မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာတရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို “elder brother” “အယ်ကိုကြီး” လို့ခေါ်ခဲ့လို့ ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်တာခံနေရ

မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi ကို “elder brother” “အယ်ကိုကြီး” လို့ခေါ်ခဲ့လို့ ဆိုရှယ်မီဒီယာတွေမှာ ဝေဖန်တာခံနေရပါတယ်။ဒေသအတွင်းကနိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ တရုတ်ပြည်အပေါ် ဆက်ဆံပုံမတူကြပါဘူး။ မလေးမှာ မလေးသွင်ပြင်လက္ခဏာရှိပါတယ်။ဒီရက်ပိုင်းမှာတရုတ်ဟာခြေလှမ်းသွက်ပြီး ဒေသတွင်းကနိုင်ငံခြားရေးဝန်ကြီးတွေနဲ့တွေ့ဆုံခဲ့ပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံရာမှာရော၊ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံရာမှာရော နှစ်နိုင်ငံစလုံးက အိန္ဒြေရပြီးတည်တည်ငြိမ်ငြိမ်တန်းတူဆက်ဆံသွားတာတွေ့ရပါတယ်။ဒါပေမယ့်မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့အနေအထိုင်ဆက်ဆံပုံက ပြောစရာဖြစ်နေပါတယ်။Wang Yi ကို သူက “ခင်ဗျားဟာအမြဲတမ်းကျနော့်အကိုကြီးဖြစ်မယ်” “You will always be my elder brother” လို့ ကြာသပတေးနေ့က ပြောဆိုသွားခဲ့ပါတယ်။မလေးရှားဆိုရှယ်မီဒီယာတွေမှာ ဒီကိစ္စကိုဝေဖန်သံညံလာခဲ့ပါတယ်။ အတိုက်အခံဘက်က အန်ဝါကလည်း”ဒီလိုစကားလုံးအသုံးအနှုန်းနဲ့ စတိုင်က ကမ္ဘာ့ဒစ်ပလိုမေစီမှာမသုံးသင့်ဘူး။

မလေးရှားဟာနိုင်ငံခြားရဲ့ရုပ်သေးရုပ်ပုံပေါက်စေတယ်” လို့ဝေဖန်ခဲ့ပါတယ်။မလေးရှားနိုင်ငံခြားရေးဝန်ကြီးဟူစိန်က”မလေးရှားဟာနိုင်ငံခြားရေးပေါ်လစီမှာ လွတ်လပ်ပြီးအမှီအခိုကင်းပါကြောင်း” မနေ့ကပြန်လည်ချေပခဲ့ပါတယ်။ဘာတဲ့ … Wang Yi ကကျနော့်ထက်ပိုကြီးလို့ လေးစားလို့ စီနီယာကျလို့ “အယ်ကိုကြီး” လို့ ပါဆင်နယ်လီးခေါ်တာပါတဲ့။ နိုင်ငံနဲ့ချီသုံးနှုန်းတာမဟုတ်ရပါတဲ့။ အဲ့လိုကြီးပြန်လည်ပြောဆိုတာကိုက မဟုတ်ပါ။ အိန္ဒြေမရဖြစ်လွန်းပါတယ်။ရေသာခိုအချောင်လိုက်ကာ သူများငွေမျှော်တဲ့ပုံမျိုးပေါက်စေခြင်းဟာ နိုင်ငံတစ်နိုင်ငံရဲ့ပုံရိပ်ကိုထိခိုက်ပါတယ်။ တရုတ်ပြည်ဟာ မလေးရှားရဲ့အကြီးဆုံးကုန်သွယ်ရေးပါတနာပါ။

ဒါပေမယ့် သယံဇာတပေါကြွယ်ဝတဲ့ တောင်တရုတ်ပင်လယ်ထဲက တရုတ်ရဲ့မောင်ပိုင်စီးရန်ကြိုးပမ်းအားထုတ်နေမှုတွေဟာ မလေးရှားအတွက်စိတ်အနှောင့်အယှက်ဖြစ်စရာဖြစ်ပါတယ်။ဆန်ပေးလို့ဆီရတာပါ။ ဘယ်ဟာမှအလကားမရပါ။သံတမန်ရေးဒစ်ပလိုမေစီမှာ ရန်မလိုမှရန်ပြိုတယ်ဆိုတာလည်းသိထားပါ။မနေ့ကကျနော်တောင်ကိုရီးယားကိစ္စမှာတင်ပြခဲ့သလိုပဲ ကမ္ဘာ့စူပါပါဝါတွေနဲ့ဆက်ဆံရင် လုံးဝရန်လိုတဲ့ဟန်မပြသင့်ပါ။ အိန္ဒြေရရနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိရှိနဲ့ အလိမ္မာနဲ့ ဆက်ဆံသင့်ပါတယ်။ တရုတ်ပြည်ဘက်ကလည်း မလေးရှားကိုလိုအပ်နေတယ်ဆိုတာ မလေးရှားကသေသေချာချာသဘောပေါက်နားလည်ထားပြီး တန်းတူရည်တူအိန္ဒြေသိက္ခာအပြည့်နဲ့ ဒစ်ပလိုမေစီဆက်ဆံရေးကိုကျင့်သုံးသင့်ပါကြောင်း နိုင်ငံတကာဆက်ဆံရေးသင်ခန်းစာတစ်ခုအဖြစ်ဖော်ပြလိုက်ပါတယ်။