■တက်စ်လာလျှပ်စစ်ကားနဲ့ အင်ဂျင်ကား ကွာခြားမှုများ

တက်စ်လာလျှပ်စစ်ကားနဲ့ ပါတ်သက်ပြီး မြန်မာလို ရေးထားတာ မတွေ့သေးတဲ့အတွက် ပုံမှန်အင်ဂျင်ကားတွေနဲ့ ဘာကွာလဲသိချင်သူတွေ ရှိကြမယ်လို့ ထင်ပါတယ်။ ဆီဈေးတွေကြီးလို့ လျှပ်စစ်ကား ဝယ်ချင်သူများအတွက် စဥ်းစားလို့ ရအောင်ပါ။
ကွာတဲ့ အချက်တွေကတော့ တော်တော်များပါတယ်။ ကားထဲ ဝင်တာကစလို့ သော့/ရီမုတ်မလိုပဲ ဖုံးပါရုံနဲ့ ဝင်နိုင်မောင်းနိုင်ပါတယ်။ ဗဲလေးပါကင်(သို့) ကားဆေး/ ဘော်ဒီ/ဘီးဖာ စတာတွေအတွက်တော့ ခရက်ဒစ်ကဒ်အရွယ် ကီးကဒ်လေး ပေးထားလိုက်ပြီး ဘယ်လောက်အရှိန်ထက် ပိုမမောင်းရဆိုတာ ကိုယ့်ဖုံးထဲကနေ သတ်မှတ်ထားလို့ ရပါတယ်။ ကားသော့ချတာ၊ ဖွင့်တာ၊ အလိုအလျာက်ဝိုက်ပါ ချိန်တာ၊ အစရှိတဲ့ ကိစ္စအားလုံးကို ကားထဲက screen ပေါ်ကနေ လုပ်လို့ ရပါတယ်။ ဖုံးနဲ့ ဝင်လို့ရတော့ အပြင်ကို မိသားစု သွားကြရင် ကားဆီအရင် သွားချင်တဲ့လူက သော့ကိုင်ဆီက သော့တောင်းနေစရာ
မလိုတော့ပဲ ကိုယ့်ဖုံးနဲ့ကိုယ် ဝင်သွားလို့ ရနေပါပြီ။

ကားစထွက်ရင်လည်း စက်နှိုးစရာ မလိုပါဘူး။ ဂီယာထိုးပြီး စထွက်ရုံပါပဲ။ လိုရာရောက်ပြီဆိုရင်လည်း စက်သတ်စရာ မလိုပါဘူး။ ပါခ့်နှိပ်လိုက်ပြီးရင် ရပါပြီ။ စက်သတ်စရာမလိုတဲ့အတွက် မှန်တင်/ချ/အေစီ/သီချင်း ဘာမှရပ်စရာ ပြန်စက်နှိုးစရာမလိုပဲ ဆက်ဖွင့်ထားလို့ ရပါတယ်။ တော်တော်ကို အသုံးဝင်ပါတယ်။ ကားပြင်ထွက်လို့ ဖုံံး/ကီးကဒ်က ကားနဲ့ နဲနဲလှမ်းသွားတာနဲ့ ကားက သော့ခတ်ပြီးသား ဖြစ်သွားပါတယ်။

ထိန်းသိမ်းတာနဲ့ ပါတ်သက်ပြီးတော့ အကောင်းဆုံးအချက်က ဆီလဲရတဲ့ ဒုက္ခ/စရိတ် မရှိတော့တာပါပဲ။ အပူ/ရေခဲထဲမှာ ကားရပ်ထားခဲ့လို့ ပြန်လာတဲ့အချိန် သိပ်ပူ/အေးနေမယ်ဆိုရင် မလာခင်ထဲက ဖုံးနဲ့ အပူ/အအေး လိုသလို ချိန်ထားလို့ရသလို မှန်ကိုလည်း လေပူထွက်အောင် နဲနဲလေး ချခိုင်းလို့ ရပါတယ်။ ကားထဲမှာ ခွေးထားခဲ့မယ်ဆိုရင်လည်း ခွေးထားခဲ့တယ်လို့သာ ရွေးလိုက်ပါ၊ လေအေး/လေပူ အဆင်ပြေအောင် ထားပေးပါလိမ့်မယ်။
အားသွင်းတာလည်း long range ယူထားရင် မိုင် ၃၀၀ လောက်ကို အေစီဖွင့်၊ သီချင်းနားထောင်၊ နေဗီဂေးရှင်းသုံး၊ ဖုံးတွေအားသွင်းပြီး သွားလို့ ရပါတယ်။ ခရီးသွားရင်တော့ ဘယ်နားက ဆူပါချာဂျာမှာ အားသွင်းသင့်တယ်၊ ဘယ်လောက်ကြာမယ်ဆိုတာပြောပြီး အဲဒီနား နီးလာရင် ဓါတ်ခဲကို efficiently အားသွင်းနိုင်အောင် ပြင်ဆင်ထားပေးပါတယ်။ ပုံမှန်အချိန် အိမ်မှာပဲ သွင်းမယ်ဆိုရင်တော့ ၁၁၀ ဗို့နဲ့ဆိုရင် တနာရီ ၅မိုင်လောက်ပဲရပြီး ၂၂၀-၂၄၀ ဗို့နဲ့ဆိုရင် တနာရီ မိုင် ၃၀လောက်အထိ သွင်းလို့ရပါတယ်။

သတိထားရမှာက လျှပ်စစ်ကားအားသွင်းဖို့က ကယ်လီဖိုးနီးယားမှာ ည၁၂နာရီက နောက်တနေ့ နေ့လည် ၃နာရီအထိက အသက်သာဆုံးနှုန်းပါ။ တနေ့ကို မိုင် ၃၀-၄၀လောက် ပုံမှန်မောင်းတယ်ဆိုရင် ကယ်လီဖိုးနီးယားမှာ တလကို $35 လောက် ကျပါတယ်။ ဆူပါချာဂျာတွေကလည်း နေရာတော်တော်များများမှာ ရှိနေပြီး ဘယ်နေရာမှာ ဘယ်နှစ်ခုလွတ်နေသေးတယ်ဆိုတာကို ပြတာကလည်း အလွန်အသုံးဝင်တဲ့အချက်ပါ။ အဲဒီမှာက တခါဖြည့် $7 လောက် ကျတတ်ပြီး မိနစ် ၂၀လောက် ကြာတတ်ပါတယ်။ ဆီတတိုင်ကီကို $100 လောက်ဖြစ်နေတာနဲ့ ယှဥ်ကြည့်ကြပေါ့။

ကားကိုယ်နှိုက်က အင်တာနက်နဲ့ ချိတ်ထားတော့ စခရင်ပေါ်မှာ ကိုယ်ကြိုက်တဲ့ သီချင်း၊ podcast, စတာတွေအပြင် YouTube, Netflix, game, internet browser တွေ အကုန်သုံးလို့ ရပါတယ်။ ကားအားသွင်းနေတုန်း(သို့) ကလေး/ဈေးဝယ်စောင့်နေတုန်း သုံးလို့ အဆင်ပြေပါတယ်။ ပထမတနှစ်ကတော့ အခမဲ့ပါ။ နောက်နှစ်တွေကစလို့ လစဥ်ကြေး အနည်းငယ် ပေးရပါတယ်။ ဖုံးအားသွင်းတာကလည်း ကြိုးမဲ့ပါ။ သူ့နေရာလေးမှာ တင်ထားလိုက်ရုံပါပဲ။
ကားမောင်းနေရင်းလည်း စတီရာယင်ကိုင်တာ တခုခုမှားနေပြီလို့ထင်ရင် သတိပေးသံတွေထွက်လာပြီး ကားက ဝင်ထိန်းပါတယ်။ ရှေ့ကားနဲ့ သိပ်ကပ်သွားတာမျိုးကို အချက်ပေးစေချင်ရင်လည်း လိုသလို ချိန်ပေးထားလို့ ရပါတယ်။ မီးပွိုင့်စိမ်းသွားရင်လည်း အချက်ပေးဖို့ ချိန်ထားလို့ ရပါတယ်။ တခုပဲရှိတာက ကွေ့ကြောမှာဆိုရင်တော့ တချို့မီးပွိုင့်တွေမှာ အချက်ပေးတာ သိပ်မတိကျသေးပါဘူး။ နောက်တချက်အသုံးအဝင်ဆုံးက မီးပွိုင့်မှာဖြစ်ဖြစ် ကားရပ်ရင် (လိုအပ်လို့) ဘရိတ်တချက်နင်းပြီး လွှတ်လိုက်ရင်တောင် ကားက မရွေ့တော့ပါဘူး၊ ကုန်းစောင်းတွေမှာ ဘရိတ်နင်းမထားရင်တောင် ပြန်မလိမ့်တော့ပါဘူး။ အဲဒီအနေအထားနဲ့ ကြာသွားရင်တော့ သူ့အလိုလို ပါကင်ဖြစ်သွားပါတယ်။

နောက်အရမ်းအသုံးဝင်တဲ့ အချက်တခုကတော့ အင်ဂျင်ကားတွေလို အရှိန်တက်လာတာကို စောင့်စရာမလိုပဲ အချိန်တိုအတွင်းမှာ အရှိန်တင်နိုင်တော့ လိန်းချိန်းတာ၊ ကားကျော်တာတွေကို အန္တရာယ်ကင်းကင်း အဆင်ပြေပြေ လုပ်နိုင်ပါတယ်။
နောက်ပိုင်းကားတွေမှာ ပါတတ်တဲ့ blind spot အချက်ပြတာကိုတော့ ကားမှန်မှာမပြပဲ ကားထဲက screen မှာ ကြည့်နိုင်ပါတယ်။ တက်စ်လာကားတွေထဲက screen က တော်တော်ကြီးသလို သုံးရတာလည်း ရိုးရှင်းလွယ်ကူပါတယ်။
တခုခုအကြောင်းရှိလို့ ဆားဗစ်စ်ခေါ်ချင်ရင်လည်း ဖုံးထဲကနေ ချိန်းလိုက်လို့ရသလို အိမ်ကိုလာပြီး ကြည့်ပေးပါတယ်။ သူတို့ကြောင့်ဖြစ်တဲ့ အမှားဆိုရင် တပြားမှ ပေးစရာမလိုပဲ သူတို့အကုန်ပြင်ဆင်ပေးပါတယ်။

ထိုင်ခုံကတော့ မော်ဒယ် X နဲ့ Y မှာ ၇ဦးထိုင်လို့ရအောင် နောက်က တတန်းထည့်လို့ရပေမယ့် နေရာမကျယ်တော့ အရပ်ရှည်သူ ထွားကြိုင်းသူများအတွက်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ နောက်ဆုံးတန်း ခုံထောင်လိုက်ရင် နောက်ခန်းက ပစ္စည်းတင်ဖို့ နေရာ နဲနဲပဲ ကျန်ပါမယ်။ ကြမ်းခင်းအောက်ထဲမှာနဲ့ အရှေ့ဖုံးထဲမှာတော့ ထည့်လို့ ရပါသေးတယ်။ ကားရှေ့ဖုံးထဲမှာ အင်ဂျင်မရှိတဲ့အတွက် ပစ္စည်းထားဖို့ နေရာ ထွက်လာတာပါ။
တက်စ်လာရဲ့ အော်တိုပိုင်းလော့ကလည်း ပုံမှန်ကားတွေနဲ့စာရင် တော်တော့ကို အဆင်ပြေပါတယ်။ ရှေ့ကားဘေးကားနဲ့ အရှိန် သူ့ဖာသူညှိသွားပေးပါတယ်။ တခုပဲရှိတာက မိနစ်အနည်းငယ်ကြာတိုင်း စတီယာရင်ကို တင်းတင်းကိုင်ဖို့ သတိပေးတတ်ပါတယ်။
ကားက အလိုအလျောက်မောင်းတဲ့စနစ် ယူထားရင်တော့ အော်တိုပိုင်းလော့အပြင် လိန်းချိန်းတာ၊ exit ထွက်တာကအစ သူ့ဖာသူလုပ်လို့ရတဲ့နေရာမှာ သူ့ဖာသူလုပ်ပါတယ်။

သူလိန်းချိန်းစေချင်တဲ့ဖက်ကို ပြရင် ကိုယ့်ဖက်က confirm လုပ်ပေးရုံပါပဲ၊ သူ့ဖာသူ ကားလွတ်တဲ့အချိန် ပြောင်းပါတယ်။ ကွန်ဖမ်းခိုင်းတာကလည်း လိုအပ်လို့ ဆိုတာထက် တခုခုဖြစ်ရင် တရားစွဲခံရမှာစိုးလို့ ထည့်ထားတဲ့ အဆင့်တခုလို့ပဲ ထင်ပါတယ်။
အလိုအလျောက် မောင်းတဲ့စံနစ်မှာတော့ ကားပါကင်ထိုးတာကအစ၊ ပါကင်ထဲကနေ ကားကို ဖုံးနဲ့ ခေါ်ယူတာ စတာတွေ လုပ်လို့ရပါတယ်။ ပါကင်နေရာ ကျပ်ကျပ်တည်းတည်းမှာ ထိုးချင်ရင် တော်တော်အဆင်ပြေပါတယ်။ ဒါပေမဲ့ ကားနှစ်စီးကြားမှာတော့ ဖြစ်ရပါတယ်။ ကင်မရာက ပါကင်လိုင်းတွေကို မဖတ်တတ်သေးသလို ဘေးက ကားမရှိရင်လည်း မမှန်းတတ်တော့ပါဘူး။

အမြန်လမ်းတွေရဲ့ လမ်းအကွေးတွေမှာ အရှိန်နဲ့သွားတာ စိတ်လှုပ်ရှားစရာဖြစ်ပေမယ့် စိတ်မချရင် ကိုယ်က ဝင်ထိန်းလို့လဲ ရတာကြောင့် သိပ်တော့ စိတ်ပူစရာ မလိုပါဘူး။ အမြန်လမ်းတခုကနေတခု (သို့) ရှုပ်ထွေးတဲ့ အမြန်လမ်းပေါ်အတက်မှာတော့ နဲနဲ သတိထားရပါတယ်။ ကားကင်မရာတွေမှာ အမှိုက်/ဖုံ/မိုးရေစက် တင်နေရင်တော့ အလိုအလျောက်မောင်းတဲ့စနစ် ရပ်ပြီး ကိုယ့်ဖာသာ မောင်းခိုင်းပါတယ်။ အလိုအလျောက်မောင်းတဲ့စနစ်က မောင်းပုံက လူကြီးတွေမောင်းသလို ညင်ညင်သာသာမဖြစ်ပဲ လူငယ်လေးတွေမောင်းသလို မြန်မြန် ဆတ်ဆတ်ဖြစ်နေတာ ပရိုဂရမ်လုပ်တဲ့ လူငယ်လေးတွေကြောင့်လားလို့ ထင်စရာပါ။

ကားပတ်ပတ်လည်မှာ ကင်မရာတွေရှိလို့ ကားကို တခုခုလာထိရင် record လုပ်ထားပြီးသားဖြစ်မှာပါ။ ကိုယ်က သူ overwrite မလုပ်ခင် ဦးအောင် ဒေါင်းထားဖို့ လိုပါတယ်။ အဲဒီကင်မရာတွေနဲ့ ဆင်ဆာတွေကြောင့် ရှေ့နောက်ဘေးဘီမှာ ထိဖို့နီးလာပြီဆိုရင် ဘယ်နားမှာ ဘယ်လောက်နီးနေကြောင်း သတိပေးအသံပြုသလို စခရင်မှာလည်း ပြသပါတယ်။
ကားရဲ့အမိုးကလည်း မှန်ဖြစ်တာကြောင့် ကောင်းကင်ရဲ့ အလှအပကို ခံစားနိုင်ပေမယ့် နွေရာသီမှာ အပူရှိန်နဲနဲတော့ ရှိပါမယ်။ သတ္တုလိုမျိုး ထိရင်ပူနေတာမဟုတ်ပေ
မယ့် အပူ sensitive ဖြစ်သူတွေအတွက် အပူရှိန်ကိုတော့ ခံစားရနိုင်ပါတယ်။ လိုအပ်မယ်ထင်ရင်တော့ အတွင်းကနေ ကလစ်လုပ်တပ်ထားလို့ရတဲ့ sunshade လေးတွေ ဝယ်လို့ရပါတယ်။

Safety နဲ့ပါတ်သက်ပြီးတော့ အသေးဆုံး စျေးအချိုဆုံး မော်ဒယ် 3 မှာတောင် မှန်အမိုးပေါ်ကို အရွယ်ရောက်ပြီး အာဖရိကဆင် ၂ကောင် တက်နင်းတာကို ခံနိုင်တယ်လို့ ဆိုပါတယ်။ ကိုယ်ထည်ကိုတော့ အလူမီနီယံနဲ့ စတီးလ်ရောလုပ်ထားတာဖြစ်လို့ မောင်းသူဖက်/ ရှေ့စီးသူ/ နောက်စီးသူ စတာတွေကို ဝင်တိုက်မိရင်(သို့) ကားလိမ့်သွားခဲ့ရင် အထဲကလူတွေရဲ့ လူခြုံမှုက National Highway Traffic Safety Administration ရဲ့ 5 star အဆင့်ရထားတာဖြစ်ပါတယ်။ ကားလိမ့်သွားနိုင်ဖို့ကတော့ အခွင့်အရမ်းနည်းပါတယ်။ သိသမျှ တက်စ်လာကား ပိုင်ဆိုင်သူတွေအားလုံးကတော့ တက်စ်လာကားရဲ့ အသုံးဝင်မှုအပေါ် အရမ်းကို ကျေနပ်ကြတာ ဖြစ်ပါတယ်။

ဆရာမ Tin Omma Myo ရေးသားတင်ပြချက် ပြန်လည်မျှဝေသည်။
crd