ဗဟိုဘဏ်၏ အမိန့် ကြေငြာချက်များကြောင့် ဘယ်သူတွေ အများဆုံး အကျိုးအမြတ် ရနေသလဲ

Post Views:
9
ဘယ်ချိန် ပေါ်လစီ ထပ်ပြောင်းမလဲ.. ဘယ်ချိန် နောက်မျှခြေအသစ်တခုကို ရောက်မလဲ..
Export earnings ဒေါ်လာကို စျေးနှိမ်ယူ၍ စက်သုံးဆီ၊ စားဆီ၊ ဆေးဝါးတို့အတွက် Subsidize လုပ်သင့်ပါသလား။ Society welfare (မြန်မာလူ့ဘောင်တခုလုံး၏ ရရှိမည့်အကျိုးကျေးဇူး) ဖြင့် တွက်ကြည့်လျင် လုံးဝမလုပ်သင့်ပါ။ သို့သော် လူတစ်စု၏ အကျိုးအမြတ်အတွက်တော့ လုပ်သင့်ပါသည်။
ဧပြီ ၃ ရက်နေ့ကစလို့ ၂၄ နာရီအတွင်း earnings ဒေါ်လာကို ၁၀၀% ၁၈၅၀ ကျပ်နှုံးဖြင့်သိမ်းယူသည့် အမိန့်ဖြင့်စတင်ခဲ့သည်။ ထို့နောက် ဆီ ၂ ဆီ၊ ဆေးဝါး တင်သွင်းရန် ၁၈၅၃ ဖြင့် subsidized လုပ်ခဲ့သည်။ အကျိုးဆက်အနေဖြင့် စီးပွါးရေးတခုလုံး ကမောက်ကမ ဖြစ်ကုန်သည်။
အပြောင်းလဲမျိုးစုံ၊ အတက်အကျကြမ်းကြမ်း လှိုင်းလုံးများဖြင့် ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ယခုအပတ်တွင် ရွှေစျေး၊ ဒေါ်လာစျေးကျပါပြီအော်နေသော်လည်း ယနေ့လက်ရှိ အလုပ်အကိုင်၊ ကုန်စျေးနှုံး၊ လက်လုပ်လက်စား၊ လခစားအခြေခံလူတန်းစားတို့၏ အခြေနေတို့ကို ထိုပေါ်လစီမလုပ်မီနှင့် ယှဉ်၍သုံးသပ်ကြည့်ပါ။ မည်မျှပို၍ဆိုးဝါးသွားသည်ကို သိရှိနိုင်ပါသည်။
ဧပြီ ၃ ရက်ကရှိသည့် စျေးကွက်မျှခြေ တဒေါ်လာ 2100 မှ 5 လခန့်အကြာတွင် တဒေါ်လာ 3000 အောက်သို့ မဖြစ်နိုင်တော့သည့် မျှခြေအသစ်တခုသို့ ရောက်ရှိခဲ့ပြီဖြစ်သည်။ အမှားကို အမှားဟုလက်ခံ၍ အမှန်ဖြစ်အောင်ပြန်မပြင်ခြင်းသည် နောက်ထပ်အမှားတခုကိုကျူးလွန်ခြင်း ဖြစ်သည်။ ထို့ကြောင့် အမှားအတိုင်းဆက်သွားလျင် အချိန်တခုတွင် နောက်ထပ်မျှခြေအသစ်တခုသို့ ထပ်မံရောက်ရှိပါအုံးမည်။
စက်သုံးဆီသည် သယ်ယူပို့ဆောင်ခတွင် % အများဆုံးဖြစ်သည်။ သို့သော် ကုန်ပစ္စည်းတန်ဘိုးတွင် သယ်ယူပို့ဆောင်ခသည် % အနည်းငယ်သာဖြစ်၍ စက်သုံးဆီသည်လည်း % အနည်းငယ်သာပါဝင်သည်။ ယခင် (ဧပြီ ၃ ရက်) နှင့် ယခု (စက်တင်ဘာ ၂၅ ရက်) ကုန်စျေးနှုံးများကျပါသလား၊ တက်ပါသလား။ စက်သုံးဆီစျေးကရော ဧပြီ 3 ရက်စျေးနှင့် ယခုစျေးနှိုင်းယှဉ်ကြည့်ပါ။ ကမ္ဘာ့ရေနံစျေး ယခင် $ 100 အထက်မှ ယခု $ 80 အောက်သို့ကျသော်လည်း၊ ရန်ကုန်ဒီဇယ်စျေး ယခင် 2200 ကျပ်မှ ယခု 2600 ကျပ်ဖြစ်သဖြင့် စက်သုံးဆီစျေးလည်းမကျပါ။ စားဆီစျေးလည်းမကျပါ။ ဆေးဝါးစျေးလည်းမကျပါ။
အခြေခံစားသောက်ကုန်စျေးနှုံးများတက်၍ ငွေဖောင်းပွသော်လည်း လုပ်ခလစာများတိုးပေးနိုင်ခြင်းမရှိပါ။ တနေ့အနည်းဆုံးလုပ်ခသည် မပြောင်းသေး၊ 4800 ကျပ်သာ ဖြစ်သည်။ ဒေါ်လာစျေး 1600 ကာလတွင် 3 ဒေါ်လာဖြစ်ပြီး၊ ယခုဒေါ်လာစျေး 3200 ချိန်တွင် တဒေါ်လာခွဲသာဖြစ်သည်။ အစိုးရက မည်သို့ဖြေရှင်းမည်မသိပါ။
အမေရိကန်ဒေါ်လာအညွှန်းကိန်းက နှစ် 20 အတွင်းအမြင့်ဆုံး 112 ထိရောက်နေသည်။ ထို့ကြောင့် အမေရိကန်ဒေါ်လာနှင့်ယှဉ်သည့် ကမ္ဘာ့ငွေကြေးအားလုံးတန်ဘိုးကျပါသည်။ ဤသို့သော ကမ္ဘာ့အခြေနေတွင် မြန်မာ့ငွေကြေးသည် တန်ဘိုးတက်ရန် အကြောင်းမရှိပါ။
ဒေါ်လာစျေးသည် ဩဂုတ်လကုန်တွင် Demand push ကြောင့် overpriced ဖြစ်ခဲ့ခြင်း၊ ဗဟိုဘဏ်၏ financing ကြောင့်ဆီသမားများ စျေးကွက်တွင် ယာယီအဝယ်ရပ်ခြင်း၊ သီးနှံပေါ်ချိန်ဖြစ်၍ ကျပ်ပြန်လိုလာခြင်း တို့ကြောင့် စက်တင်ဘာလတွင် အိမ်နီးခြင်းကုန်သွယ်ဖက်နိုင်ငံများ၏ ငွေကြေးများ ပျော့သော်လည်း၊ မြန်မာငွေကြေးက မာပါသည်။ သို့သော် အချိန်မည်မျှကြာ မာအောင်ထိန်းထားနိုင်မည်နည်း။
Lobbying ဆိုသည်မှာ မိမိတို့အတွက်အကျိုးရှိစေမည့် ပေါ်လစီများချမှတ်စေရန် corporations ကြီးများ၊ ခရိုနီများက အာဏာရှိသူများအား စည်းရုံးသိမ်းသွင်းခြင်းဖြစ်သည်။ ပေါ်လစီချမှတ်သူများနှင့် နေ့စဉ်တွေ့ဆုံပြောဆိုနိုင်သူများက မည်သူတို့နည်း။ ပေါ်လစီတခုချတိုင်း မည်သူ၊ မည်သည့်လုပ်ငန်းများ အကျိုးအမြတ်မည်မျှ ဖြစ်ထွန်းသည်ကို တွက်ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
3.4.2022 (ဗဟိုဘဏ်အမိန့် 12/2022) – မည်သူတို့အများဆုံးအကျိုးအမြတ်ရှိခဲ့သနည်း။
1853 စျေးဖြင့် 100% fully subsidized ရခဲ့သည့် စက်ဆီ၊ စားဆီ တင်သွင်းသူများ သပိတ်ဝင်၊ အိတ်ဝင်ရခဲ့သည်။ သို့သော် ထိုပေါ်လစီကြောင့် ၄ လခန့်အကြာတွင် ပို့ကုန်ကျသဖြင့် ဗဟိုဘဏ်သို့ ဒေါ်လာအဝင်လည်း လျော့သွားပါသည်။ ပြင်ပဒေါ်လာစျေးလည်း 2200 မှ တဖြည်းဖြည်း 2400 ခန့်သို့စတက်ပါပြီ။
5. 8. 2022 (ဗဟိုဘဏ်အမိန့် 36/2022) – မည်သူတို့အများဆုံးအကျိုးအမြတ်ရှိခဲ့သနည်း။
Export earnings policy ကို 1850 မှ 2100 သို့၎င်း၊ 100% မှ 65% သို့၎င်း ပြောင်းပါသည်။ အခြားတဖက်၌ ဆီတင်သွင်းသူများသို့ fully subsidized မှ 50% subsidized သို့ ပြောင်းပါသည်။ သို့သော် 50% သာ subsidized လုပ်တော့မည့်စနစ်ကို ဦးစွာသိရှိ၍ စျေးကွက်တွင် လက်ဦးမှုယူကာ ရရာစျေးဖြင့်ဒေါ်လာကို ရသလောက်ဝယ်ယူခဲ့သူများက မည်သူတို့နည်း။
ထိုစက်ဆီ၊ စားဆီ၊ ဆေးတင်သွင်းသည့်သူများသာဖြစ်သည်။ ထိုသူတို့ စျေးကွက်တွင် ဒေါ်လာကို ရရာစျေးဖြင့်ဝယ်ယူမှုများကြောင့် အခြားလုပ်ငန်းများလည်း လုပ်မရတော့သည့်အခြေနေများ ဖြစ်ခဲ့ရခြင်းနှင့်အတူ speculation market ကြီးထွားလာပြီး မီဒီယာများတွင် 4500၊ 5000 ထိဖြစ်မည့်ခန့်မှန်းချက်များကြောင့် ပြည်သူအားလုံးအထိတ်တလန့်ဖြစ်၍ မိမိကျပ်ငွေတန်ဘိုးကို hedge လုပ်ရန် စျေးကွက်တွင် ရွှေ၊ ဒေါ်လာ၊ ကား၊ မြေ တို့ကိုဝယ်ယူခဲ့ကြပါတော့သည်။
သို့သော် ထိုစျေးအမြင့်တွင် ဆီသမားများအဝယ်ရပ်ပါသည်။ demand push ကြောင့် ဖြစ်သင့်သည့်စျေးထက် ပိုမိုမြင့်မားသောစျေး (overpriced) ဖြင့် မဖြစ်မနေလိုအပ်သူများက ဝယ်ယူရသဖြင့် အရောင်းဝယ်အနည်းကျဉ်းဖြစ်ခဲ့သည်။ သို့သော် တရက်သာကြာပါသည်။ နောက်ရက် ချက်ချင်းပြန်ကျပါသည်။
31.8.2022 (ဗဟိုဘဏ်ကြေညာချက်) – မည်သူတို့ အများဆုံးအကျိုးအမြတ်ရှိနေသနည်း။
ဒေါ်လာ 200 မီလီယံကျော် financing ကျေညာချက်ထွက်လာပါသည်။ ဆီသမားများ စျေးကွက်တွင် ယာယီဒေါ်လာအဝယ်ရပ်ပါသည်။ ထို့ကြောင့် overpriced ဖြစ်နေသော ဒေါ်လာစျေး ကျပါသည်။ ရွှေစျေးသည် စျေးကွက်ဒေါ်လာစျေးပေါ်မူတည်သဖြင့် ရွှေစျေးလည်းကျပါသည်။ ဆီသမားများ စျေးကွက်တွင် ဒေါ်လာကို လောမဝယ်တော့ပါ။ Financing ရသဖြင့် ၃ လအတွင်း အေးအေးဆေးဆေးစျေးစောင့်၍ ဝယ်နိုင်သည့်သဘောဖြစ်သည်။
လက်ရှိပေါ်လစီအရ 50% 2100 ဖြင့် subsidies ရသည့်ပြင် ကျန် 50% ကို ၃ လဆိုင်းဖြင့် financing ရသည်။ ၃ လအတိုးပါပြီး $ စျေး 3300 ဖြင့်တွက်၍ ဆီစျေးကိုရောင်းစျေးသတ်မှတ်ပြီး ၃ လပြည့်လျင် ပြန်ဆပ်ရမည်ဟုဆိုရာ ထိုဆီတင်သွင်းသူများက ဤ ၃ လအတွင်း ဒေါ်လာကို 3300 အောက်လျော့၍ ဝယ်ယူနိုင်သလောက် အမြတ်ရနေပါမည်။
ဥပမာ 3100 ဖြင့်ဝယ်၍ ပြန်ဆပ်လျင် တဒေါ်လာကို 200 ကျပ်မြတ်ပြီးဖြစ်သည်။ ထို့ကြောင့် $ 200m financing ရရှိမှုအပေါ် ထိုဆီတင်သွင်းသူများ၏ ရရှိသည့်အမြတ်ငွေမှာ (200 x 200 m = 40000 m = 40 billion) 40 ဘီလီယံကျပ် ဖြစ်ပါသည်။ $ စျေး 3200 ဖြင့်ဝယ်ယူရရှိလျင် 20 ဘီလီယံကျပ် မြတ်မည်ဖြစ်ပါသည်။
အရေးကြီးကုန်စည်ဟု သတ်မှတ်သော စက်ဆီ၊ စားဆီ၊ ဆေးအတွက် လိုအပ်သောဒေါ်လာရရှိရန် လုပ်ဆောင်ရာတွင် ဘေးထွက်ဆိုးကျိုးအဖြစ် ဒေါ်လာ supply ကို လျော့ကျစေပြီး၊ ဒေါ်လာ demand ကိုတက်စေခဲ့သည်။ ထို့ကြောင့် စျေးကွက်မျှခြေက 3000 အောက်မဖြစ်နိုင်ဟု ၎င်းတို့ကိုယ်တိုင် တွက်ချက်ခဲ့ဟန်တူပါသည်။ (Financing ပေးသည့် $ 200m ဖြတ်စျေး၊ ရွှေဒင်္ဂါးရောင်းစျေး၊ KBZ က 3000 ဖြင့်ဝယ်ယူမည်ဟု တရားဝင် ကျေညာခြင်းတို့ကို ကြည့်၍သိနိုင်ပါသည်။)
သာမာန်စီးပွါးရေးသမားများက အမှောင်ထဲမှာစမ်းတဝါးဖြင့် အရှုံးအမြတ်ကစားနေကြသော်လည်း အကျိုးအမြတ်ကြီးကြီးရသူများကတော့ မပြောင်းလဲသော ထိုလူတစုသာဖြစ်သည်။ လက်ရှိပေါ်လစီဖြင့် ထိုသူတို့အမြတ်ကောင်းနေသရွှေ့ ပေါ်လစီလည်းမပြောင်းသေး၊ မျှခြေလည်းမပြောင်းသေး၊ သူတို့လိုသည့်ဒေါ်လာကို လိုသလောက် လိုချင်သည့်စျေးဖြင့် ဝယ်မရတော့ဘူးဆိုလျင်တော့ ပေါ်လစီလည်းပြောင်းနိုင်သလို၊ နောက်ထပ်မျှခြေအသစ်တခုကိုလည်း ရောက်နိုင်ကြောင်း စဉ်းစားမိပါသည်။ (Thin Thin Nwe)
လေးစားစွာဖြင့် ပြန်လည်မျှဝေပါသည် –
Crd
Crd