တာလီဘန် ချုပ်ကိုင်လိုက်တဲ့ ကမ္ဘာသစ်ထဲ အာဖဂန်ပြည်သူ အခုမနက်မှာ နိုးထလာရ

တာလီဘန် ချုပ်ကိုင်လိုက်တဲ့ ကမ္ဘာသစ်ထဲ အာဖဂန်ပြည်သူ အခုမနက်မှာ နိုးထလာရ

အာဖဂန်နစ္စတန် နိုင်ငံတဝန်း တာလီဘန် တပ်ဖွဲ့တွေရဲ့ အင်မတန် မြန်ဆန်လှတဲ့ ထိုးစစ်ဆင် မြို့သိမ်းပွဲတွေကို တွေ့မြင်နေခဲ့ရတာမှာ ရက်အနည်းငယ် အတွင်းမှာပဲ မြို့တော် ကာဘူးလ်ကို သိမ်းယူနိုင်ခြင်းဆိုတဲ့ အထွဋ်အထိပ် အခြေအနေကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။
အမေရိကန်ဦးဆောင်တဲ့ နေတိုး တပ်ဖွဲ့ဝင်တွေ ရုပ်သိမ်းသွားပြီး ခနချင်းမှာပဲ အနှစ် ၂၀ စွန့်လွှတ်ထား ခဲ့ရတဲ့ မြို့တော် ကာဘူးလ်ကို တာလီဘန် တိုက်ခိုက်ရေးသမားတွေ ပြန်လည် ရရှိသွားပါတယ်။

ဒါ့ကြောင့် အခု တနင်္လာမနက်ခင်း အာဖဂန်တွေ နိုးထလာတဲ့အခါ တာလီဘန်တွေ ချုပ်ကိုင်တဲ့ ကမ္ဘာသစ်ထဲ ရောက်နေတော့မှာ ဖြစ်ပါတယ်။
အာဖဂန် သမ္မတ အာရှရပ်ဖ် ဂါနီဟာ ဥဇဘက်ကစ္စတန် နိုင်ငံကို ထွက်ပြေးသွား ခဲ့တဲ့နောက် တာလီဘန်တွေဟာ ကာဘူးလ်မြို့ကို သွေးထွက်သံယိုမှု အနည်းဆုံးနဲ့ သိမ်းနိုင်ခဲ့တာ ဖြစ်တယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။

အခု အချိန်အထိတော့ အကြမ်းဖက် ဖြစ်ရပ်တွေ၊ သွေးမြေကျမှုတွေ ကာဘူးလ်မြို့တော်မှာ မရှိသလောက်ပဲလို့ ဆိုပါတယ်။ ဒါပေမယ့် လူအများကြား စိုးရိမ်မှုတွေ လွှမ်းမိုးနေပြီး ကာဘူးလ်မြို့တော်ကြီး တစ်ခုလုံးမှာ အခြေအနေတွေဟာ မရေရာပဲ ရှုပ်ထွေး နေပါတယ်။
ကာဘူးလ်ကနေ အမြန်ဆုံး ခွာနိုင်အောင် အသည်းအသန် ကြိုးစားနေသူတွေ အများအပြား ရှိနေပါတယ်။ ဘဏ်တွေမှာ လူတွေ စုပြုံတိုးနေပြီး စုဆောင်းထားသမျှ ငွေတွေကို ထုတ်ယူဖို့ ကြိုးစားပါတယ်။

တာလီဘန်တွေကတော့ လူတွေကို စိတ်အေးအေးထားပြီး ထိန်းထိန်းသိမ်းသိမ်း နေကြဖို့ တိုက်တွန်း နေပါတယ်။ အာဖဂန်ပြည်သူတွေရဲ့ ဂုဏ်သိက္ခာ၊ ပိုင်ဆိုင်မှု ဓနအင်အား၊ ကိုယ့်ကိုယ်ကိုယ် လေးစား တန်ဖိုးထားမှု စတာတွေ အားလုံးကို စောင့်ရှောက် ကာကွယ် ပေးသွားမယ် ဆိုပြီး တာလီဘန်တွေက ကတိပြု ပါတယ်။

တာလီဘန်တွေ ကာဘူးလ်မြို့ထဲ ဝင်လာချိန်မှာ၊ သံရုံးဝန်ထမ်းတွေ အပါအဝင် အနောက်နိုင်ငံသားတွေ မြို့ကနေ စွန့်ခွာနေကြဆဲ ဖြစ်ပါတယ်။ အနောက်အုပ်စု ကယ်ဆယ် ခေါ်ထုတ်ရေး တပ်ဖွဲ့တွေဟာ ကာဘူးလ်မြို့ လေဆိပ်ကို ထိန်းချုပ်ထားပါတယ်။
အမေရိကန် စစ်တပ်က နောက်ထပ် စစ်သား အင်အား တစ်ထောင် တိုးမြှင့် စေလွှတ်မယ်လို့ ဆိုတာကြောင့် ကာဘူးလ် လေဆိပ်ကို အမေရိကန် စစ်သား ၆ ထောင်နဲ့ ထိန်းချုပ် ကိုင်တွယ်မှာ ဖြစ်ပါတယ်။ လောလောဆယ် အထိ အနည်းဆုံး ၃ ထောင် ရောက်ရှိနှင့်ပြီး ဖြစ်ပါတယ်။

ဗြိတိသျှတပ်ဖွဲ့တွေလည်း ရှိနေကြပြီ ဖြစ်သလို၊ ပြင်သစ်နဲ့ ဂျာမနီတို့ကလည်း စစ်လေယာဥ်တွေ စေလွှတ်ထားပါတယ်။ တူရကီနဲ့ ရုရှားတို့ကတော့ ကာဘူးလ်မြို့တော်က သူတို့ရဲ့ သံရုံးတွေကို ဆက်ဖွင့်ထားမယ်လို့ ကြေညာပါတယ်။ တာလီဘန်တွေထံက လုံခြုံရေး အာမခံရရှိထားတယ်လို့ ဆိုပါတယ်။
ဒီလို အခြေအနေတွေမှာ လူ့အသက် ဆုံးရှုံးမှုတွေ မရှိရစေဖို့ တာလီဘန်တွေ အပါအဝင် အဖွဲ့အားလုံး အနေနဲ့ အစွမ်းကုန် ထိန်းထိန်းသိမ်းသိမ်း ပြုမူကြပါ ဆိုပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က တိုက်တွန်း နေပါတယ်။

အာဖဂန်မှာ ရှေ့ဆက် ဖြစ်ပေါ်လာမယ့် အခြေအနေတွေထဲ အမျိုးသမီးနဲ့ မိန်းကလေးငယ် တို့ရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံရလိမ့်မလား ဆိုတဲ့ စိုးရိမ်မှု မစ္စတာဂူတားရက်စ်မှာ အဓိက ရှိနေတယ်လို့ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။
တာလီဘန်ကို ချက်ခြင်းလက်ငင်း အသိအမှတ်ပြု လက်ခံတာမျိုး မလုပ်ကြဖို့ တခြား မိတ်ဆွေ နိုင်ငံတွေနဲ့ အတူ လုပ်ဆောင်မယ် ဆိုပြီး ဗြိတိသျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က ပြောပါတယ်။

အာဖဂန်ပြည်တွင်းမှာတော့ တာလီဘန်တွေကို အာဏာလွှဲပြောင်းပေးရေး ညှိနှိုင်းဆောင်ရွက်မှု ကောင်စီတစ်ရပ် ထူထောင် ထားရှိလိုက်ပြီ ဖြစ်တာမှာ သမ္မတဟောင်း ဟာမစ်ဒ် ကာဇိုင်းက အဲဒီ ကောင်စီထဲ သူပါဝင်တယ်လို့ အတည်ပြုပါတယ်။ ဒါ့အပြင် တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ဦးဆောင်ပြုလုပ်သူ အဗ္ဗဒူလာ အဗ္ဗဒူလာနဲ့ စစ်ဘုရင်ဟောင်း ဂါလ်ဘူဒင် ဟက်မတ်တီးယားတို့လည်း အာဏာလွှဲရေး ကြီးကြပ်တဲ့ကောင်စီထဲ ပါဝင်တယ်လို့ ဆိုပါတယ်။
Source-BBC
khekcaihmedia