ဇာဘုရင့်နန်းတော်ကို ချုပ်ကိုင်ခဲ့သူ ပျောက်စေဆရာကြီး ရပ်စ်ပြူတင် အကြောင်း

Post Views:
10
ဇာဘုရင့်နန်းတော်ကို ချုပ်ကိုင်ခဲ့သူ ပျောက်စေဆရာကြီး ရပ်စ်ပြူတင် အကြောင်း
Grigori Rasputin
ဒီတစ်ခေါက်တော့ ထူးဆန်းတဲ့ပျောက်စေ ဆရာကြီး တစ်ယောက်အကြောင်း တင်ပြလိုက်ပါတယ်။ သူ့အမည်က ရပ်စ်ပြူတင် ဖြစ်ပါတယ်။
သူဟာ ရုရှားဘုရင် နီကိုလပ် ၂ ရဲ့ သားတော်မှာ ခံစားနေရတဲ့ သွေးမတိတ်တဲ့ ရောဂါကို ကုသပေးနိုင်ခဲ့လို့ နာမည်ကြီးခဲ့ပါတယ်။ သူ့ဘဝဇာတ်ကြောင်းကတော့ ဒီလိုပါ။
Rasputin ကို ၁၈၆၉ ခုနှစ်၊ဇန္နဝါရီလ ၂၁ (တချို့က ၂၂ လို့ ဖေါ်ပြ) မှာ ဆိုက်ဘေးရီယားဒေသက Pokrovskoye ဆိုတဲ့ ရွာမှာ မွေးဖွားခဲ့ပါတယ်။
သူဟာ ကျောင်းနေခဲ့ပေမယ့် စာသိပ်မတတ်ပါဘူးတဲ့။အသက် ၁၈ နှစ်မှာ Verkhoture ဘုန်းတော်ကြီးကျောင်းမှာ ဘုန်းကြီး ဝတ်ခဲ့ပါတယ်။ သူက သန့်ရှင်းသော ကိလေသာ ကင်းမဲ့မှုမှတဆင့် ဝဉာဏ်တော်ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အသက် ၁၉ နှစ်မှာ Proskovya ဆိုတဲ့အမျိုးသမီးနဲ့ လက်ထပ်ပြီး သားသမီး ၄ ယောက် ရခဲ့ပါတယ်။ အိမ်ထောင်ကျပြီးနောက် သူဟာ အတည်တကျ နေထိုင်တာမျိုး မရှိဘဲ ဂရိနဲ့ ဂျေရုစလင်မြို့တွေကို လှည့်လည် သွားလာနေခဲ့ပါတယ်။
သူက ဖျားနာနေသူတွေကို ကုသပေးနိုင်တယ်လို့ နာမည်ကြီးလာပါတယ်။ သူ့ကိုသူ သူတော်စင်လို့ ကြေငြာခဲ့ပြီး အနာဂတ်ကို ဟောကိန်းထုတ်နိုင်သူလို့ ကျော်ကြားလာပါတယ်။
ဒီသတင်းကြောင့် စိန့်ပီတာစဘတ်က ဘုန်းတော်ကြီးများဟာ သူ့ကို ဖိတ်ခေါ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ဘုန်းတော်ကြီးအသိုင်းအဝိုင်းမှာ ဝိဇ္ဇာအတတ်တွေကို စိတ်ဝင်စားနေကြတဲ့အချိန်ဖြစ်လို့ သူ့ကို လှိုက်လှဲစွာ ကြိုဆိုခဲ့ကြပါတယ်။
သူ့ပုံစံကလဲ စူးရှတဲ့မျက်လုံးတစ်စုံ၊ ဖြစ်သလို ဝတ်စားထားပေမယ့် ထူးခြားတဲ့ ကုသပုံတွေကြောင့် ပိုနာမည်ကြီးလာပါတယ်။ သူ့ကို အရူးဘုန်းကြီးလို့ နာမည်ပြောင် ပေးခဲ့ကြပါတယ်။
၁၉၀၅ ခုနှစ်မှာတော့ သူဟာ တော်ဝင်မိသားစုနဲ့ စတင် သိကျွမ်းခဲ့ပါတယ်။ ၁၉၀၈ ခုနှစ်မှာတော့ ဇာဘုရင် နီကိုလပ် (၂) နဲ့ မိဖုရား အလက်ဇန်ဒရာတို့ရဲ့ သားဖြစ်သူကို ကုသပေးခဲ့ရပါတယ်။လူနာဟာ သွေးမတိတ်တဲ့ရောဂါကိုခံစားနေရတာဖြစ်ပါတယ်။သူ့ရဲ့ကုသမှုကြောင့် လူနာဟာ သက်သာလာပါတယ်။
စိတ်ညှို့ပညာပါ တတ်တဲ့ ရပ်စ်ပြူတင်ဟာ ဘုရင်နဲ့မိဖုရားကို လူနာနဲ့သူဟာ ဆက်နွယ်မှုရှိနေလို့ သူနန်းတော်က ထွက်ခွာသွားရင် ကလေးရဲ့အနာဂတ်ကို အာမ မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ဒါကို ဘုရင်နဲ့မိဖုရားက လက်ခံခဲ့လို့ ရပ်စ်ပြူတင်ဟာ နန်းတော်ထဲမှာ ဩဇာကြီး လာပါတယ်။ ဒါက ဆယ်စုနှစ်တစ်ခုလောက် ကြာခဲ့ပါတယ်။
တော်ဝင်မိသားစုတွေရှေ့မှာတော့ သူဟာ သန့်ရှင်းတဲ့ လယ်သမားသူတော်စင်ပုံစံ ဖမ်းထားပေမယ့် နောက်ကွယ်မှာတော့ မိန်းကလေးငယ်တွေကို ဖျားယောင်းသွေးဆောင်မှုတွေ လုပ်ခဲ့ပါတယ်။ မိန်းမပျိုလေးတွေဟာလည်း အန္တရာယ်ကင်းအောင် သူ့ရင်ငွေ့မှာ ခိုလှုံကြပါတယ်တဲ့။
ဒီသတင်းတွေကို ဇာဘုရင်ဟာ ကြားသိပေမယ့် မယုံကြည်တဲ့အပြင် တိုင်ကြားသူတွေကို နယ်နှင်ဒါဏ်တောင် ပေးခဲ့ပါတယ်။
၁၉၁၁ ခုနှစ်မှာတော့ ရပ်စ်ပြူတင်ဇါတ်လမ်းတွေဟာ ပိုမိုရှုပ်ထွေးပြီး နန်းတွင်းမှာ ဂယက်ထလာပါတယ်။ နန်းရင်းဝန် Stolypin က အစီရင်ခံစာတစ်စောင်ကို ပါလီမန်မှာ တင်ပြခဲ့ရတဲ့အထိ ဖြစ်လာပါတယ်။
သူ့ကို နန်းတော်ထဲက နှင်ထုတ်ခဲ့ကြပေမဲ့လဲ မိဖုရား အလက်ဇန်ဒရာက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါကို ဘုရင် နီကိုလပ်ကလဲ သားဇောကြောင့် မတားဆီးနိုင်ခဲ့ပါဘူး။
ရပ်စ်ပြူတင်ဟာ ပိုဩဇာကြီးလာတဲ့အပြင် ၁၉၁၅ ခုနှစ်မှာ တရားရုံးရဲ့ အထွဍ်အထိပ် အာဏာကိုပါ ရယူနိုင်ခဲ့ပါတယ်။
ဘုရင်နီကိုလပ်ဟာ ပထမကမ္ဘာစစ်အတွင်း စစ်မြေပြင်ကို သွားရတဲ့အချိန်မှာ မိဖုရားနဲ့ ရပ်စ်ပြူတင်တို့ဟာ နန်းတွင်းမှာ စိတ်ကြိုက် ချယ်လှယ်ကြပါတော့တယ်။
ဘုရင်က မိဖုရားကို ပြည်တွင်းရေးကိစ္စတွေဆုံးဖြတ်ဖို့ တာဝန်ပေးခဲ့တာမို့ မိဖုရား အလက်ဇန်ဒရာက ရပ်စ်ပြူတင်ကို အကြံပေး ထပ်ခန့်လိုက်တာမို့ပါ။ ရာထူးခန့်တာ စစ်ရေးကိစ္စတွေမှာ စွက်ဖက်တာတွေဟာ ရုရှားမိသားစုတွေကို အကြပ်ရိုက်စေခဲ့ပါတယ်။
တော်ဝင်မိသားစုတွေဟာ ရပ်စ်ပြူတင်ကို အမျိုးမျိုးလုပ်ကြံခဲပေမယ့် ၁၉၁၆ ခုနှစ်အထိ မအောင်မြင်ခဲ့ကြပါဘူး။
နောက်ဆုံးမှာ ဘုရင့်တူမရဲ့ ခင်ပွန်းဖြစ်သူ Yusupov နဲ့အဖွဲ့က ရပ်စ်ပြူတင်ကို အလည်အပါတ် ဖိတ်ကြားခဲ့ပြီး ပြင်းထန်တဲ့ အဆိပ်ရောထားတဲ့ ဝိုင်အရက်နဲ့ ဧည့်ခံခဲ့ကြပါတယ်။
သူက ဝိုင်အရက်ကို အလွယ်တကူပဲ မော့သောက်လိုက်ပါတယ်။ ဘာမှမဖြစ်တာကိုတွေ့ရတဲ့ မင်းသားဟာ သူ့ကိုသေနတ်နဲ့ ပစ်ခတ်ပါတော့တယ်။ သူက ဒါဏ်ရာနဲ့ ထွက်ပြေးလို့ နောက်ကလိုက်ပြီး မသေမချင်း ပစ်သဝာ်လိုက်ကြပါတယ်။
ရပ်စ်ပြူတင်အကြောင်းဟာ ကမ္ဘာမှာ ကျော်ကြားပါတယ်။ သူသေပြီး ရက်သတ္တပါတ် တော်တော်များများ အကြာမှာ ဘုရင့်မျိုးဆက်တွေဟာလည်း တော်လှန်ရေးသမားတွေရဲ့ သုတ်သင်ခြင်း ခံခဲ့ကြရပါတယ်။ သူ့ကိစ္စနဲ့တော့မပါတ်သက်ပါဘူး။
သူနဲ့ပါတ်သက်လို့ Boney-M ဂီတအဖွဲ့က Rasputin ဆိုတဲ့အမည်နဲ့ သီချင်းစပ်ဆိုခဲ့တာ ကမ္ဘာကျော်ခဲ့ပါတယ်။ အဲဒီသီချင်းအလိုက်နဲ့ ဘိုဘိုဟန်ဆိုတဲ့ “ရန်ကုန် နေပူပူ၊ နင် ထီးလေးဆောင်းတော့”သီချင်းက အရမ်းကောင်းခဲ့၊အရမ်းမြူးခဲ့ပါတယ်လို့ တင်ပြလိုက်ရပါတယ်။
Knight News Team
Crd
Crd