မျက်စိတစ်ဘက် မှန်ပြောင်းတစ်လက် (သို့) အစ္စရေးသူရဲကောင်း မိုရှေဒါယန် အကြောင်း

မိုရှေဒါယန် ငယ်စဉ်ဘဝ

မိုရှေဒါယန်သည် 1915 ခုနှစ်၊ မေလ(20)တွင် ဖွားမြင်သည်။ (မြန်မာ့လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်းထက် ၃.လ ငယ်သည်)။ နောင်အခါ အစ္စရေးနိုင်ငံဟူ၍ နိုင်ငံသစ်ပေါ်ပေါက်လာမည့် ထိုစဉ်အခါက ပါလက်စတိုင်းဒေသရှိ (Deganya)ဒါဂါးနီးယားမြို့တွင် မွေးဖွားခဲ့သည်။ မိုရှေဒါယန်ကဲ့သို့ အစ္စရေးမြေ၌ မွေးဖွားသူများကို အစ္စရေးချက်မြှုပ်များ (Sabra)ဆာဗရာဟု ခေါ်သည်။ 1948 ခုနှစ် အစ္စရေးနိုင်ငံထူထောင်ပြီးမှ အစ္စရေးသို့ ပြန်လည်ဝင်ရောက်လာကြသော ဂျူးလူမျိုးများထက် ဆာဗရာများက ပို၍ ဂျူးဇာတိမာန်ရှိသည်ဟုဆိုကာ ဂုဏ်ယူတတ်ကြသည်။

မိုရှေဒါယန်၏ မိဘနှစ်ပါးမှာ ရုရှားနိုင်ငံမှ ပြောင်းရွှေ့လာကြသူများ ဖြစ်သည်။ သူ၏ အဘိုးမှာ ရုရှားနိုင်ငံ ယူကရိန်းပြည်နယ်တွင် ထင်ရှားသော ပညာတတ် စာပေပညာရှင် တစ်ဦးဖြစ်သည်။ မိုရှေဒါယန်၏ ဖခင် (Shmuel) ရှယ်မူယယ်နှင့် မိခင် (Devorah) ဒဗိုရာတို့သည် ရုရှားမှ အစ္စရေးသို့ ပြောင်းရွှေ့ဝင်ရောက်လာပြီးနောက် ဒါဂါနီးယားဒေသတွင် “ဓားမဦးချ”အခြေစိုက် နေထိုင်စဉ်တွင် မိုရှေဒါယန်ကို မွေးဖွားခြင်းဖြစ်သည်။ မိုရှေဒါယန်၏ ဖခင်သည် အထူးကြိုးစားသော လယ်သမားတစ်ဦးအဖြစ် ဂျူးလူမျိုး တောင်သူလယ်သမားတို့အကြားတွင် ထင်ရှားခဲ့သည်။ နောင်အခါ သူသည် အစ္စရေးနိုင်ငံသစ်၏ ပါလီမန်အမတ် ဖြစ်လာခဲ့သည်။

ဒါဂါးနီးယားတွင် မိုရှေဒါယန်မိသားစုသည် အေးချမ်းစွာ လယ်ယာများကို လုပ်ကိုင်နေကြစဉ် အာရပ်လူမျိုးများနှင့် ဂျူးလူမျိုးများ၏ လူမျိုးရေးမုန်းတီးမှု ပဋိပက္ခများသည် ပြင်းထန်စွာ မီးပွားလာလေသည်။ ပါလက်စတိုင်းဒေသတွင် ဂျူးလူမျိုးများ အခြေစိုက်နေထိုင်ခြင်းကို အာရပ်လူမျိုးများက အကြမ်းဖက်တိုက်ခိုက်နေကြသည်။ ဂျူးလူမျိုးများကို လုံးဝမျိုးဖြုတ်ပစ်ရန် ကြိုးစားနေကြသည်။

မိုရှေဒါယန်၏ အစ်ကိုဖြစ်သော မိုရှေသာစကီးသည် အာရပ်လူမျိုးများ၏ ရက်စက်စွာ သတ်ဖြတ်ခြင်း ခံခဲရသည်။ နုနယ် ငယ်ရွယ်သော မိုရှေဒါယန်သည် ထိုအချိန်မှစ၍ အာရပ်လူမျိုးများကို လွန်စွာမုန်းတီးခဲ့လေသည်။ ကမ္ဘာမကြေ ဥဒါန်းမကြေ ကမ္ဘာ့ရန်သူအဖြစ် သတ်မှတ်ခဲ့လေသည်။

မိုရှေဒါယန် ၆-နှစ်သားအရွယ်တွင် သူတို့မိသားစုသည် ဂျက်စရီးတောင်ကြားမှ နဟားလားမြို့သို့ ပြောင်းရွှေ့နေထိုင်ကြသည်။ လယ်ယာစိုက်ပျိုးရေး ထွန်းကားသော ဒေသဖြစ်၍ မိုရှေဒါယန်၏ မိသားစုသည် ထိုဒေသတွင် ပထမဦးဆုံးသော လယ်ယာသမဝါယမအသင်းကို ထူထောင်နိုင်ခဲ့သည်။ ဂျူးလူမျိုးအချင်းချင်း သွေးစည်းညီညွတ်စွာဖြင့် ဝိုင်းလုပ် ဝိုင်းစား လုပ်ကိုင်ကြရန် မိုရှေဒါယန် ဖခင်က ဆော်သြစည်းရုံးရာ နုနယ်ငယ်ရွယ်သော မိုရှေဒါယန်သည်လည်း ဂျူးအမျိုးရေးစိတ်ဓာတ်ကို ပို၍ခိုင်မာစွာ အမွေဆက်ခံနိုင်ခဲ့လေသည်။

မိုရှေဒါယန်သည် မူလတန်းပညာ ပြီးဆုံးပြီးနောက် နာဟားလားမြို့ စိုက်ပျိုးရေးကျောင်းသို့ ဆက်လက်တက်ရောက်သည်။ သို့ရာတွင် ထိုကျောင်းမှာ မိန်းကလေးများအတွက် ဖွင့်လှစ်ထားခြင်း ဖြစ်သဖြင့် ယောကျ်ားလေးဆို၍ မိုရှေဒါယန်တစ်ယောက်တည်းသာ ရှိသည်။ သို့ရာတွင် သူ့ကို လယ်သမားတစ်ဦးဖြစ်လာစေရန် မှန်းထားသော မိဘများ၏ ဆန္ဒအတိုင်း မိုရှေဒါယန်သည် လယ်ယာစိုက်ပျိုးရေးပညာများကို မိန်းကလေးများနှင့်အတူ သင်ကြားခဲ့လေသည်။

၁၂-နှစ်သား ကာကွယ်ရေးတပ်သားလေး

1927 ခုနှစ် မိုရှေဒါယန် အသက်(၁၂)နှစ်အရွယ်တွင် ဘဝ၌ ကြီးစွာသော အပြောင်းအလဲတစ်ခုနှင့် ကြုံရသည်။ ယင်းမှာ အာရပ်လူမျိုးများ၏ ပြင်းထန်သော တိုက်ခိုက်မှုများကို ကြုံရခြင်း ဖြစ်သည်။ ထိုစဉ် ပါလက်စတိုင်းဒေသကို (British)ဗြိတိသျှတို့က နိုင်ငံပေါင်းချုပ်အသင်းကြီး၏ ဆုံးဖြတ်ချက်အရ ဂေါပကအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်နေပြီး အာရပ်နယ်မြေနှင့် ဂျူးနယ်မြေဟူ၍ နှစ်ပိုင်းခွဲ၍ သတ်မှတ်ပေးထားရာ ဂျူးနယ်မြေအတွင်းသို့ အာရပ်များက မကြခဏ ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်တတ်ကြသည်။ ထို့ကြောင့် ဂျူးလူးမျိုးများ၏ မြို့တိုင်း ရွာတိုင်းတွင် ကိုယ်ပိုင်ကာကွယ်ရေးတပ်များ ညကင်းအဖွဲ့များကို ဖွဲ့စည်း၍ စောင့်ကြပ်နေရသည်။

ထိုအချိန်တွင် ဂျူးအမျိုးသားတို့၏ လွလပ်ရေးအတွက် ကြိုးပမ်းနေသော (Hagannah)ဟာဂါနားအဖွဲ့ကြီးသည် အင်အားကြီးထွားနေလျက်ရှိရာ မိုရှေဒါယန်သည် များစွာသော ဂျူးလူငယ်များနည်းတူ ဟာဂါးနားတပ်ဖွဲ့ဝင် တစ်ဦးဖြစ်လာ၍ ကျေးရွာကာကွယ်ရေးတပ်ဖွဲ့တွင် ပါဝင်လာသည်။ သူသည် ကာကွယ်ရေးစစ်ပညာကို ပြင်းထန်စွာ ကြိုးစားသင်ယူခဲ့လေသည်။ (၁၂)နှစ်သား အရွယ်မှစ၍ လက်နက်ကိုင် ကာကွယ်ရေးတပ်သားကလေး ဖြစ်လာခဲ့သော မိုရှေဒါယန်သည် အသက်(၁၈)နှစ်အရွယ်တွင် လက်နက်ကိုင် သင်တန်းနည်းပြဆရာအဆင့်ထိ တိုးတက်လာလေသည်။ စိုက်ပျိုးရေးကျောင်းတွင် သင်ကြားခဲ့သော စိုက်ပျိုးရေးပညာထက် လယ်ကွင်းနှင့် တလင်းပြင်များတွင် သင်ကြားနေရသော စစ်ပညာ၌ ပို၍ ထူးချွန်နေသည်။

သူသည် လက်နက်ကိုင်တိုက်ခိုက်ခြင်း အတတ်ပညာကို အလွန်နက်နဲ၍ စိတ်ဝင်စားဖွယ်ကောင်းလှသော ပညာရပ်ဖြစ်သည်ဟု အလေးနက်ခံယူကာ အစွဲလမ်းဆုံး ဝါသနာတစ်ရပ်အနေဖြင့် လေ့လာဆည်းပူးခဲ့သည်။ ယင်းသို့ စစ်ပညာကို သဲသဲမဲမဲ ဝါသနာထုံခဲ့ခြင်းသည် နောင်အခါတွင် စစ်ဝါဒီကြီးတစ်ဦးဖြစ်လာမည့် မိုရှေဒါယန်၏ စစ်ပညာအစပျိုးခြင်းပင် ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ အသက်(၁၂)နှစ်မှစ၍ ဂျူးဇာတိမာန် စစ်သွေးစစ်မာန်တက်ခဲ့သော မိုရှေဒါယန်သည် အသက်(၅၈)နှစ် ရှိသည်တိုင်အောင် စစ်သွေးစစ်မာန် တလူလူ လွင့်နေဆဲဖြစ်သည်။

အိမ်ထောင်ဘက်နှင့် တွေ့ခြင်း

မိုရှေဒါယန်သည် ငယ်ငယ်ရွယ်ရွယ်နှင့် သေနတ်ကိုင်ခဲ့ရသည့်နည်းတူ ငယ်ငယ်ရွယ်ရွယ်နှင့်လည်း အိမ်ထောင်ကျခဲ့သည်။ အသက်(၂ဝ)တွင် ရုသ်ရှယ်ဝါ့ဇ် အမည်ရှိသော ဆယ်သက်ကျော် မိန်ကလေးတစ်ဦးနှင့် လက်ထပ်ခဲ့သည်။ ရုသ်ရှယ်ဝါ့ဇ်နှင့် မိုရှေဒါယန်သည် စိုက်ပျိုးရေးကျောင်းတွင် ဆုံမိကြပြီး မေတ္တာသက်ဝင် ချင်ခင်ခဲ့ကြသည်။ ရုသ်ရှယ်ဝါ့ဇ်သည် ဂျေရုဆလင်မြို့ရှိ ရှေ့နေကြီးတစ်ဦး၏ သမီးဖြစ်သည်။ သူတို့နှစ်ဦးစလုံး စိုက်ပျိုးရေးကျောင်းမှ ပညာပြီးဆုံးသော 1935 ခုနှစ်တွင် လက်ထပ်ခဲ့ကြသည်။

လက်ထပ်ပြီး မကြာမီ အင်္ဂလန်သို့ ပျားရည်ဆန်းခရီး ထွက်ခဲ့ကြသည်။ မိမိတို့ကို အုပ်ချုပ်စိုးမိုးနေသော အင်္ဂလန်ရွှေပြည်ကြီး၏ စည်ပင်သာယာပုံကို မိုရှေဒါယန်သည် တအံ့တသြ တွေ့ခဲ့ရသည်။ ထိုအခါ သူတစ်ပါး လက်အောက်ခံဖြစ်ရခြင်းကို ပို၍ နာကြည်းလာမိသည်။ တစ်ချိန်တည်းမှာပင် ကမ္ဘာ့အနှံ့အပြားတွင် ပျံ့ကျဲ ရောက်ရှိနေကြသော လက်ညှိုးထိုးပြစရာ နိုင်ငံဟူ၍ မရှိသည့် သွေးသားချင်း ဂျူးလူမျိုးတို့၏ ဘဝကို အသည်းနာနာဖြင့် ပြန်လည်မြင်ယောင်မိလာသည်။

အသက်(၂ဝ)မျှသာ ရှိသေးသော်လည်း မိုရှေဒါယန်သည် ဂျူးအမျိုးသားနိုင်ငံရေး ဦးဆောင်အဖွဲ့ကြီးဖြစ်သည့် ဟာဂါးနားအဖွဲ့ကြီး၏ ကျေးဇူးဖြင့် မျက်စိပွင့် နားပွင့် ဖြစ်ခဲ့လေပြီ။ ဟာဂါးနားတပ်ဖွဲ့ဝင် မိုရှေဒါယန်သည် ယီဂယ် အယ်လွန် ကဲ့သို့သော မျိုးချစ်လူငယ်များ၊ ယစ်ဇတ် ဆဒါ ကဲ့သို့သော သတ္တိခဲလူငယ်များနှင့် ရင်းနှီးခဲ့ပြီး ဖြစ်သည်။ ယီဂယ် အယ်လွန်သည် လွတ်လပ်ရေးတိုက်ပွဲကာလတွင် တောင်းပိုင်းစစ်မျက်နှာ ဦးစီးချုပ်ဖြစ်လာပြီး နောင်အခါ ဒုတိယဝန်ကြီးချုပ်အဆင့်အထိ တာဝန်ယူရသူ ဖြစ်သည်။ ယစ်ဇတ် ဆဒါသည် ပြောက်ကျားတိုက်ခိုက်ရေး ဦးစီးမှူးဖြစ်လာပြီး အစ္စရေးနိုင်ငံထောက်လှမ်းရေး ပါရဂူကြီးတစ်ဦး ဖြစ်လာသည်။

အယ်လွန်နှင့် ဆာဒါတို့ကဲ့သို့ ထူးချွန်သော မျိုးချစ်လူငယ်များနှင့်အတူ လက်တွဲခဲ့ရသော မိုရှေဒါယန်သည်လည်း သာမန်လယ်သမားပေါက်စလေး၏ အသိဉာဏ်မျိုးမက ရင့်ကျက်ခဲ့ပြီ ဖြစ်သည်။ မိုရှေဒါယန်သည် ဇနီးနှင့်အတူ အင်္ဂလန်မှ ပြန်လာပြီးနောက် ခဏမျှသာ အခြေတကျ နေထိုင်လိုက်ရသည်။ တစ်နှစ်မျှ မကြာမီ 1936 ခုနှစ်တွင် ဗြိတိသျှတို့က ကြီးမှူးဖွဲ့စည်းပေးသော မြို့စောင့်ရဲတပ်ဖွဲ့တွင် ပါဝင်ခဲ့ရပြန်သည်။ ထိုအချိန်၌ ဂျူးလူမျိုးများနှင့် အာရပ်လူမျိုးများတို့ ပဋိပက္ခ အပြင်းထန်ဆုံး ဖြစ်ပေါ်နေချိန်ဖြစ်၍ နာမည်ကျော် ဗြိတိသျှ စစ်ဗိုလ် (Wingate)ဝင်းဂိတ်ကို ငြိမ်ဝပ်ပိပြားရေးတာဝန် ထမ်းရွက်ရန် စေလွှတ်ထားသည်။

(Wingate)ဝင်းဂိတ်၏ တပည့်ကျော်

ဝင်းဂိတ်သည် အထူးညတပ်ဖွဲ့များကို ဖွဲ့စည်းကာ လူမျိုးရေးသတ်ပွဲကြီးများကို ကာကွယ်ထိန်းသိမ်းပေးခဲ့ရသည်။ ဝင်းဂိတ်၏ အထူးတပ်ဖွဲ့တွင် မိုရှေဒါယန်သည် အလွန်တက်ကြွစွာ ပါဝင်ခဲ့သည်။ ဝင်းဂိတ်ကလည်း ဆူပူသတ်ဖြတ်မှုများ ပပျောက်ရေးအတွက် အကောင်းဆုံးသော နည်းလမ်းများမှာ ဂျူးများကို ပြောက်ကျားစစ်ပညာ သင်ကြားပေးခြင်းပင် ဖြစ်သည်ဟု ခံယူသည်။ ထို့ကြောင့် အာရပ်တို့ကို တန်ပြန်တိုက်ခိုက်နိုင်ရန် ဂျူးလူငယ်များအား ရန်သူစခန်းကို ထောက်လှမ်းနည်း၊ အင်အားကြီးသော ရန်သူများကို အလစ်ဝင်တိုက်ကာ ထိုးခွဲနည်း၊ ရန်သူတို့ စနစ်တကျ လှုပ်ရှားသွားလာ စုရုံးခြင်း မပြုနိုင်အောင် အမြဲတစေ ဒုက္ခပေးနည်း စသည်ဖြင့် ပြောက်ကျားစစ်ပညာများကို အပတ်တကုတ် သင်ကြားပေးလေတော့သည်။

ပင်ကိုယ်ဝါသနာ အခြေခံရှိသော မိုရှေဒါယန်သည် ဝင်းဂိတ်၏ ခြေရာကို အမြန်ဆုံး နင်းမိ၏။ တစ်ထွာပြလျှင် တစ်တောင်မြင်သူ ဖြစ်သည်ဟူ၍ ချီးကျူးခံရသည်။ ထို့ကြောင့် မကြာမီ မိုရှေဒါယန်သည် အထူးညတပ်ဖွဲ့အား လေ့ကျင့်ပေးသော နည်းပြဆရာတစ်ဦး ဖြစ်လာလေသည်။ 1937 ခုနှစ်သို့ ရောက်သောအခါမူ မိုရှေဒါယန်သည် ဝင်းဂိတ်၏ လက်ထောက်ဦးစီးအဆင့်သို့ပင် တက်သွားလေတော့သည်။ ဝင်းဂိတ်သည် မိုရှေဒါယန်၏ စစ်ပညာ ရင့်ကျက်ပုံကို ကောင်းစွာနည်းလည်သူ ဖြစ်သည်။ ဝင်းဂိတ်က မိုရှေဒါယန်ကို ကျေနပ်အားရခဲ့သည့်နည်းတူ မိုရှေဒါယန်ကလည်း ဝင်းဂိတ်ကို မမေ့နိုင်ချေ။

“ကျုပ်တို့အပေါ်မှာ ဝင်းဂိတ်ရဲ့ ကျေးဇူးက အင်မတန် ကြီးမားလှပါတယ်။ ဒီနေ့ လက်ရှိ စစ်သားအားလုံးဟာ ဝင်းဂိတ်ရဲ့ အမွေကို ဆက်ခံကြရတဲ့ ဆင့်ပွားမျိုးဆက်တွေ ဖြစ်တယ်”ဟူ၍ ကာကွယ်ရေးဝန်ကြီး ဖြစ်လာချိန်ထိ မိုရှေဒါယန်က ဝင်းဂိတ်ကို မမေ့ဘဲ ကျေးဇူးတရားသိစွာဖြင့် ထုတ်ဖော် ဝန်ခံခဲဖူးသည်။ မှန်ပေသည်။ မိုရှေဒါယန်ကို လယ်သမားဘဝမှ ကမ္ဘာကျော် စစ်ဗိုလ်ချုပ်ကြီးအဖြစ်သို့ ပို့ဆောင်ပေးခဲ့သော လက်ဦးဆရာ စင်စစ်မှာ ဝင်းဂိတ်ပင် ဖြစ်သည် မဟုတ်ပါလော။

ဂျူးအမျိုးသား ကာကွယ်ရေးတပ်များကို ဝင်းဂိတ်က လေ့ကျင့်ပေးနေသော 1937 ခုနှစ်ထိ ဗြိတိသျှအစိုးရ၏ ဂျူးလူမျိုးများအပေါ် ထားရှိသော သဘောထားမှာ မဆိုးလှသေး။ အာရပ်များထက် ဂျူးများကို ပို၍ မျက်နှာသာ ပေးနေဆဲ ရှိ၏။ ဂျူးလူမျိုးများ ကိုယ်ပိုင်အုပ်ချုပ်ရေး နယ်မြေထူထောင်ရေးကို ဗြိတိသျှတို့က မဟာကရုဏာဖြင့် နိုင်ငံရပ်ခြားမှာ ဂျူးလူမျိုးများ ပါလက်စတိုင်းသို့ ပြောင်းရွှေ့စုံရုံးခြင်းကို မဟန့်တားဘဲ ခွင့်ပြုထားသည်။ ဂျူးလူမျိုးတို့၏ ကိုယ့်အားကိုယ်ကိုး ကာကွယ်ရေးအတွက် ဝင်းဂိတ်က အုပ်မြစ်ချပေးနေသည် မဟုတ်ပါလော့။

သို့ရာတွင် “ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်”ဆိုသကဲ့သို့ ဗြိတိသျှတို့၏ ပေါ်လစီသည် 1939 ခုနှစ်တွင် ပြောင်းလဲသွားသည်။ ဗြိတိန်နိုင်ငံ ချိန်ဘာလိန်အစိုးရသည် အာရပ်များအပေါ် သဘောထား ပျော့ပျေားလာပြီး ဂျူးကာကွယ်ရေးတပ်အပေါ် မယုံသင်္ကာ ဖြစ်လာသည်။

ဂျူးအမျိုးသား တိုက်ခိုက်ရေးတပ်များသည် တစ်နေ့တွင် ဗြိတိသျှတို့ကို ပြန်လည်အန်တုကာ လွတ်လပ်ရေးတိုက်ပွဲ ဝင်ကြချေမည်လောဟု စိုးရိမ်တကြီး ဖြစ်လာသည်။ ချိန်ဘာလိန်အစိုးရသည် ကိုယ်မွေးမိသော မျောက်ကို ကိုယ်ပြန်ကြောက်လာသည်။ ထို့ကြောင့် (Hagannah)ဟာဂါနားအဖွဲ့ကြီးကို တရားမဝင်အသင်းအဖြစ် ကြေညာလိုက်ပြီး ဂျူးအမျိုးသား ခေါင်းဆောင်များကို ဖမ်းဆီးလေတော့သည်။ ဟာဂါနားအဖွဲ့ကြီး၏ အကြံအစည်ကို ရိပ်မိသွားသောကြောင့် ဖြစ်သည်။ ဂျူးကာကွယ်ရေးတပ်များအပေါ်တွင် သံယောဇဉ်ကြီးမားနေပြီဖြစ်သော ဝင်းဂိတ်ကိုမူ “အင်္ဂလန်ပြည်တော် ပြန်စေ”ဟု ဆိုကာ ပြန်ခေါ်လိုက်လေသည်။ စစ်ပညာတွင်သာ ကျွမ်းကျင်၍ “နိုင်ငံရေး ပေါက်နှင့်ကျေး” မင်းပရိယာယ် အပြောင်းအလဲများကို နားမလည်ရှာသေးသော ဝင်းဂိတ်မှာမူ တပည့်များကို စွန့်ခွာ၍ အင်္ဂလန်ပြည်တော် ပြန်သွားရလေသည်။

အင်္ဂလိပ်နယ်ချဲ့၏ အကျဉ်းသမား

ထိုအချိန်တွင် ဝင်းဂိတ်၏ တပည့်ရင်းကြီးဖြစ်သော မိုရှေဒါယန်သည် အကျဉ်းထောင်သို့ ရောက်နေရလေပြီ။ ဟာဂါးနားအဖွဲ့ကြီး၏ ခေါင်းဆောင်(၄၂)ဦးကို ဖမ်းဆီးခဲ့ရာ မိုရှေဒါယန်သည်လည်း တစ်ယောက်အပါအဝင် ဖြစ်သည်။ အသက်(၂၄)နှစ်သာ ရှိသေးသော မိုရှေဒါယန်ကို အဆိပ်ရှိသော မြွေတစ်ကောင် ဖြစ်နိုင်သည်ဟု သတ်မှတ်ကာ ဗြိတိသျှအာဏာပိုင်များက ခေါင်းဆောင်စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။

မိုရှေဒါယန် ထောင်နန်းစံရချိန်တွင် ဝင်းဂိတ်သည် အီသီယိုးပီးယားနိုင်ငံ စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်ရပြန်သည်။ အီသီယိုးပီးယားမှာလည်း သိပ်မကြာ။ ထိုမှတစ်ဖန် မြန်မာနိုင်ငံသို့ စစ်မှုထမ်း သွားရပြန်သည်။ ဒုတိယကမ္ဘာစစ်တွင်း အိန္ဒိယ-မြန်မာနယ်စပ်ကြား အင်ဖာမှ အင်္ဂလိပ်ဌာနချုပ်ရှိရာ ဘာလဂတ်မြို့သို့ လေယာဉ်ဖြင့်သွားရာ လမ်းခုလပ်တွင် လေယာဉ်ပျက်ကျပြီး သေဆုံးရရှာသည်။

မိုရှေဒါယန်၏ အမှုသည်ကား ထင်ရှားလျက်ရှိသည်။ ယင်းတို့အဖွဲ့သည် ဗြိတိသျှတို့ထံမှ သင်ယူခဲ့သော စစ်ပညာဖြင့် ဗြိတိသျှတို့ကို ပြန်လည်ပုန်ကန်ရန် ကြံစသည်ခဲ့သည်ဟု စွဲချက်တင်ခံရသည်။ မိုရှေဒါယန်၏ လူတစ်စုသည် 1939 ခုနှစ် အောက်တိုဘာတွင် လျှို့ဝှက်စစ်သင်တန်းတစ်ခုကို ယာဗနီယယ်ရွာတွင် လေ့ကျင့်နေခိုက် ဗြိတိသျှတို့က သတင်းရပြီး ဝိုင်းဖမ်းခဲ့ခြင်း ဖြစ်သည်။

ဤသို့ဖြင့် မိုရှေဒါယန်သည် အကျဉ်းသားဘဝသို့ ရောက်ခဲ့ရလေသည်။ မိုရှေဒါယန်သည် မရိုးသော ကြံရွယ်ချက်ဖြင့် လက်နက်ကိုင် လူသူစုဆောင်းမှု၊ ပုန်ကန်ရန် ကြံစည်မှုတို့ဖြင့် ထောင်ဒဏ်(၁ဝ)နှစ် ချမှတ်ခံရလေသည်။ သို့ရာတွင် မကြာမီ ပြစ်ဒဏ်လျှော့ပေါ့ပြီး ထောင်ဒဏ်(၅)နှစ်သို့ ပြောင်းလဲစီရင်ခံခဲ့ရသည်။

ဖက်ဆစ်ဆန့်ကျင်ရေး ပြောက်ကျားဗိုလ်

မိုရှေဒါယန်သည် အဆိုပါ ထောင်ဒဏ်(၅)နှစ်ကိုလည်း အပြည့်မခံခဲ့ရပေ။ ဒုတိယကမ္ဘာစစ် အရှိန်မြင့်လာသော 1941 ခုနှစ်တွင် ဖက်ဆစ်ဂျာမန်တို့ကို ပွဲကြီးပွဲကောင်း ဆင်နွှဲရတော့မည် ဗြိတိသျှတို့သည် မိုရှေဒါယန်ကဲ့သို့သော တိုက်ခိုက်ရေးသမားများကို လိုအပ်လာသည်။ ထို့ကြောင့် ပါလက်စတိုင်း၊ ဆီးရီးယား၊ လက်ဘနွန်ဒေသများတွင် ဖက်ဆစ်ဂျာမန်တို့၏ လက်အောက်ခံ ပြင်သစ်ဗီရိုအစိုးရ၏ တပ်များကို တိုက်ခိုက်ရန် ဒေသခံပြောက်ကျား တပ်ဖွဲ့များကို ဗြိတိသျှအာဏာပိုင်များက ဖွဲ့စည်းပေးလေသည်။

ဤတွင် မိုရှေဒါယန်နှင့် အပေါင်းအပါများကို ထောင်မှလွှတ်ပေးပြီး ပြောက်ကျားစစ်ဆင်ရေးနှင့် ထောက်လှမ်းရေးတာဝန်ကို ပေးအပ်လေသည်။ ဟာဂါးနားအဖွဲ့ကြီးကိုလည်း တရားဝင် ပြန်လည်ထူထောင်ခွင့် ပေးလေသည်။ မိုရှေဒါယန်တို့ကလည်း ဖက်ဆစ်ဆန့်ကျင်ရေး တိုက်ပွဲတွင် စိတ်ပါလက်ပါ ကူညီပေးခဲ့ကြသည်။ အထူးသဖြင့် မိုရှေဒါယန်သည် အာရပ်စကားကို ကျွမ်းကျင်စွာ ပြောဆိုနိုင်သည်ဖြစ်၍ အာရပ်လူမျိုးများအဖြစ် ရုပ်ဖျက်ကာ ကွန်မန်ဒိုတပ်ဖွဲ့ တစ်ဖွဲ့ကို ခေါင်းဆောင်ပြီး ဆီးရီးယားနိုင်ငံတွင် တာဝန်ယူခဲ့ရသည်။ အာရပ်လူမျိုးများအသွင် ရုပ်ဖျက်ထားသော မိုရှေဒါယန်တို့အဖွဲ့သည် ဆီးရီးယားနိုင်ငံတွင်းရှိ ဖက်ဆစ်ဂျာမန် ဘက်တော်သား ပြင်သစ်တပ်များကို အမျိုးမျိုးလှည့်လည် ဒုက္ခပေးနိုင်ခဲ့သည်။

သူ၏တပ်ဖွဲ့သည် ရှေ့ပြေးကင်းထောက်တပ်ဖွဲ့ဖြစ်၍ ရန်သူသတင်းများကို ထောက်လှမ်းခြင်း၊ ရန်သူရိက္ခာစခန်းများကို ဖျက်ဆီးခြင်း၊ နောက်မှ မဟာမိတ်တပ်များကို စစ်ချီလမ်းပြပေးခြင်း စသည်ဖြင့် များစွာ အကျိုးပြုနိုင်ခဲ့သည်။ ဆီးရီးယားသို့ မဟာမိတ်တပ်များဖြစ်သော သြစတြေးလျတပ်များက ဝင်ရောက်တိုက်ခိုက်နိုင်ရန် အဓိက အထောက်အကူပေးခဲ့သူမှာ မိုရှေဒါယန်တို့၏ အဖွဲ့ဖြစ်ကြောင်း မှတ်တမ်းတင်ခဲ့ရလေသည်။ (1941 ခုနှစ်တွင် ဆီးရီးယားမှ တစ်ဆင့် လက်ဘနွန်သို့ ခရီးဆက်ကာ တိုက်ပွဲဆင်စဉ် မိုရှေဒါယန်၏ မျက်စိတစ်ဘက် ဆုံးရှုံးရပုံကို ဖော်ပြခဲ့ပြီး ဖြစ်သည်။)

မိုရှေဒါယန်တို့ အပေါင်းအပါတိုသည် အရှေ့အလယ်ပိုင်းဒေသမှ ဥရောပစစ်မျက်နှာအထိ ဆက်လက်၍ စစ်ချီခဲ့သေးသည်။ ဥရောပစစ်မျက်နှာမှ အပြန်တွင် မိုရှေဒါယန်သည် ဂျေရုဆင်မြို့၌ ဗြိတိသျှတပ်သားများနှင့် ဆက်သွယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့ရသည်။ ထိုအချိန်တွင် ဒဏ်ရာရသော အင်္ဂလိပ်လေယာဉ်မှူးများကို လေထီးဆင်း ဂျူးတပ်ဖွဲ့ဝင်များနှင့် စစ်မြေပြင်သို့ ဆင်းသင်ကယ်ဆယ်ရေး အစီအစဉ်များကို မိုရှေဒါယန်က ကြီးမှူးဆောင်ရွက်ပေးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန်၌ မိုရှေဒါယန်သည် နာဟာဘားလားမြို့သို့ ပြန်ကာ မြေရိုင်းများကို ခုတ်ထွင်၍ လယ်ယာစိုက်ပျိုးရေး ပြန်လုပ်နေတော့သည်။ သူသည် လယ်သမားဖြစ်ချင်းသော ဗီဇအညွန့် အညှောက်ကလေး ပြန်ပေါ်လာခြင်း ဖြစ်သည်။ သို့ရာတွင် ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားသော်လည်း မိုရှေဒါယန်တို့၏ တာဝန်ပြီးဆုံးပြီလော၊ မပြီးဆုံးသေး။ ဂျူးလူမျိုးတို့အတွက် လက်ညှိုးထိုးပြစရာ နိုင်ငံဟူ၍ မရှိသေး။ ဂျူးလူမျိုးများသည် နိုင်ငံတကာတွင် အနှိမ်ခံ အပယ်ခံ ထီးသုဉ်း နန်းသုဉ်း ဆုံးရှုံးနေရသော လူမျိုးတစ်မျိုးအဖြစ် မျက်နှာငယ်ရဆဲ ဖြစ်သည်။

လယ်ယာမြေနှင့် ဝေးခဲ့ပြီ

ထို့ကြောင့် မိုရှေဒါယန်သည် လယ်ယာမြေတွင် အခြေတကျ မနေနိုင်သေးဘဲ ဟာဂါးနားအဖွဲ့ကြီးတွင် ဆက်လက်၍ ပါဝင်နေရပြန်သည်။ နိုင်ငံရေးသည် ပို၍ အရေးကြီးနေပြန်ပေသည်။ လွတ်လတ်ရေးတိုက်ပွဲအတွက် ပြင်ဆင်မှုများမှာ ပို၍ အဟုန်ပြင်းလာချေပြီ။ ဟာဂါးနားအဖွဲ့ကြီး၏ နိုင်ငံရေးလုပ်ငန်းများနှင့် တွဲ၍ မိုရှေဒါယန်သည် ဂျူးအမျိုးသား အရန်တပ်ဖွဲ့တွင် ဗိုလ်မှူးအဆင့်ဖြင့် အမှုထမ်းခဲ့သည်။ ထိုရာထူးကို မိုရှေဒါယန်သည် 1948 ခုနှစ် အာရပ်-အစ္စရေး စစ်ပွဲဖြစ်ချိန်ထိ တာဝန်ယူခဲ့ရသည်။

အာရပ်နိုင်ငံများနှင့် ကျားကုတ်ကျားခဲ တိုက်ခိုက်ခဲ့ရသော 1948 ခုနှစ် စစ်ပြီးသည့်နောက်ပိုင်းတွင်မူ မိုရှေဒါယန်သည် လယ်သမားဘဝသို့ လုံးဝ ခြေဦးမလှည့်နိုင်တော့ချေ။ စစ်ရေးနှင့် နိုင်ငံရေး သံသရာတွင်သာ မွေ့လျော်နေရတော့သည်။ စိုက်ပျိုးရေးသမား လယ်လုပ်သားတစ်ဦး ဖြစ်လာရန် ဘဝပန်းတိုင် ရည်မှန်းခဲ့ဖူးသော မိုရှေဒါယန်သည် ၁၂-နှစ်သား အရွယ်မှစ၍ လယ်ယာမြေကို ကျောခိုင်းကာ အမျိုးသားကာကွယ်ရေးအတွက် သေနတ်ကိုင်းခဲ့ရသည်။ အသက်(၅၁)နှစ် ရှိသည်အထိ သေနတ်နှင့် မကင်းနိုင်သေး။

“ဂျူးလူမျိုးတို့၏ ကိုယ်ပိုင်နိုင်ငံ ထူထောင်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ရပါသည်”ဟု အတိတ်ကာလက မိုရှေဒါယန် ပြောခဲ့ဖူးသည်။ ယခုပစ္စုပ္ပန်တွင်မူ “အစ္စရေးနိုင်ငံ၏ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးအတွက် စစ်တိုက်နေရပါသည်”ဟု မိုရှေဒါယန်က ပြောနေပြန်သည်။
သို့ရာတွင် ယနေ့ မိုရှေဒါယန် ကိုင်နေသော သေနတ်သည် ဆိုခဲ့ပြီးသည့်အတိုင်း မိမိနိုင်ငံကို ကာကွယ်ရေးအတွက်မျှသာ ဟုတ်ပါသေး၏လော။ သမိုင်းစာမျက်နှာက အဖြေပေးသွားပါလိမ့်မည်။

မျက်စိတစ်ဘက် မှန်ပြောင်းတစ်လက်

မိုရှေဒါယန်၏ မျက်လုံးထဲ၌ ရုတ်တရက် မီးပွင့်သလို ခံစားလိုက်ရသည်။ လက်ထဲမှ မှန်ပြောင်းသည် မျက်နှာကို ပြင်းထန်စွာ ဆောင့်ကန်ပြီး အစိတ်စိတ်အမွှာမွှာ ကွဲကြေလွင့်စင်ကာ မှန်စများသည် ဝဲဘက်မျက်လုံးကို စူးဝင်သွားလေသည်။ လူမှာကား ဖင်ထိုင်လျက် လဲကျသွားသည်။ ဝဲဘက်မျက်လုံးသည် သွေးစိမ်းများ ယိုစီးထွက်ကျလျက် ရှိသည်။

မိုရှေဒါယန်သည် ရန်သူတပ်စခန်းရှိရာသို မှန်ပြောင်းဖြင့် ကြည့်ရှုကင်းထောက်နေခိုက် အလင်းရောင်ထိုး၍ အရောင်တလက်လက် အလင်းပြန်နေသော သူ၏မှန်ပြောင်းကို ချိန်သားယူကာ ရန်သူလက်ဖြောင့်တပ်သား တစ်ယောက်က လှမ်းပစ်လိုက်ခြင်း ဖြစ်သည်။ ရန်သူ့ကျည်ဆံသည် လက်ဝဲဘက် မှန်ပြောင်းတည့်တည့်ကို ထိမှန်ကာ ကျည်ဆံတွန်းအားကြောင့် မှန်ဘီလူးကွဲသွားပြီး မှန်အကွဲအစများက မျက်လုံအိမ်ကို ပြင်းထန်စွာ ထိုးစိုက်မိ၏။ မျက်လုံးကို တိုက်ရိုက်မထိမှန်ဘဲ မှန်ဘီလူးကို ထိမှန်သဖြင့် ကျည်ဆံအားပျော့သွားသောကြောင့် အသက်မသေခဲ့ခြင်း ဖြစ်သည်။ ဤသို့ဖြင့် မိုရှေဒါယန်သည် ဝဲဘက်မျက်စိတစ်ဘက် ဆုံးရှုံးရလေသည်။

1942 ခုနှစ်တွင်းက ဖြစ်သည်။ မိုရှေဒါယန်နှင့် သူ၏ လျှို့ဝှက်ပြောက်ကျား တပ်ဖွဲ့သည် ဆီးရီးယားနှင့် လက်ဘနွန်နိုင်ငံထဲ၌ လှုပ်ရှားသွားလာနေသည်။ မိုရှေဒါယန်တို့အဖွဲ့သည် ရန်သူ့စခန်းများကို ထောက်လှမ်းရသော ကင်းထောက်တပ်ဖွဲ့ ဖြစ်သည်။ ရန်သူမှာ အခြားမဟုတ် အာဏာရှင်ကြီး ဟစ်တလာ၏ ဖက်ဆစ်ဂျာမန်တို့က ကြိုးဆွဲထားသော ပြင်သစ်လက်နက်ကိုင် တပ်များဖြစ်သည်။ ထိုပြင်သစ်တပ်များသည် ဂျာမန်အင်ပါယာကြီး၏ လက်တွင်းသို့ ကျရောက်နေကာ ဆီးရီးယားနှင့် လက်ဘနွန်နိုင်ငံထဲတွင် တပ်စွဲနေသည်။ ထိုအချိန်တွင် မဟာမိတ်တပ်များကလည်း တန်ပြန်လှုပ်ရှားနေပြီဖြစ်ရာ မိုရှေဒါယန်တို့အုပ်စုသည် ဖက်ဆစ်ဆန့်ကျင်ရေးအတွက် မဟာမိတ်တို့အား ပူးပေါင်းကူညီနေခြင်း ဖြစ်သည်။

မိုရှေဒါယန်သည် အင်္ဂလိပ်တို့ကို တော်လှန်ပုန်ကန်မှုဖြင့် ထောင်(၁ဝ)နှစ် ကျခံထားရာမှ တစ်နှစ်ကျော်မျှ အကြာတွင် ထောင်မှ လွတ်လာပြီး အင်္ဂလိပ်တို့က ပြန်လည် အသုံးချခံရခြင်း ဖြစ်သည်။ မိုရှေဒါယန်တပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံတွင် ကင်းထောက်ခြင်း တာဝန်ယူပြီးနောက် အာရပ်လူမျိုးကဲ့သို့ ရုပ်ဖျက်၍ လက်ဘနွန်သို့ ဝင်လာခဲ့သည်။ တောင်ပိုင်းဒေသတွင် လှည့်လည်သွားလာကာ ရန်သူ နာဇီတပ်များ၏ လှုပ်ရှားမှုများကို လျှို့စွာ ထောက်လှမ်းလျက်ရှိသည်။ တစ်နေ့တွင် မိုရှေဒါယန်သည် မှန်ပြေင်းတစ်လက်ဖြင့် ရန်သူ့စခန်း တစ်နေရာကို အာရုံစူးစိုက်စွာ ကြည့်ရှုနေစဉ် ရန်သူလက်ဖြောင့်တပ်သား၏ လက်ချက်ဖြင့် မျက်လုံးတစ်ဘက် ဆုံးရှုံးရလေသည်။

မျက်လုံးမှ သွေးစိမ်းများ ယိုစီးကာ မမြင်မကမ်း ဖြစ်နေရသော်လည်း မိုရှေဒါယန်သည် သတိမလစ်။ သူ၏ တပ်ဖွဲ့ကို အောင်မြင်စွာ ဆုတ်ခွာရန် ကြပ်မတ်ကွပ်ကဲနိုင်ခဲ့သေးသည်။ မိုရှေဒါယန်ဒ မျက်လုံးကို နှစ်ကြိမ်တိုင်တိုင် ခွဲစိတ်ကုသသော်လည်း အလင်းမရတော့ဘဲ သမားတော်ကြီးများက လက်လျှော့လိုက်ရပြီးသည့်နောက် ဟောက်ပက်ပက်ဖြစ်နေသော မျက်တွင်းကြီးကို အနက်ရောင် သုံးမြောင့်ဝိုင်း ပလပ်စတစ်ပြားကလေးဖြင့် ဖုံးအုပ်ထားရလေတော့သည်။

မည်သို့ပင်ဖြစ်စေ ယင်းသို့ မျက်စိတစ်ဘက် ဆုံးရှုံးခဲ့ရ၍ ရှေးခေတ်က ပင်လယ်ဓားပြကြီးများကဲ့သို့ မျက်စိတစ်ဘက် အနက်ရောင် ဖုံးထားရခြင်းသည်ပင် မိုရှေဒါယန်၏ ထူးခြားထင်ရှားသော မူပိုင်ဖက်ရှင်(Fashion) ဖြစ်လာလေသည်။ နှစ်ပေါင်း(၃ဝ)ကျော်မျှ ကြာပြီဖြစ်သော ဖက်ရှင်ပင်တည်း။

နောင်အခါ မိုရှေဒါယန်နှင့် ပတ်သက်၍ ကာတွန်းရုပ်ပြောင်များ ရေးဆွဲကြသည့်အခါတိုင်း အဆိုပါ မျက်နှာဖုံး အနက်ဝိုင်းလေးသည် သင်္ကေတတစ်ခုအနေဖြင့် ပါရှိလာရသည်။ ရန်သူခေါင်းဆောင်များက ဓားကြိမ်း ကြိမ်းရာတွင် “မိုရှေဒါယန်၏ ကျန်တဲ့ မျက်လုံးတစ်ဘက်ကိုပါ ဖောက်ပစ်မယ်”ဟု အငြိုးကြီးစွာ ပြောဆိုတတ်ကြသည်။

သို့ရာတွင် မိုရှေဒါယန်ကို အသည်းစွဲ ချစ်ကြသော အစ္စရေးစစ်သားများကမူ သူ၏ “ပင်လယ်ဓားပြ ဖက်ရှင်”ကိုပင် အားကျလျက် ရှိသည်။ မျက်လုံးသည် လူ့ခန္ဓာကိုယ်၏ အစိတ်အပိုင်းများအနက် အဖိုးတန်ဆုံးဖြစ်သော်လည်း စစ်ပွဲတွင် မျက်လုံးဒဏ်ရာရကြသော အစ္စရေးစစ်သားများသည် သူတို့၏ မျက်လုံးတစ်ဘက် ဆုံးရှုံးမှုကို ဝမ်းနည်းရမည့်အစား မိုရှေဒါယန်နှင့် ပုံတူဖြစ်လာမည်ကို ဂုဏ်ယူပျော်ရွှင်လျက်ပင် ဖြစ်နေကြသေးသည်။ မျက်လုံးဒဏ်ရာ ရသူချင်းအတူတူ ဝဲဘက်မျက်လုံးဒဏ်ရာရသူက ပို၍ပင် ဂုဏ်ယူနေကြသေးသည်ဟု ဆိုလေသည်။

မိုရှေဒါယန် ကိုယ်တိုင်ကလည်း သူ့မျက်လုံးတစ်ဘက် ဆုံးရှုံးခဲ့ရခြင်းကို ဝမ်းနည်းစရာဟု မယူဆချေ။ သူ၏ မျက်လုံးဆုံးရှုံးမှုသည် ငယ်စဉ်အခါက ဆော့ကစားသောကြောင့်လည်းကောင်း၊ တစ်ခုခုနှင့် ထိုးမိ ခိုက်မိသောကြောင့်လည်းကောင်း ဖြစ်ရခြင်းမျိုး မဟုတ်။ စစ်မြေပြင်တွင် တာဝန်ထမ်းဆောင်နေစဉ် ဆုံးရှုံးရခြင်းဖြစ်၍ စစ်သားတစ်ဦးအနေဖြင့် အလွန်ဂုဏ်ယူဖွယ်ရာ အမှတ်သင်္ကေတ တစ်ခုအဖြစ်ဟုသာ သဘောထားသည်။ သူသည် မှန်ပြောင်းဖြင့် ကြည့်နေစဉ် မျက်လုံးတစ်ဘက် ပျက်စီးခြင်းဖြစ်သော်လည်း စစ်ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသည့်တိုင်အောင် မှန်ပြောင်းကို မစွန့်သေး။ စစ်မြေပြင်များသို့ ကိုယ်တိုင်သွားရောက်ကာ အကောင်းပကတိ ညာဘက်မျက်လုံးဖြင့် ကြည့်၍ ကွပ်ကွဲညွှန်ကြားနေလျက်ပင် ရှိသည်။

မိုရှေဒါယန် စစ်ဦးစီးချုပ်ဘဝတုန်းက စစ်မြေပြင်သို့ သွားရောက်၍ တိုက်ပွဲများကို ကိုယ်တွေ့မျက်မြင် ကြည့်ရှုသုံးသပ်ကာ လိုအပ်သည်များကို ချက်ချင်း ညွှန်ကြားတတ်သည်။ ကာကွယ်ရေးဝန်ကြီး ဖြစ်လာသော်လည်း ဝန်ကြီးဟန်ပန် တစ်ခွဲသားဖြင့် စားပွဲထိုင်နေသည်ဟူ၍ မရှိ။ စစ်မြေပြင်သို့သာ ခြေဦးလှည့်နေတတ်သည်။

“ကျုပ်ကိုယ်တိုင် ရှေ့တန်းတပ်စခန်းဆီကို လှည့်လည်ကြည့်နေတော့ တပ်ရင်းမှူးတွေ၊ တပ်ခွဲမှူးတွေအဖို့ အနေကျုံ့စရာ ဖြစ်ပါလိမ့်မည်။ ဒါပေမဲ့ မတတ်နိုင်ဘူး။ မိုရှေဒါယန်ဆိုတဲ့ လူစားမျိုးက ဌာနချုပ်ရုံးခန်းထဲမှာ လေအေးစက်ဖွင့်၍ ဇိမ်းနဲ့ စားပွဲမှာထိုင်ပြီး အောက်က ဆင့်ကဲဆင့်ကဲ တင်ပြလာတဲ့ တစ်ရက်,နှစ်ရက် နောက်ကျပြီးမှ ရောက်လာတဲ့ စစ်ရေးအစီရင်ခံစာတွေ ဖတ်ရတာကို ဘယ်လိုမှ ဘဝင်မကျဘူး။ ကျေနပ်မှုလည်း မရှိဘူး။ လက်တွေ့အခြေနေကို ဘာမှလဲ မသိရဘဲ စိတ်ကူးသဘောနဲ့ ညွှန်ကြားရတာမျိုးတော့ မလုပ်ချင်ဘူး။

အစီရင်ခံစာတွေ စားပွဲပေါ်ရောက်လာမှ ဖတ်ရတော့ တစ်ချို့ကိစ္စတွေ သိပ်နောက်ကျသွားပြီ။ ရှေ့တန်းမှာ တစ်ခုခု ထူးခြားပြီဆိုရင် အခင်းဖြစ်ပွားတဲ့နေရာကို ကိုယ်တိုင်သွားရောက် ကိုယ်တိုင်လေ့လာပြီးမှ လက်တစ်ကမ်းမှာပဲ ချက်ချင်းလုပ်စရာ ရှိတာကို လုပ်ဖို့ ညွှန်ကြားရတာမျိုးကို ကျုပ်က ပိုကြိုက်တယ်။ ရှေ့တန်းမှာ တကယ့်အခြေအနေကို ကျုပ်က ကိုယ်တွေ့မျက်မြင် ဦးဦးဖျားဖျား ကိုယ်တွေမျက်မြင် သိချင်တယ်။ ဒါမှလည်း ထောက်ပံ့ကူညီစရာတွေ စီစဉ်ညွှန်ကြားဖို့ လိုအပ်တာတွေကို အချိန်မနှောင်းဘဲ စီစဉ်ပေးနိုင်တာပေါ့။ အဆင့်ဆင့် အစီရင်ခံစာတို့ ဘာတို့ဆိုတာ အပိုတွေပါဗျာ။ အရေးကြီးတာက အလုပ်ဖြစ်ဖို့ပဲ မဟုတ်လား။”

အထက်ပါအတိုင်း မိုရှေဒါယန်က စစ်မြေပြင် သတင်းထောက်များကို ပြောကြားခဲ့သည်။ သူသည် ပြောသည့်အတိုင်းလည်း လုပ်တတ်၍ သွားချင်ရာသို့ ချက်ချင်း ထသွားတတ်သော အကျင့်ရှိသည်။ သူ၏ အမိုးဖွင့် ဂျစ်ကားသည် ရန်သူ၏ ပစ်ကွင်းထဲသို့ မကြာခဏ ဝင်သွားတတ်သည်။ သို့ရာတွင် သူသည် အသက်ဘေးမှ လွတ်၍ ကံကောင်းနေသည်။

အစ္စရေး၏ ရန်သူဖြစ်သော အာရပ်နိုင်ငံများသည် မိုရှေဒါယန်ကို ဖြစ်နိုင်လျှင် အရေးဆုတ်ပြီး သုတ်သင်ပစ်လိုသည်။ 1973 ခုနှစ် ယွန်ကပူး စစ်ပွဲအတွင်းက ဆီးရီးယားစစ်မျက်နှာဖြစ်သော ဟာမွန်တောင်ကုန်းတိုက်ပွဲ၌ မိုရှေဒါယန်သည် ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း သတင်းကြီးတစ်ရပ် ပေါ်ထွက်လာသည်။ အစ္စရေးနှင့် စစ်ပြိုင်တိုက်ခိုက်နေသော အာရပ်နိုင်ငံများဘက်မှ သတင်းလွှင့်ခြင်းဖြစ်သည်။ အစ္စရေးစစ်တပ်ကို စိတ်ဓာတ်စစ်ဆင်ရေးဖြင့် ထိုးနှက်ခြင်း ဖြစ်သည်။

သို့ရာတွင် ထိုသတင်းထွက်ပေါ်လာသည့် နေ့မှာပင် မိုရှေဒါယန်က ရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားလျက် ကိုယ်ထင်ပြလိုက်ရာ အစ္စရေးပြည်သူများ စိတ်အေးသွားပြီး အာရပ်တို့မှာ ခိုးလုခိုးလု ဖြစ်သွားကြရသည်။ မကြာမီ မိုရှေဒါယန်သည် ရှေ့တန်းစစ်မျက်နှာများသို့ ဆက်လက်ခြေဆန့်ပြန်သည်။ တိုက်ပွဲများ အပြင်ထန်းဆုံးဖြစ်သည့် စူးအက်တူးမြောင်း အနောက်ဘက်ကမ်းသို့ပင် ကိုယ်တိုက်သွားရောက်ပြီး ဦးစီးကွပ်ကဲခဲ့လေသည်။

စစ်မြေပြင်သုံး စစ်ဝတ်စုံနှင့် သံခမောက်ဆောင်း၍ သဲကန္တာရပေါ်တွင် ဖုန်းထောင်းထောင်းနှင့် အပြေးမောင်းနှင့်လာသော အမိုဖွင့်ဂျစ်ကားပေါ်တွင် လိုက်ပါလာသော မျက်စိတစ်ဘက်ဖုံး မှန်ပြောင်းတစ်လက်နှင့် စစ်ဦးစီးချုပ် မိုရှေဒါယန်ကို တွေ့မြင်လိုက်ရခြင်းသည် အစ္စရေးစစ်သားများအဖို့ အစွမ်းထက်ဆုံး အားဆေးတစ်ခွက်ပင် ဖြစ်နေလေတော့သည်။ တပ်ကူတစ်သန်း ပို့လိုက်သည်ထက်ပင် ပို၍ အားရှိကြလေသည်။

သို့ရာတွင် စစ်ကိုဆန့်ကျင်သော ငြိမ်းချမ်းရေးကို မြတ်နိုးသော ကမ္ဘာ့ပြည်သူများ၏ အမြင်ရှုထောင့်တွင်မူ အဆိုပါ မျက်စိတစ်ဘက် အဝတ်နက်ဖုံးထားသော မိုရှေဒါယန်ကို တစ်မျိုးတစ်ဖုံ တွေ့မြင်ကြပေသည်။

ကမ္ဘာ့ပြည်သူများသည် မိုရှေဒါယန်ကို “သွေးဆာနေသော နယ်ပယ်ချဲ့ထွင်ရေးသမား၊ (၂ဝ)ရာစု၏ နပိုလီယန်၊ ပြန်လည်မွေးဖွားလာသော ဟစ်တလာ”ဟူသော ဘွဲ့ထူး ဂုဏ်ထူး အမည်များနှင့် ယှဉ်တွဲလျက်သာ တွေ့မြင်နေကြပေသည်။

မိုရှေဒါယန်၏ တစ်ဘက်တည်းသော မျက်စိသည် သူ့ဘက်ကိုယ့်ဘက် နှစ်ဘက်မျှ၍ မကြည့်ဘဲ ဂျူးလူမျိုး တစ်မျိုးတည်းနှင့် အစ္စရေးတစ်နိုင်ငံတည်း၏ အကျိုးကိုသာ တစ်ဘက်သတ် ကြည့်တတ်သူဟူ၍လည်းကောာင်း၊ သူကိုင်ဆောင်ထားသော မှန်ပြောင်းသည် နယ်ပယ်ချဲ့ထွင်ရေးနှင့် စစ်ဝါဒီ တိမ်သလ္လာများနှင့် ဖုံးလွှမ်းနေသည်ဟူ၍လည်းကောင်း ခေတ်မှီတိုးတက်သော ကမ္ဘာ့နိုင်ငံများက အကဲဖြတ် ဝေဖန်လျက် ရှိကြလေသည်။

(တိုင်းပြည်နှင့် လူမျိုးအတွက် စွမ်းစွမ်းတမံထမ်းဆောင်ခဲ့သော မိုရှေဒါယန်သည် ၁၉၈၁ခုနှစ် အောက်တိုဘာ ၁၆ရက်နေ့ အသက် ၆၆နှစ်အရွယ်တွင် heart attack ရောဂါဖြင့်သေဆုံးခဲ့သည်။ သူ့အား တချိန်က ဒါယန်မိသားစုရဲ့ လယ်မြေလေးရှိရာ Nahalal ရွာလေးတွင်မြုပ်နှံခဲ့သည်)

Written By မိုရှေဒါယန်အစ္စရေးသူရဲကောင်း