ဘင်္ဂလားဒေ့ရှ်ဘက်သို့ပြန်ပေးဆွဲခံရသူအားကယ်တင်စဉ်နယ်ခြားသံဆူးကြိုးတံတိုင်းအောက်၌လျှို့ဝှက်မြေအောက်ဥမင်လှိုဏ်ခေါင်းကိုအိန္ဒိယအာသံရဲတပ်ဖွဲ့တွေ့ရှိ။ ထောက်လှမ်းရေးနှင့်အိန္ဒိယနယ်ခြားလုံခြုံရေးတပ်တို့ စစ်ဆေးနေ

( ဇန်နဝါရီ – ၀၃၊ ၂၀၂၁ ) ဘင်္ဂလားဒေ့ရှ်ဘက်သို့ ပြန်ပေးဆွဲခံရသူအား ကယ်တင်စဉ် နယ်ခြားသံဆူးကြိုး တံတိုင်းအောက်၌ လျှို့ဝှက်မြေအောက်ဥမင်လှိုဏ်ခေါင်းကို အိန္ဒိယအာသံရဲတပ်ဖွဲ့ တွေ့ရှိ။ ထောက်လှမ်းရေးနှင့် အိန္ဒိယနယ်ခြားလုံခြုံရေးတပ်တို့ စစ်ဆေးနေ

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရ်ှနယ်စပ်၌ မကြာသေးမီက ပြန်ပေးဆွဲခံရသူတစ်ဦးကို ကယ်တင်စဉ် မီတာ ၂၀၀ ရှည်ပြီး နှစ်နိုင်ငံဆက်သွယ်ထားသည့် မြေအောက်ဥမင်လိုဏ်ခေါင်းအား အိန္ဒိယအာသံပြည်နယ်ရဲတပ်ဖွဲ့က သောကြာနေ့၌ တွေ့ရှိရသည်ဟု အိန္ဒိယ Zee5 က ယနေ့ ရေးသားသည်။

နယ်ခြား တစ်ဖက်နိုင်ငံသို့ ပြန်ပေးဆွဲခြင်းခံရသူတစ်ဦးနှင့် ပတ်သက်၍ #ပထမသတင်းပေးတိုင်ကြားချက် FIR ရရှိခဲ့ကြောင်း၊ ထိုအတွက် နယ်ခြားဧရိယာသို့ ရောက်ရှိသွားသော ရဲတပ်ဖွဲ့ဝင်များက အဆိုပါလှိုဏ်ခေါင်းအား တွေရှိခြင်းဖြစ်ကြောင်း၊ အချို့သော နယ်မြေများတွင် လေးနက်သည့် အကြောင်းအရာများရှိနေခြင်းကြောင့် ထောက်လှမ်းရေးအေဂျင်စီများ၊ အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF တို့နှင့်အတူ ဖြစ်စဉ်အား ကိုင်တွယ်ဆောင်ရွက်လျှက်ရှိကြောင်း၊ လျှို့ဝှက်ဥမင်လိုဏ်ခေါင်းနှင့် ပတ်သက်၍ သင့်လျော်သောစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးမှသာ ပြောနိုင်မည်ဖြစ်ကြောင်း ကာရင့်ဂမ့်ချ်ရဲတပ်ဖွဲ့မှူး မေယန်ကူးမားက ရှင်းပြသည်။

ကာရင်ဂမ့်ချ်မြို့နယ် နီလမ်ဘဇာရဲစခန်းအပိုင် ရှီလူအာရွာနေ ဒီလာဝါဟိုစိန် ဆိုသူမှာ တနင်္ရနွေနေ့တွင် ပြန်ပေးဆွဲခြင်းခံရကြောင်း၊ နောက်ပိုင်းတွင် ပြန်ပေးဆွဲသူများသည် ဒီလာဝါ၏ မိသားစုအား ဘင်္ဂလားဒေ့ရ်ှနိုင်ငံ တယ်လီဖုန်းနံပါတ်ဖြင့် ဆက်သွယ်၍ တာကာငွေ ၅-သိန်း ( မြန်မာကျပ်ငွေ သိန်း-၈၀ ခန့် ) ပေးရမည်ဟု တောင်းခံခဲ့ကြောင်း၊ ဒီလာဝါမိသားစုက ငွေပေးရန် သဘောတူသည့်အခါ ပြန်ပေးဆွဲသူများက ညွှန်ကြားချက်အချို့ ပေးခဲ့ကြောင်း၊ ပြန်ပေးငွေကို အနီးရှိ နာယာဂရမ်ရွာနေ အလီမူဒင်ထံ ပေးအပ်ရမည်ဟု ပြောဆိုခဲ့ကြောင်း၊ ရဲတပ်ဖွဲ့က အလီမူဒင်အား ဖမ်းဆီးပြီးနောက် ဒီလာဝါအား လွှတ်ပေးလိုက်ကြောင်း၊

လွတ်မြောက်လာသော ဒီလာဝါအား ရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းပြီးနောက် ဥမင်လှိုဏ်ခေါင်းအကြောင်းကို သတင်းရရှိခြင်းဖြစ်သည်။ သောကြာနေ့တွင် ဘာလီအာနယ်မြေ၌ ကာရင်ဂမ့်ချ်ခရိုင် ရဲတပ်ဖွဲ့မှူးဦးဆောင်သော အထူးအဖွဲ့က စစ်ဆင်ရေးတစ်ခုကို ပြုလုပ်ခဲ့ရာ မီတာ ၂၀၀ ကျော်ရှည်သော ဥမင်လိုဏ်ခေါင်းတစ်ခုကို တွေ့ရှိခဲ့ရကြောင်း၊ လှိုက်ခေါင်းတည်နေရာကို သစ်ပင်များက ဖုံးလွှမ်းလျှက်ရှိပြီး အထက်တွင် နယ်ခြားသံဆူးကြိုး တံတိုင်း တည်ရှိနေကြောင်း သိရှိရသည်။

ဒီလာဝါကမူ လှိုဏ်ခေါင်းမှာ သာမန် တွင်းပေါက်တစ်ခုနှင့် တူပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ #ဆဲဟက် နယ်မြေ၌ အဆုံးသတ်ကြောင်း၊ ဥပဒေပြင်ပမှလူများ အသုံးပြုနေကျ ဖြစ်ဟန်တူကြောင်း ပြောဆိုသည်။

အဆိုပါဖြစ်စဉ်နှင့် စပ်လျဉ်း၍ အိန္ဒိယနယ်ခြားစောင့်တပ်က လူအများအပြားကို ဖမ်းဆီး၍ စစ်ဆေးခဲ့ပြီးဖြစ်ကြောင်း၊ အိန္ဒိယဘက်မှ လှိုဏ်ခေါင်းအစိတ်အပိုင်းကို ချက်ချင်းပိတ်ပစ်ရန် ညွှန်ကြားထားကြောင်း ဒေသန္တရ မီဒီယာများက ဖော်ပြသည်။

၂၀၁၇ ခုနှစ်၊ ဇွန်လတွင် မီဂါလာယာအနီး နယ်စပ်ဒေသ၌ ရူးပီး ၈၂-သိန်းတန်ဖိုးရှိ မှောင်ခိုပစ္စည်းများနှင့် ကျွဲနွား ၂၄၉-ကောင် အိန္ဒိယနယ်ခြားစောင့်တပ်က ဖမ်းဆီးရမိခဲ့သည်။ နယ်ခြားဒေသ တားမြစ်နယ်မြေအား ဖြတ်ကျော်၍ ကျွဲနွားများ သယ်ပို့မှောင်ခိုခြင်းမှာ ဟန့်တားနိုင်ခြင်း မရှိ ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်သည်။ ဖမ်းဆီးရမိသော ကျွဲနွားများမှာ အရွယ်အစားအားဖြင့် သေးငယ်ပြီး၊ ဥမင်လှိုဏ်ခေါင်းမှတစ်ဆင့် မှောင်ခိုသယ်ပို့ကြသည်။ ဘင်္ဂလားဒေ့ရှ်ရောက်သည်နှင့် တစ်ပြိုက်နက် ပြန်လည်ဖွ့ံဖြိုးလာအောင် ဆေးဝါးများ ကျွေးမွေးလေ့ရှိသည်။

၂၀၁၈ ခုနှစ် မေလတွင် နယ်စပ်အနီး ကန်ဒီကျေးရွာ၌ ဘင်္ဂလားဒေ့ရှ် မှောင်ခိုသူ ၂-ဦးကို ကာရင်ဂျမ့်ချ် ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သည်။ မှောင်ခိုသူ ၇-ဦးပါ အုပ်စုသည် နယ်ခြားသံဆူးကြိုးတံတိုင်း ဆူးလှိုဏ်ခေါင်းအား ဖြတ်ကျော်ဝင်ရောက်ခဲ့ကြကြောင်း ရဲတပ်ဖွဲ့က ပြောဆိုသည်။

(( ယခုသတင်းပါ #အိန္ဒိယအာသံ တောင်ပိုင်းနှင့် #ဘင်္ဂလားဒေ့ရှ်ဆဲဟက် တို့သည် နယ်မြေချင်း တစ်ဆက်တည်းရှိကြပြီး နယ်စပ်ဒေသ နှစ်ဘက်လုံး၌ နေထိုင်သူအများစုမှာ လူမျိုးတူ ဘာသာတူ အများစုဖြစ်ပါသည်။

၁၉၇၁-ခုနှစ် အရှေ့ပါကစ္စတန်၏ သီးခြားနိုင်ငံထူထောင်သည့် #ဘင်္ဂလားလွတ်လပ်ရေးစစ်ပွဲ ကာလ၌ ယခု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်ဖြစ်နေသော ရှိတ်ဟာစီနာသည် ဆဲဟက်သို့ စစ်ဘေးရှောင် ရောက်ရှိခဲ့ကြောင်း ဖတ်မှတ်ရဖူးပါသည်။

အိန္ဒိယနယ်ခြားလုံခြုံရေးတပ် BSF သည် ၄င်းတို့နယ်မြေအတွင်း ဥပဒေမဲ့ ဝင်ရောက်လာသူများအား ပစ်ခတ်ဖမ်းဆီးလေ့ရှိပါ၏။ ၂၀၀၀ နှင့် ၂၀၁၉ ခုနှစ်အကြား ဘင်္ဂလားဒေ့ရ်ှ – အိန္ဒိယနယ်စပ်တလျှောက်၌ အိန္ဒိယနယ်ခြားလုံခြုံရေးတပ်များ လက်ချက်ဖြင့် အနည်းဆုံး ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁,၁၈၅ ဦး သေဆုံးခဲ့ရပြီးဖြစ်ကြောင်း၊ ၄င်းတို့အနက် ဒဏ်ရာရသူ သို့မဟုတ် ပြန်ပေးဆွဲခံရသူများ အရေအတွက် ပါဝင်ခြင်းမရှိသေးကြောင်း ဘင်္ဂလားဒေ့ရှ် Dhaka Tribune က “ Bangladesh sees highest border deaths in 10 years“ ခေါင်းစဉ်ဖြင့် December 22nd, 2020 နေ့တွင် ဖော်ပြခဲ့သည်။ ။ သတင်းဘာသာပြန်သူ ))

((( Zee5., 3 January 2021, “ 200-metre-long tunnel connecting India, Bangladesh found in Assam” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

Credit – HtayOung