ထူးဆန်းတဲ့ မျောက်ကျောက်ရောဂါ အမေရိကန်၊ ဗြိတိန်နဲ့ ဥရောပနိုင်ငံတချို့မှာ စတင်ပျံ့နှံ့.. ဗြိတိန်မှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူနှစ်ဦး ထပ်မံတွေ့ရှိပြီး စုစုပေါင်း ၉ ဦးအထိရှိလာ..
မျောက်ကျောက်ရောဂါ (Monkey Pox) လို့ခေါ်တဲ့ရောဂါတစ်မျိုးဟာ အမေရိကန်၊ စပိန်၊ ပေါ်တူဂီနိုင်ငံနဲ့ ဥရောပနိုင်ငံတချို့မှာ ကူးစက်ဖြစ်ပွားနေပြီး ဗြိတိန်မှာ ရောဂါဖြစ်ပွားသူ ၉ ဦးအထိရှိလာကြောင်း ဗြိတိန်ပြည်သူ့ကျန်းမာရေးအေဂျင်စီက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အထူးသဖြင့် အမျိုးသားချင်း လိင်တူချစ်သူတွေထံမှာ မျောက်ကျောက်ရောဂါ ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးကို တွေ့ရှိရပြီး ဗြိတိန်မှာ ယမန်နေ့က လူနာသစ်နှစ်ဦး ထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။
လူနာသစ်တစ်ဦးဟာ လန်ဒန်ကဖြစ်ပြီး ကျန်တစ်ဦးကတော့ အင်္ဂလန်အရှေ့တောင်ပိုင်းကဖြစ်ပါတယ်။
ပေါ်တူဂီနိုင်ငံမှာတော့ ကူးစက်ခံရသူ (၅) ဦး အတည်ပြုထားပြီး နောက်ထပ် သံသယလူနာ ၁၅ ဦးကို စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ပေါ်တူဂီအာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အမေရိကန်မှာတော့ ကနေဒါနိုင်ငံကနေ ပြန်လာသူတဦးမှာ မျောက်ကျောက်ရောဂါ ကူးစက်မှု တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဗြိတိန်က လူနာသစ်နှစ်ဦးဟာ မျောက်ကျောက်ရောဂါ ကူးစက်ဖြစ်ပွားတဲ့နိုင်ငံတွေကို ခရီးသွားရာဇဝင် မရှိတဲ့အပြင် ဗြိတိန်က ယခင်ရောဂါရှင်တွေနဲ့လည်း ထိတွေ့ဆက်ဆံမှုမရှိကြောင်း သိရပါတယ်။ ပေါ်တူဂီက အတည်ပြုထားတဲ့ ကူးစက်ခံရသူ (၅) ဦးအနက် တဦးဟာ နိုင်ဂျီးရီးယားနိုင်ငံကို သွားရောက်ခဲ့သူဖြစ်ကာ (၄) ဦးကတော့ လိင်တူဆက်ဆံသူတွေဖြစ်တယ်လို့ ဗြိတိန်ကျန်းမာရေး ဝန်ကြီးဌာနကပြောပါတယ်။
ဒါ့ကြောင့် ဗြိတိန်က အမျိုးသားချင်း လိင်တူဆက်ဆံသူတွေအနေနဲ့ အရေပြားအဖုအပိန့်၊ နာကျင်မှုများ ဖြစ်ပါက အလျင်အမြန်ဆေးစစ်မှုခံယူဖို့၊ အထူးသဖြင့် လိင်အင်္ဂါအနီးတဝိုက်နေရာတွေကို စစ်ဆေးဖို့ ဗြိတိန်ကျန်းမာရေးအေဂျင်စီက တိုက်တွန်းထားပါတယ်။
Crd