■■■အမေရိကန်စစ်သားတွေဟာ နောက်နှစ် စက်တင်ဘာလအထိ Microsoft ထုတ် HoloLens တွေနဲ့ စစ်‌ရေးလေ့ကျင့်နိုင်ဦးမှာ မဟုတ်ပါဘူး

Microsoft ဟာ ဒီနှစ်မတ်လထဲမှာ အမေရိကန်စစ်တပ်အတွက် Augmented Reality (AR) Headset ပေါင်း ၁၂၀၀၀၀ ထုတ်လုပ်ဖို့ သဘောတူညီမှုရခဲ့ပါတယ်။

၁၀ နှစ်ကျော်ကြာပြီး ဒေါ်လာ ၂၁.၈၈ ဘီလျံအထိ တန်တဲ့ ဒီစာချုပ်မှာ HoloLens အခြေခံ တိုက်ခိုက်ရေးနဲ့ လေ့ကျင့်ရေးသုံး Integrated Visual Augmentation System (IVAS) ထုတ်ကုန်တွေကို အမေရိကန်စစ်တပ်သုံးဖို့အတွက် Microsoft က ထုတ်ပေးသွားရမှာ ဖြစ်ပါတယ်။

Reuters နဲ့ Windows Central သတင်းတွေမှာတော့ အမေရိကန်စစ်တပ်ဟာ Microsoft ရဲ့ HoloLens အသုံးပြုမှုကို နောက်နှစ် စက်တင်ဘာအထိ ရွှေ့ဆိုင်းထားတယ်လို့ ဆိုပါတယ်။

Microsoft Headsets တွေနဲ့ ပထမဆုံး စစ်ရေးလေ့ကျင့်မှုဟာ ၂၀၂၂ စက်တင်ဘာလောက်မှာ အကောင်အထည်ပေါ်လာဖို့ ရှိပါတယ်။ အမေရိကန်စစ်တပ်အနေနဲ့ ကနဦးက ဒီနှစ် စက်တင်ဘာလထဲမှာ HoloLens တွေ စပြီး သုံးစွဲဖို့ စီစဉ်ခဲ့တာပါ။

အမေရိကန်စစ်တပ်အနေနဲ့ Mixed Reality နည်းပညာ ပိုမိုဖွံ့ဖြိုးဖို့အတွက် ဒီနှစ်ဇူလိုင်ကနေ နောက်နှစ် မေလအထိ အော်ပရေးရှင်းစမ်းသပ်မှုတွေ ထပ်လုပ်ဖို့ ‌အခုလို အချိန်ရွှေ့လိုက်တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလဆန်းပိုင်းကပဲ ကာကွယ်ရေးဌာန အထွေထွေစုံစမ်းစစ်ဆေးရေးမှူးက Microsoft ရဲ့ system ဟာ လျာထားချက်နဲ့ ပြည့်မှီမှု ရှိမရှိ ဆုံးဖြတ်ဖို့ အကဲဖြတ်စိစစ်မှု လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစာရင်းစစ်မှုနဲ့ အခုလို Microsoft HoloLens တွေ သုံးမယ့်ကိစ္စ ရက်ရွှေ့မှုနဲ့ ဆက်စပ်မှု ရှိနေသလားဆိုတာ မသိရသေးပါဘူး။ Microsoft ရဲ့ HoloLens နည်းပညာဟာ စစ်သားတွေအတွက် အဆင့်မြင့်ညကြည့်စနစ်နဲ့

အပူချိန်ထောက်လှမ်းမှုတွေ လုပ်ရာမှာ ကူညီသွားမှာပါ။ လေ့ကျင့်ရေးတွေမှာလည်း အထက်က အမိန့်ပေးသူတွေရဲ့ ညွှန်ကြားမှုကို ပိုကောင်းမွန်စေဖို့ ဒီ Headsets တွေက အချက်အလက်တွေ ထောက်ပံ့နိုင်မှာ ဖြစ်ပါတယ်။

Hololens မှာ သုံးထားတဲ့ AR နည်းပညာဟာ တကယ့်အပြင်မှာ မရှိတဲ့ သုံးဖက်မြင်ပုံရိပ်တွေကို အပြင်လောကနဲ့ပေါင်းစပ်ပြီး ပြသတဲ့ နည်းပညာပါ။

AR မျက်မှန်တစ်လက်ဟာ အမြင်ပိုင်း ၊ အသံပိုင်း ၊ ထိတွေ့မှုပိုင်း ၊ အပူအအေး ဖိအားသိစနစ်ပိုင်း အပြင် အနံခံ အာရုံခံ sensor တွေပါ ထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဈေးကွက်ထဲမှာ ဖြန့်ချိထားတဲ့ Microsoft ထုတ် လုပ်ငန်းသုံး HoloLens တွေဟာ အနည်းဆုံး ဒေါ်လာ ၃၀၀၀ ဈေးရှိပါတယ်။

Microssoft ဝန်ထမ်းတွေကတော့ စစ်တပ်အတွက် အခုလို တိုက်ခိုက်ရေးသုံး HoloLens တွေ ထုတ်မယ့်ကိစ္စပေါ် ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။
Crd..DUwun
မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ်ပေးပါသည်။ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။