒီလိုနဲ့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရုပ်ရှင်လောကရဲ့ အမြင့်ဆုံး အော်စကာဆုကိုပါ သိမ်းပိုက်နိုင်ခဲ့တဲ့အထိပါပဲ။
ရုပ်ရှင်လောကမှာ ၅၆ နှစ်အကြာ ကျင်လည်ခဲ့ပြီးနောက်၊ ရုပ်ရှင် စုစုပေါင်း ၂၀၀ ကျော် ရိုက်ကူးအပြီးမှာတော့ အော်စကာဆုကို ရရှိခဲ့တဲ့ မင်းသားတစ်လက် ဖြစ်လာခဲ့ပါပြီဆိုတဲ့ ဂျက်ကီချန်းရဲ့ စကားသံတွေဟာ အော်စကာ စင်မြင့်ထက်မှာ ပျံ့လွင့်နေခဲ့ပါတယ်။
ဆင်းရဲလွန်းလို့ ကလေးဘဝမှာ သူများဆီကို ရောင်းစားခံရမလို ဖြစ်ခဲ့တဲ့သူတစ်ယောက်၊ စာဖတ်ရခက်တဲ့ ရောဂါကြောင့် ကျောင်းမှာ အနိုင်ကျင့်ခံခဲ့ရသူတစ်ယောက်၊ ဘရုစလီကို လိုက်လံတုပနေလို့ လှောင်ပြောင်ခံခဲ့ရသူတစ်ယောက် ဘဝကနေ ဂျက်ကီချန်းဟာ မလျှော့သော ဇွဲတွေနဲ့ ကြိုးစားခဲ့လို့ အော်စကာဆုရ မင်းသားတစ်ယောက် ဖြစ်လာခဲ့ပါတယ်။
ဂျက်ကီချန်းရဲ့ ဘဝဖြစ်ရပ်တွေကနေ ကျွန်တော်တို့တွေ အတုယူနိုင်တဲ့ အရာတွေလည်း အများကြီးရှိနေပါတယ်။
အဲဒီထဲကမှ အဓိက အချက်တွေကတော့ ဘဝက ဘယ်လောက်ပဲ ထိုးနှက်နေပါစေ၊ ကိုယ့်အိပ်မက်ကို လက်မလျှော့ဘဲ ဆက်လက်ကြိုးစားနေဖို့နဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ချစ်ခင်တတ်ဖို့က ပိုအရေးကြီးတယ် ဆိုတာပါပဲ။
ဖတ်ရှု့အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Knight News Team
Crd
Crd