■အမေရိကန်နဲ့ တရုတ် ထိပ်တိုက်တိုးတဲ့ ပြဿနာတချို့ရှိ

အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြားမှာ မြန်မာ၊ မြောက်ကိုရီးယား၊ အီရန်၊ အာဖဂန်နစ္စတန်နဲ့ ဥတုရာသီဆိုင်ရာ အပါအဝင် ၂ နိုင်ငံစလုံးရဲ့ အကျိုးစီးပွားချင်း တိုက်ဆိုင်နေတဲ့ ကိစ္စရပ်တွေ ရှိနေပြီး ဒါကို လက်တွဲဆောင်ရွက်နိုင်ပေမယ့် Xinjiang၊ တိဘက်၊ ဟောင်ကောင်၊ အရှေ့နဲ့ တောင်တရုတ်ပင်လယ်ပြင်တွေနဲ့ ထိုင်ဝမ်ကိစ္စရပ်တွေ အပါအဝင် လူ့အခွင့်အရေးနဲ့ ဆက်နွှယ်နေတဲ့ ကိစ္စရပ်တွေမှာတော့ ၂ နိုင်ငံကြား အကျိုးစီးပွားနဲ့ စံတန်ဖိုးတွေ မတူဘဲ ဆန့်ကျင်ဘက် ဖြစ်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi နဲ့ တွေ့ဆုံခဲ့တဲ့ ဝန်ကြီး Antony Blinken က ပြောကြားခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်နဲ့ တရုတ် ၂ နိုင်ငံကြား တင်းမာမှုတွေ ကြီးထွားနေချိန်မှာပဲ G-20 ထိပ်သီးအစည်းအဝေး တက်ရောက်ဖို့ အီတလီနိုင်ငံ ရောမမြို့ကို ရောက်နေတဲ့ ဝန်ကြီး ၂ ဦး တနင်္ဂနွေနေ့က ဒုတိယအကြိမ်မြောက်မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တာဖြစ်ပြီး အခုလိုတွေ့ဆုံချိန်မှာ ဝန်ကြီး Blinken က လူ့အခွင့်အရေးဆိုင်ရာ စိုးရိမ်မှုတွေကို ထပ်လောင်း ပြောကြားခဲ့တာပါ။

သူတို့ ၂ ဦးဟာ မတ်လတုန်းက ပထမအကြိမ်အဖြစ် အမေရိကန်နိုင်ငံ Alaska ပြည်နယ်မှာ တွေ့ဆုံခဲ့ပေမယ့် နှစ်ဖက်တင်းမာမှုတွေကတော့ ဆက်လက်ကြီးထွားနေဆဲ ဖြစ်ပါတယ်။
တရုတ်-အမေရိကန် ၂ နိုင်ငံကြားမှာ ကုန်သွယ်ရေး၊ လူ့အခွင့်အရေး၊ ထိုင်ဝမ်အရေးနဲ့ COVID-19 ကပ်ရောဂါဆိုင်ရာ အပါအဝင် ကိစ္စရပ်အတော်များများနဲ့ ပတ်သက်ပြီး ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးနေတာ ဖြစ်ပါတယ်။

ဝန်ကြီး Blinken က ၂ နိုင်ငံကြား ယှဉ်ပြိုင်မှုကို တာဝန်ယူ စီမံခန့်ခွဲဖို့ ဆက်သွယ်ရေးလမ်းကြောင်းတွေ ဆက်ဖွင့်ထားရေးဟာ အရေးပါကြောင်း အလေးပေး ပြောကြားခဲ့တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒီသီတင်းပတ် အစောပိုင်းတုန်းက အမေရိကန်နိုင်ငံထဲမှာ နှစ်ပေါင်း ၂၀ လောက် လုပ်ကိုင်နေတဲ့ တရုတ်ဆက်သွယ်ရေး China Telecom Americas ရဲ့ ဝန်ဆောင်မှုတွေကို ရက်ပေါင်း ၆၀ အတွင်း ရပ်ပစ်ဖို့ အမေရိကန် အာဏာပိုင်တွေက အမိန့်ထုတ်ပြန်ခဲ့တာကြောင့် ၂ နိ်ုင်ငံကြား တင်းမာမှု ထပ်တိုးလာတာ ဖြစ်ပါတယ်။

crd
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။