တနှစ်ကို ကားတစီးဝယ်စီးရပြီး၊ ဗော့ဒ်ကာကို လက်ဖက်ရည်လိုသောက်တဲ့မြို့

ပိုက်ဆံရှိလို့ကားဝယ်နိုင်ပေမဲ့ ကားစီးချင်တိုင်းစီးမရတဲ့မြို့လေးရှိတယ်ဆိုရင် စိတ်ဝင်စားမလား။ အပြင်းစားယမကာတွေကို လက်ဖက်ရည်လို သောက်တာမျိုးဆိုရင်ရော။ မဖြစ်နိုင်တာမရှိတဲ့ ကမ္ဘာကြီးထဲမှာ ရာကူတက် (Yakutsk) ဆိုတဲ့ ကမ္ဘာ့အအေးဆုံးမြို့လေးအကြောင်းနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ရုရှားနိုင်ငံထဲမှာတည်ရှိတဲ့ ရာကူတက်မြို့က အအေးဆုံးမှတ်တမ်းအရ (၇၁)ဒီဂရီဆဲစီရပ်အထိရှိခဲ့ပါတယ်။ သုညမှတ်မှာ ရေခဲတာကို နားလည်ထားရင် ၇၁ ဆိုရင် ဘယ်လောက်အေးမလဲဆိုတာကို ပရိသတ်တွေ မှန်းဆနိုင်မှာပါ။ ရာကူတက်ဟာ အဲဒီလောက်ထိအေးပါတယ်။

ဆောင်းရာသီဟာ ခြောက်လ၊ ခုနှစ်လအထိရှိတဲ့အတွက် ရာကူတက်မှာနေတဲ့လူတွေဟာ ပုံမှန်လူတွေနေထိုင်သလို နေထိုင်လို့မရပါဘူး။ အသားကိုနေ့တိုင်းမဖြစ်မနေစားရပြီး၊ ဆောလမွန်၊ ပင်လယ်ငါးစတာတွေကို နေ့တိုင်းလိုလို မစားချင်လည်း စားသုံးရပါတယ်။

ရုရှားအရက် ဗော့ဒ်ကာကို ရေနွေးကြမ်းသောက်သလို သောက်ရပြီး၊ အရက်နဲ့မတူတော့တဲ့အတွက် ရက်စကီချိုင် (Russki chai) လို့ တင်စားကြပါတယ်။ အဓိပ္ပာယ်ကတော့ ရုရှားလက်ဖက်ရည်လို့ ခေါ်ပါတယ်။ ပုံမှန်အအေးက ၄၀ ဒီဂရီဆဲစီးရပ်မှာ ပတ်ချာလည်ရှိတဲ့အတွက် အမြဲသောက်နေရတာပါ။

ကားတွေဟာ ဆောင်းဝင်တာနဲ့အလုပ်မဖြစ်တော့ပါဘူး။ စနစ်တကျမထားနိုင်တဲ့အိမ်တွေဟာ လမ်းပေါ်မှာဖြစ်သလိုပစ်ထားလိုက်ရပြီး၊ အအေးဓာတ်က ဆီကန်တွေထဲကို ဝင်ခဲသွားပါတယ်။ အလုပ်ရှုပ်တာမကြိုက်တဲ့ မိသားစုတွေက နွေရောက်တာနဲ့ကားတစီး အသစ်လဲစီးလိုက်ပါတယ်။

ထူးထူးဆန်းဆန်း ဝန်ဆောင်မှုပေးတဲ့ ကားစက်နှိုးတဲ့အလုပ်လိုမျိုးတွေရှိပြီး၊ အေးတာသက်သာချင်ရင် ရေခဲချောင်းဝယ်စားကြပါတယ်။ ရေခဲက သုညမှတ်ပဲရှိတဲ့အတွက် စားလိုက်ရင်နွေးပြီးပါးစပ်ထဲကို ဝင်သွားပါတယ်။ ရေခဲခွာချတဲ့လုပ်ငန်းတွေလည်း အလုပ်တွင်ပါတယ်။

ပွက်ပွက်ဆူနေတဲ့ရေနွေးအိုးကို ပြတင်းပေါက်ကနေသွန်လိုက်ရင် မြေမကျခင်မှာဘဲရေခဲသွားတဲ့ ရာကူတက်မှာ သတ္ထုတွေကိုခန္ဓာကိုယ်မှာဝတ်ခွင့်မပေးပါဘူး။ အအေး ဓာတ်နဲ့အရေပြားမှာခဲကပ်သွားနိုင်လို့ဖြစ်ပါတယ်။ ဆောင်းတွင်းမှာ လေကြောင်းလိုင်းလည်း လုံးဝမရှိတဲ့မြို့ဖြစ်ပါတယ်။

ရာကူတက်အအေးဆုံးဖြစ်ခဲ့တဲ့အချိန်က ၁၉၂၄ ခုနှစ်မှာဖြစ်ပြီး၊ ၇၁.၂ ဒီဂရီဆဲစီးရပ်အထိရှိခဲ့ပါတယ်။ အေးတာကိုကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေရှိခဲ့ရင်တော့ ရာကူတက်လိုမြို့မှာနေကြည့်သင့်ပါတယ်။ ရေချိုးဖို့ဆိုတာ တော်တော်လေးကို စဉ်းစားနေရမယ့်အလုပ်တခုဖြစ်နေမှာမလို့ပါပဲ။

Ref:weather

မူရင်းရေးသားသူအားလေးစားစွာခရက်ဒစ် ပေးပါသည်။
ကူးယူမျှဝေဖော်ပြခြင်းသာဖြစ်ပါသည်။