တိုက်လေယာဉ်အများဆုံး ဝယ်ယူစုဆောင်းနိုင်သူအဖြစ် ဂင်းနစ်စံချိန်တင်ထားသူ

တိုက်လေယာဉ်အများဆုံး သုံးစွဲသည့်အဖွဲ့အစည်းမှာ နိုင်ငံတကာရှိတပ်မတော်များဖြစ်ပြီး အမေရိကန်နိုင်ငံသည် တိုက်လေယာဉ်အများဆုံး ပိုင်ဆိုင်သည့် နိုင်ငံ တစ်နိုင်ငံဖြစ်သည်။

အစိုးရအဖွဲ့အစည်း၊ သို့မဟုတ် တပ်မတော်မှမဟုတ်သော်လည်း ဝါသနာအရ တိုက်လေယာဉ်စုဆောင်းနေသူများလည်းရှိသည်။ ထိုအထဲက တိုက်လေယာဉ်အများဆုံး စုဆောင်းနိုင်သူအဖြစ် ကမ္ဘာ့စံချိန်တင်ထားသူမှာ ပြင်သစ်ဝိုင်လုပ်ငန်းရှင်သူဌေး ပိုက်ကယ်ပွန့်ဖြစ်သည်။

ပြင်သစ်နိုင်ငံအရှေ့အလယ်ပိုင်း Burgundy ဒေသရှိတောင်စောင်းတစ်ခုအနီးတွင် Savigny-les Beaune ဟုခေါ်သည့် ရဲတိုက်ကြီးတစ်ခုရှိသည်။ ထိုရဲတိုက်ကို ၁၃၄ဝ ပြည့်နှစ်က Burgundy မြို့စားကြီးအတွက် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

၁၄ဝဝ ပြည့်နှစ်ခန့်တွင် ဖြိုဖျက်ခံလိုက်ရပြီး ၁၇ ရာစုရောက်မှ ပြန်လည် တည်ဆောက်ထားခြင်းဖြစ်သည်။လက်ရှိအချိန်တွင် ထိုရဲတိုက်သည် မိုက်ကယ်ပွန့်၏ တိုက်လေယာဉ်ပြတိုက် တစ်ခုဖြစ်နေပြီဖြစ်သည်။

ထိုရဲတိုက်အနီးတွင် ဗိုက်ကယ်ပွန့်က သူစုဆောင်းထားသော တိုက်လေယာဉ်အစင်းပေါင်း ၁၁ဝ ကို ခင်းကျင်းပြသထားသည်။ ၁၉၈ဝ ပြည့်နှစ်ခန့်တွင် ထိုရဲတိုက်ကို မိုက်ကယ်ပွန့်က အမွေဆက်ခံ လိုက်ပြီးနောက် သူ၏ဝါသနာဖြစ်သော လေယာဉ် စုဆောင်းခြင်းကို စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

နှစ်ပေါင်း ၃ဝ ကျော်စုဆောင်းခဲ့ပြီးနောက် လေယာဉ်ပေါင်း အစင်း ၁၁၀ စုဆောင်းနိုင်ခဲ့ပြီး ကမ္ဘာပေါ်က တိုက်လေယာဉ်အများဆုံး စုဆောင်းနိုင်သူအဖြစ် ဂင်းနက်စ်မှတ်တမ်းဝင် အသိအမှတ် ပြုလက်မှတ်ကိုရရှိခဲ့သည်။

ပွန့်သည် ငယ်စဉ်က ပြင်သစ်ကားပြိုင်ပွဲတွင် ပြိုင်ကားမောင်းသူတစ်ဦး ဖြစ်ခဲ့ပြီး ၈ နှစ်တာကာလအတွင်း ဆုတံဆိပ်ပေါင်း ၁၆၈ ခုကိုရရှိခဲ့သူလည်းဖြစ်သည်။မိုက်ကယ်ပွန့်သည် တစ်ချိန်က ပြင်သစ်တပ်မတော်၏ လေယာဉ်မှူးတစ်ဦးဖြစ်ပြီး Dijon မြို့ရှိ လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ထိုအချိန်ကတည်းက လေယာဉ်များကို လိုက်လံစုဆောင်းရန် စိတ်ကူးခဲ့ခြင်းဖြစ်သည်။ သူစုဆောင်းသည့်လေယာဉ်များမှာ အသစ်မဟုတ် သော်လည်း အသုံးမပြုတော့သည့် လေယာဉ် အဟောင်းများသာဖြစ်သည်။

အသုံးမပြုတော့သည့် လေယာဉ်များအား ဖျက်ဆီးခြင်းမှ ရပ်တန့်နိုင်ရန် အတွက် ယခုကဲ့သို့ လိုက်လံစုဆောင်းနေခြင်းဖြစ်သည်ဟု သူကဆိုခဲ့သည်။လက်ရှိအချိန်တွင် သူစုဆောင်းထားသည့် တိုက်လေယာဉ်များအား ရဲတိုက်အတွင်းမှာပင် ပြတိုက် ၉ ခုခွဲကာ တစ်မျိုးချင်းစီပြသထားသည်။

ထိုပြတိုက်များတွင် လေယာဉ်များသာမက ဆိုဗီယက်ခေတ် ဟယ်လီကော်ပတာတစ်စင်း၊ ၁၉၇ဝ ပြည့်နှစ်တုန်းက ထုတ်လုပ်ခဲ့သည့် ကုန်းရေနှစ်မျိုးစလုံးသွား နိုင်သည့် ယာဉ် Hovercraft၊ ရှေးဟောင်းမီးသတ်ကားများနှင့် ရှေးဟောင်းမော်တော် ဆိုင်ကယ်စီးရေ ၂ဝဝ ကျော်အပါအဝင် ပြိုင်ကားပေါင်း ၃၆ စီးကိုလည်း ပြသထားသည်။

ပွန့်သည် လေယာဉ်အဟောင်းရှိသည်ဟုကြား သည့်နေရာမှန်သမျှ ကမ္ဘာပတ်၍ ခရီးထွက်သည်။ သူနှင့်အတူ စက်သမားအဖွဲ့ကို နေရာအနှံ့ခေါ်သွားသည်။ တွေ့သည့်လေယာဉ်ကို တစ်စစီဖြုတ်ကာ သယ်ဆောင်လာပြီး ရဲတိုက်ဆီရောက်တော့မှ ပြန် လည်တပ်ဆင်ခြင်းဖြစ်သည်။

သူ၏တိုက်လေယာဉ် အများစုကို ရုရှား၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ ဆွီဒင်၊ ပြင်သစ်နှင့် အာဖရိကတိုက်ရှိ နိုင်ငံများမှရရှိခဲ့ခြင်းဖြစ်ပြီး ဒုတိယကမ္ဘာစစ်အတွင်းက အသုံးပြုခဲ့သောတိုက်လေယာဉ်များဖြစ်သည်။

ငွေကြေးကုန်ကျများစွာခံ၍ လေယာဉ် အဟောင်းများကို စုဆောင်းရခြင်းအပေါ် မိုက်ကယ် ပွန့်က “တိုက်လေယာဉ်တွေကို ကျွန်တော် အရမ်း သဘောကျပါတယ်၊ ဒီလိုတိုက်လေယာဉ်တွေစုခြင်းက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်၊ ဒီထက်ပိုဝမ်းသာဖို့ ကောင်းတာက တခြားသူတွေ မြင်ဖို့မလွယ်တဲ့အရာကို တစုတစည်းတည်းမြင်အောင် ပြသထားနိုင်တာပါ။

တပ်မတော်တွေမှာ ဒီလိုတိုက်လေယာဉ်တွေကို အများ ပြည်သူကြည့်ဖို့မလွယ်ကူပါဘူး၊ ကမ္ဘာပေါ်တွင် ဒီလို နေရာတစ်နေရာပဲရှိပါတယ်၊ ဒီလိုစုဆောင်းရခြင်း အတွက် ကျွန်တော်အချိန်ဖြုန်းတာမဟုတ်ဘူးဆိုတာ ကိုယ့်ဘာသာ နားလည်ထားပါတယ်”ဟု ပြန်ဖြေခဲ့သည်။

သူနောက်ဆုံးဝယ်ထားသည့် တိုက်လေယာဉ်မှာ အမေရိကန်ထုတ် လေယာဉ်ဖြစ်ပြီး ဆွီဒင်နိုင်ငံမှ ပြန်လည်ဝယ်ယူခဲ့ခြင်းဖြစ်ကာ ယခုအချိန်တွင် ပုံမှန် တိုက်လေယာဉ် တစ်စင်းကဲ့သို့ တပ်ဆင်မွမ်းမံနိုင်ခဲ့ပြီး ဖြစ်သည်။

လက်ရှိအချိန်တွင် အသက် ၈၉ နှစ်ရှိပြီ ဖြစ်သော မိုက်ကယ်ပွန့်သည် ၆၆ ဧကကျယ်ဝန်းသော မြေပေါ်တွင် လေယာဉ်အစင်းပေါင်းရာချီကို စုဆောင်း ပြသရင်း နေထိုင်နေသည်။ သူ၏ပြတိုက်ကို နှစ်စဉ် လာရောက်လည်ပတ်သူဦးရေသည် ၃ သောင်း မှ ၄ သောင်းအကြားရှိသည်။

ရဲရင့်ရန်ငြိမိး

crd