ဒေါ်လာစျေး အတက်အကျ ကြမ်းနေတဲ့ နောက်ကွယ်နှင့် တည်ငြိမ်စေရန် အဓိက တာဝန်ရှိတဲ့သူ

Post Views:
10
ဒေါ်လာစျေး အတက်အကျ ကြမ်းနေတဲ့ နောက်ကွယ်နှင့် ဒေါ်လာစျေး တည်ငြိမ်စေရန် အဓိက တာဝန်ရှိတဲ့သူ..
ကောင်းမွန်သော Macro-Economic Environment တခုကိုတည်ဆောက်ရန် ဗဟိုဘဏ်သည် မိမိငွေကြေးတန်ဘိုးကို အထိုက်အလျောက်တည်ငြိမ်အောင် လုပ်ဆောင်ဖို့ တာဝန်ရှိပါသည်။ ငွေကြေးတခု၏ အဓိကလုပ်ငန်းဆောင်တာဖြစ်သော medium of exchange and store of value အဖြစ် ကျပ်ငွေကို သုံးစွဲသူပြည်သူများနှင့် လုပ်ငန်းများက သံသယကင်းစွာ ယုံကြည်လက်ခံရန်လိုသည်။
နိုင်ငံတခု၏ ငွေကြေးတန်ဘိုး အတက်အကျကြမ်းခြင်းသည် stability ခေါ် တည်ငြိမ်မှုမရှိခြင်းကိုပြသည်။ Businesses ခေါ် စီးပွါးရေးလုပ်ငန်းများအတွက် မိမိငွေကြေးတန်ဘိုး အကျကြမ်းခြင်းက မကောင်းသလို အတက်ကြမ်းခြင်းကလည်း မကောင်းပါ။ အများပြည်သူနှင့်လုပ်ငန်းရှင်များ မိမိနိုင်ငံငွေကြေးအပေါ် ယုံကြည်မှုရှိရန်နှင့် မိမိနိုင်ငံတွင်းရှိဘဏ်များကို ယုံကြည်မှုရှိရန် ဗဟိုဘဏ်က ရည်ရွယ်လုပ်ဆောင်ဖို့လိုသည်။
ဗဟိုဘဏ်သည် မိမိငွေကြေးတန်ဘိုးထိုးမကျရန် ကျားကန်ပေးနိုင်သည့် လုံလောက်သောအရန်နိုင်ငံခြားငွေများရှိရန်နှင့် မိမိငွေကြေးတန်ဘိုးထိုးမတက်ရန် စျေးတခုတွင် ခံ၍ဝယ်ပေးနိုင်ရန် လိုပါသည်။ monetary and fiscal tools များဖြင့် အလှုပ်အခတ်မကြမ်းပဲ အတက်အကျအနည်းငယ်ဖြင့် ငွေကြေးတန်ဘိုး အတော်တန်တည်ငြိမ်သည့် ဖြစ်သင့်သည့်မျှခြေစျေးတခုတွင် float လုပ်ထားနိုင်ရန်လိုပါသည်။
မိမိငွေကြေးကို အချိန်အခါ အခြေအနေအရ မာချင်တာလား၊ ပျော့ချင်တာလား ဗျူဟာရှိဖို့လိုသည်။ အများပြည်သူနှင့် ပြည်တွင်းလုပ်ငန်းများသည် လုပ်ခ၊ လစာ၊ ဝင်ငွေအားလုံး ကျပ်ဖြစ်သဖြင့် ၎င်းတို့အတွက် ကျပ်ငွေမာလျင် ကောင်းပါသည်။ သို့သော် မိမိနိုင်ငံ economy တခုလုံး၏ အကျိုးစီးပွါးအတွက် ဘယ်ချိန်ဘယ်အခြေနေတွင် ကျပ်မာလျင် ကောင်းပြီး၊ ဘယ်ချိန်ပျော့ထားသင့်လဲကို အစိုးရ၊ ဗဟိုဘဏ်နှင့် ပေါ်လစီချမှတ်သူများ စဉ်းစားကြည့်သင့်ပါသည်။
မနှစ်က 2021 August မှာလို့ထင်ပါသည်။ ဒေါ်လာစျေး 1700 ကျပ်ကျော်မှ 2700 ကျပ်လောက်ထိ တောက်လျောက်တက်လာပြီး ကျပ်တန်ဘိုးထိုးကျခဲ့ပါတယ်။ ဒီအချိန်မှာ ဗဟိုဘဏ်က ကျပ်တန်ဘိုးပြန်တက်ရန် ဒေါ်လာထုတ်ရောင်းပေးခြင်း၊ ဖမ်းဆီးရန်ခြိမ်းခြောက်ခြင်းဖြင့် ထိန်းကြောင်းခဲ့ပါသည်။ ထို့ကြောင့် $ စျေး 1700 ကျော် ဝန်းကျင်ထိပြန်ကျသွားပြီး ကျပ်တန်ဘိုးပြန်တက်ခဲ့ပါသည်။ ကျပ်တန်ဘိုးပြန်တက်ခဲ့သည်ကို အစိုးရ၊ ဗဟိုဘဏ်နှင့် ပြည်သူတို့က အကောင်းဘက်ကချည်းတွက်လို့မရပါ။ သေချာစဉ်းစားကြည့်လျင် မြန်မာ့ Economy ကရှုံးပါသည်။
တကယ်တော့ ထိုအချိန် နိုင်ငံခြားရင်းနှီးမြုပ်နှံမှုအများပြား ပြန်ထွက်နေပါသည်။ ထို့ကြောင့်လည်း ဒေါ်လာ Demand တက်ပြီး ဒေါ်လာစျေးတောက်လျောက်တက်ခဲ့ပါသည်။ ကျပ်တန်ဘိုးကျခဲ့ပါသည်။ ကုန်သွယ်ရေးလိုငွေမပြပါဘူး။ ကုန်သွယ်ရေးလိုငွေပြလို့ ကျပ်တန်ဘိုးကျခဲ့တာမဟုတ်ပါဘူး။ စာရင်းများအရ ပို့ကုန်ကသွင်းကုန်ထက်များလို့ ပိုငွေတောင်ပြထားပါတယ်။ ထို့ကြောင့် မနှစ်က ၈ လပိုင်းမှာ ဒေါ်လာစျေး 2700 ကျပ်ထိဖြစ်သွားခြင်း (တနည်းအားဖြင့် မြန်မာငွေတန်ဘိုးကျခြင်း) သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်ထွက်နေခြင်း (Capital flight) ကြောင့်ဟုဆိုနိုင်ပါသည်။
စာဖတ်သူများ ကိုယ်တိုင်တွက်ကြည့်ပါ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု FDI ကုမ္ပဏီတခု ပြန်ထွက်သည့်အခါ ၎င်း၏လုပ်ငန်းတွင်လည်ပတ်နေသည့် ကျပ်များကို ဒေါ်လာချိန်း၍ ပြန်ထုတ်ရာတွင် $ စျေး 1700 ဖြစ်လျင် ၎င်း၏ကျပ်သန်း 1700 ကို ဒေါ်လာ 1 သန်း ရရှိမည်ဖြစ်ပြီး၊ $ စျေး 2700 ဖြစ်လျင် ထိုကျပ်သန်း 1700 ကို ဒေါ်လာ 6 သိန်းကျော်သာရရှိပါမည်။ ထို့ကြောင့် Capital Flight ဖြစ်ချိန်တွင် ကျပ်ငွေမာလျင် မိမိနိုင်ငံကရှုံးပြီး ပြန်ထွက်သည့်ကုမ္ပဏီက ဒေါ်လာပို၍ထုတ်သွားနိုင်သဖြင့် မြတ်ပါသည်။
နောက်တနည်းလှည့်စဉ်းစားလျင် 2020 ခုနှစ်မတိုင်မီ ဒေါ်လာစျေး 1350 ကျပ်ဖြင့်ဝင်ခဲ့သော FDI များ ယခု 2021 ပြန်ထွက်ချိန်တွင် ဒေါ်လာစျေး 2700 ကျပ်ဆိုပါက ၎င်းတို့မြန်မာပြည်သို့ဝင်ခဲ့သော ဒေါ်လာသန်း 100 ကို ဒေါ်လာသန်း 50 အဖြစ်သာ ပြန်ထုတ်သွားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် Capital Flight အများအပြားဖြစ်ချိန်တွင် ကျပ်ငွေအပျော့ထားမှသာ မိမိ economy ထဲမှ ဒေါ်လာအထွက် သက်သာမည်ဖြစ်သည်။
နစက အာဏာစထိန်းချိန်ကစလို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြန်ထုတ်ဖို့ တာစူကြပါသည်။ အလားတူ အတိုးကောင်းလို့ မြန်မာပြည်ဘဏ်များတွင်ထည့်၍ အတိုးရယူစားနေသော နိုင်ငံခြားရောက်မြန်မာများ၏ငွေများလည်း ပြန်ထုတ်ခဲ့ကြပါသည်။ ဘဏ်ထဲပိတ်မိနေသော သူတို့၏ကျပ်ငွေများကို % ပေး၍ပြန်ထုတ်ပြီး နိုင်ငံခြားသို့အကုန်ပြန်လွှဲယူခဲ့ကြပါသည်။
ထို့ကြောင့် ထိုချိန် ဖြစ်သင့်သည်က ကျပ်တန်ဘိုးကို တောက်လျောက်ချထားသင့်ပါသည်။ ဒေါ်လာငွေလဲနှုန်းကြောင့်သက်ရောက်မည့် သူတို့ပြန်လွှဲထုတ်လျင်ရနိုင်သည့် ဒေါ်လာငွေပမာဏသည် FDI ကုမ္ပဏီတို့၏လည်ပတ်နေသောကျပ်ငွေများ၊ ဘဏ်တိုးထည့်စားကျပ်ငွေများကို နိုင်ငံတွင်းမှပြန်ထုတ်မထုတ်၊ ဘယ်ချိန်ပြန်ထွက်မလဲဆိုသည့် ဆုံးဖြတ်ချက်များကိုပင် ပြောင်းလဲစေနိုင် သို့မဟုတ် နှောင့်နှေးစေနိုင်ပါသည်။
ဥပမာနောက်တခုပေးရသော် အော်ရီဒူး၏ ဝန်ဆောင်ခရငွေများသည် ကျပ်ဖြစ်သည်။ ထိုကျပ်ကို ဒေါ်လာသို့ချိန်း၍ ပြန်ထုတ်ပါသည်။ ကျပ်ငွေမာလျင် အော်ရီဒူးအတွက်အလွန်ကောင်းပြီး၊ ကျပ်ငွေပျော့လျင် နိုင်ငံအတွက်အလွန်ကောင်းပါသည်။ ယခုနှစ် ဧပြီ ၃ ရက်နေ့ကထုတ်ပြန်သည့် ဒေါ်လာစျေး 1850 သတ်မှတ်ချက်ကြောင့် ထိုဆက်သွယ်ရေးကုမ္ပဏီများနှင့် အတိုးအရင်းများပြန်ထုတ်ယူခဲ့သည့် နိုင်ငံခြားကုမ္ပဏီများသည် 1850+3 ဖြင့် ဒေါ်လာအမြောက်အများကို ထုတ်ယူနိုင်ခဲ့သည်။ အချိန်အတော်ကြာ၊ ပမာဏအတော်များများထုတ်ယူပြီးမှ ဗဟိုဘဏ်သိရှိသဖြင့် ထုတ်ပြန်ချက်တခုဖြင့် နိုင်ငံခြားကြွေးမြီဆပ်ရန် အရင်း၊ အတိုးအားလုံးကို ဆိုင်းငံ့စေခဲ့ပါသည်။ စျေးကွက်ပေါက်စျေး 2200 မျှခြေဖြစ်နေချိန်တွင် 1850 ဖြင့် အရှုံးခံပေးလိုက်ရသဖြင့် အော်ရီဒူးကဲ့သို့သော မိမိ Economy ထဲမှ ဒေါ်လာပြန်ထုတ်သွားသူများက ဒေါ်လာပိုရသွားခဲ့ပြီး မိမိနိုင်ငံကရှုံးခဲ့ပါသည်။
ဘန်ကောက်ကွန်ဒိုများဝယ်ယူရာတွင် ငွေအများအပြားကို တပြိုင်နက်လွှဲယူပေးချေခဲ့ကြရာ ကျပ်ငွေတန်ဘိုးအကျ၊ ဘတ်ငွေတန်ဘိုးတက်နှုံးဖြင့် လွှဲထုတ်သွားသူများ ယခုကျပ်ပြန်မာလာသောအခါ ထိုသူများရှုံးပါသည်။ သို့သော် ထိုထုတ်ယူသွားငွေများက မိမိနိုင်ငံသားများပိုင်သော မိမိ Economy ထဲမှ ထွက်သွားသည့်ငွေများဖြစ်သဖြင့် Economy အနေဖြင့်တွက်လျင်လည်း မြတ်သည်ဟု မဆိုနိုင်ပါ။
နောက်ထပ် Economy တခုလုံးအတွက် ကျပ်ငွေမာလျင် မကောင်းသည့်အချိန်သည် Harvest Period ဟုခေါ်သော စပါး၊ ပဲ၊ ပြောင်း ပေါ်ချိန်ဖြစ်သည်။ ဤချိန်၌ ကျပ်မာလို့ ထိခိုက်မည့်သူများက စိုက်ပျိုးထုတ်လုပ်သည့် တောင်သူလယ်သမားများဖြစ်ပါသည်။ နှစ်စဉ်လည်း ငွေကြေးတန်ဘိုးအတက်ကျ trend က ပုံစံတူပါ။ Harvest Period တွင် ကျပ်မာ၍ Non-Harvest Period တွင် ကျပ်ပျော့ပါသည်။ စိုက်ပျိုးထုတ်လုပ်သူများသည် ၎င်းတို့၏ထွက်ကုန်သီးနှံများ ရောင်းချိန်တွင် စျေးနည်းရပြီး၊ စိုက်ပျိုးရေးသွင်းအားစုများကို ဝယ်ယူချိန်တွင် စျေးကြီးပေးရပါသည်။ ထို့ကြောင့်လည်း တောင်သူများ အကျိုးရသင့်သလောက် မရပါ။
နိဂုံးချုပ်ကြည့်လျင် မိမိနိုင်ငံငွေကြေးကို Excessive Fluctuations ဟုခေါ်သော အတက်ကြမ်း၊ အကျကြမ်းခြင်းများ မဖြစ်ပေါ်စေပဲ အထိုက်အလျောက်တည်ငြိမ်သည့် အတက်အကျအနည်းငယ်ဖြင့် Float လုပ်နိုင်သည့် Macro-Economic Environment ကောင်းတခု တည်ဆောက်နိုင်ရန်မှာ ဗဟိုဘဏ်နှင့် အစိုးရ၏ တာဝန်ဖြစ်သည်။
Thin Thin Nwe (1.10.2022)
Crd
Crd