ဘီလာရုစ် အိုလံပစ်အားကစားမယ် ပိုလန်နိုင်ငံမှာ ခိုလှုံခွင့်တောင်း

လေဆိပ်ထဲမှာ ရဲတပ်ဖွဲ့ရဲ့ အကူအညီကို တောင်းခံခဲ့

ဘီလာရုစ်အသင်းက အတင်းအိမ်ပြန်ပို့တာခံရပြီး အဲ့ဒါကို လက်မခံ ငြင်းဆန်ခဲ့တဲ့ ဘီလာရုစ်အိုလံပစ် တာတိုအပြေးမယ်ဟာ ပိုလန်နိုင်ငံမှာ နေထိုင်ခိုလှုံခွင့် တောင်းခံခဲ့ပြီး ပိုလန်နိုင်ငံက လူသားချင်းစာနာထောက်ထားတဲ့ဗီဇာ ထုတ်ပေးခဲ့တယ်လို့သိရပါတယ်။

ပြိုင်ပွဲမပြီးခင် အိမ်ကို ဖိအားပေး အတင်းပြန်လွှတ်ခံရတာကို လက်မခံဘဲ ငြင်းဆန်ခဲ့တဲ့ ဘီလာရုစ်အိုလံပစ်ကစားမယ်ကို ကောင်းကောင်း စောင့်ရှောက်ထားတယ်လို့ ဂျပန်ရဲတပ်ဖွဲ့နဲ့ ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေက ပြောပါတယ်။

အသက်၂၄နှစ် ဘီလာရုစ် တာတိုအပြေးသမားကရီဆီနာ တာဆီမန်နိုကာယာကို မနေ့ညက တိုကျိုမြို့ ဟာနန်ဒါလေဆိပ်က ဟော်တယ်တစ်ခုမှာ တစ်ညအိပ်ခဲ့ရပါတယ်။

နည်းပြတွေကို ဝေဖန်ခဲ့အတွက် တနင်္ဂနွေနေ့က သူ့ကို လေဆိပ် အတင်းပို့ခဲ့ကြတယ်လို့ သူကပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ စိတ်လှုပ်ရှားထိခိုက်လွယ်တဲ့စိတ်အခြေအနေကြောင့် သူ့ကို အသင်းက ထုတ်ပယ်ရတာလို့ ဘီလာရုစ်ဘက်က ချေပထားပါတယ် ။

သူ နေထိုင်ခွင့်ရဖို့ ချက်နိုင်ငံနဲ့ ပိုလန်နိုင်ငံတွေက ဗီဇာထုတ်ပေးဖို့ ကမ်းလှမ်းထားတာ ရှိခဲ့ပါတယ်။

တာဆီမန်နိုကာယာ ကိုယ်တိုင်ကလည်း ဥရောပနိုင်ငံတစ်နိုင်ငံမှာ နေထိုင်ခိုလှုံခွင့် တောင်းဖို့ စဥ်းစားခဲ့တယ်လို့ သတင်းတွေအရ သိ ရပါတယ်။

သူ့ကို ဂျပန်အာဏာပိုင်တွေနဲ့ နိုင်ငံတကာအိုလံပစ်ကော်မတီတို့ ပူးပေါင်းပြီး ကာကွယ် စောင့်ရှောက်မှုတွေ လုပ်ပေးနေတယ်လို့ အိုလံပစ်ကော်မတီ ပြောရေးဆိုခွင့်ရှိသူ မာ့ခ် အဒမ်စ် ကလည်း ပြောထားပါတယ်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီ အပါအဝင် အခြား အေဂျင်စီတွေကလည်း သူနဲ့ ဆက်သွယ်မှုတွေ လုပ်နေကြတာ ရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဘီလာရုစ်နိုင်ငံ အမျိုးသား အိုလံပစ်ကော်မတီဘက်ကနေ ပြည့်စုံတဲ့ အစီရင်ခံစာတစ်စောင် တင်ပြပေးဖို့ တောင်းဆိုနေတာတွေရှိပြီး နိုင်ငံတကာအိုလံပစ်ကော်မတီနဲ့ ဂျပန် တာဝန်ရှိသူတွေအနေနဲ့ နောက်ထပ် ညှိနှိုင်း တိုင်ပင်မှုတွေ ဆက်လုပ်သွားမယ်လို့လည်း သိရပါတယ်။

ဘီလာရုစ် သမ္မတ အလက်ဇန်ဒါ လူကာရှင်ကို ရဲ့ ရွေးကောက်ပွဲ ပြန်ကျင်းပမယ့် အစီအစဥ်ကို ဆန့်ကျင့်တဲ့ ဆန္ဒပြပွဲတွေ မနှစ်က ဖြစ်ပွားခဲ့ပြီးနောက် နိုင်ငံတကာ အိုလံပစ်ကော်မတီက ဘီလာရုစ် အိုလံပစ်ကော်မတီကို အရေးယူတာတွေလုပ်ထား တယ်လို့ မစ္စတာ အဒမ်စ်က ပြောပါတယ်။

ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ အားကစားသမားတွေကို အကာအကွယ်ပေးဖို့ ပျက်ကွက်မှုနဲ့ သမ္မတသားအပါအဝင် တစ်ချို့တာဝန်ရှိသူတွေကို အိုလံပစ်ပွဲမှာ ပါဝင်ပတ်သက်ခွင့် တားဆီး ပိတ်ပင်ထားပါတယ်။

တိုကျိုမြို့က ပိုလန်သံရုံးထဲကို ဘီလာရုစ်အပြေးမယ် ဝင်သွားတာကို တွေ့ရ

ဘီလာရုစ်ကို ပြန်ရောက်သွားရင် အန္တရာယ်ရှိတဲ့အတွက် သူ လေယဥ် ပေါ်မတက်နိုင်ဘူးလို့ တာရှီမန်နိုစ်ကာယာက ငြင်းဆိုခဲ့ပြီး တနင်္ဂနွေနေ့က ဟာနန်ဒါလေဆိပ်ထဲမှာ ရဲတပ်ဖွဲ့ ကို သူက အကူအညီတောင်းခံခဲ့တာ ဖြစ်ပါတယ်။

သူ လေယာဥ်ပေါ်တက်ဖို့ငြင်းဆန်တဲ့ အတွက် သူစီးရမယ့် လေယာဥ်ကလည်း သူမပါဘဲ လေဆိပ်ကထွက်ခွာသွားရ ပါတယ်။

တာတိုအပြေးမယ် တာရှီမန်နိုစ်ကာယာဟာ ဒီ တနင်္လာနေ့မှာ အမျိုးသမီး မီတာ၂၀၀ အပြေးပြိုင် ပွဲဝင်ပြိုင်ရဖို့ ရှိနေတာဖြစ်ပြီး၊ အရည်အချင်းမပြည့်မီတဲ့ သူ့အသင်းဖေါ်တစ်ချို့ အစား ဝင်ပြိုင်ဖို့ သူ့ကို အချိန်ကပ်ပြီးမှ ပြောတာကို မကျေမနပ်ဖြစ်ပြီး သူ့ရဲ့မကျေနပ်မှုကို လူမှု့ကွန်ရက်ပေါ်မှာ တက်ပြောခဲ့ပါတယ်။

သူတင်တဲ့ ဗီဒီယိုနဲ့ ပတ်သက်လို့ ဘီလာရုစ် အစိုးရပိုင် တီဗီအစီအစဥ်တစ်ခုက သူ့မှာ အသင်းစိတ်ဓာတ်မရှိဘူးလို့ ဝေဖန်အပြစ်တင် တုံ့ပြန်ခဲ့ပါတယ်။

ဘီလာရုစ်အသင်း တာဝန်ရှိတဲ့သူတွေက သူ့ပစ္စည်းနဲ့ အဝတ်အစားတွေ ထည့်ဖို့ တစ်နာရီပဲ အချိန်ပေးပြီး အိမ်ပြန်ဖို့ လေဆိပ်ကို အတင်း လိုက်ပို့ကြတဲ့ အတွက် နိုင်ငံတကာအိုလံပစ်ကော်မတီရဲ့ အကူအညီ တောင်းခံခဲ့ရတာလို့ တာရှီမန်နိုစ်ကာယာက ပြောပါတယ်။

“ကျွန်မသဘောတူညီချက်မပါဘဲ ဂျပန်နိုင်ငံထဲကနေ ကျွန်မကို မောင်းထုတ်ဖို့ ကြိုးစားခဲ့ကြတာပါ” လို့ အစိုးရမဟုတ်တဲ့ ဘီလာရုစ် စည်းလုံးညီညွတ်ရေး အားကစားဖောင်ဒေးရှင်းရဲ့ တယ်လီဂရမ်ချန်နယ်မှာ ပြောခဲ့ပါတယ်။

“သူအခု အစိုးရိမ်နေဆုံး ကိစ္စက ဘီလာရုစ်မှာ ကျန်ခဲ့တဲ့ သူ့မိသားစုဝင်တွေ အနိုင်ကျင့်နှိပ်စက်ခံရမှာ” လို့ အဲ့ဒီအဖွဲ့ရဲ့ အဖွဲ့ဝင် အနာတို ကိုတာယူ ကလည်း တနင်္ဂနွေနေ့က ဘီဘီစီကို ပြောပါတယ်။

ထောင်နဲ့ ချီတဲ့ အစိုးရ ဆန့်ကျင်ဆန္ဒပြတဲ့ သူတွေကို ဘီလာရုစ် အစိုးရတပ်ဖွဲ့တွေက ရက်ရက်စက်စက် နှိမ်နင်းဖြိုခွင်းတာတွေ လုပ်ခဲ့ပါတယ်။

နှိမ်နင်းခံရတဲ့သူတွေထဲမှာ နိုင်ငံလက်‌ရွေးစင်အဆင့် အားကစားသမားတွေလည်း ပါနေကြပြီး သူတို့ကို ထောက်ပံ့ကြေးတွေဖြတ်တာ၊ နိုင်ငံလက်ရွေးစင် အသင်းကထုတ်ပစ်တာနဲ့ ဖမ်းဆီးထိန်းသိမ်းတာတွေအထိပါ လုပ်ခဲ့ပါတယ်။

တာရှီမန်နိုစ်ကာယာကို အသင်းက ထုတ်ပစ်ရတဲ့အကြောင်းက သူ့ရဲ့ “စိတ်လှုပ်ရှားလွယ်တဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကြောင့်” လို့ ဘီလာရုစ် အိုလံပစ်ကော်မတီဘက် က သူတို့လုပ်ရပ်ကို ကာကွယ်ပြောဆို နေပါတယ်။

BBC

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။