ဇာတ်တူသားကိုမှ အမဲလိုက်စားသောက်တတ်တဲ့ မြွေတို့ရဲ့ဘုရင် မြွေဟောက်အကြောင်း

ဇာတ်တူသားကိုမှ အမဲလိုက်စားသောက်တတ်တဲ့ မြွေတို့ရဲ့ဘုရင် မြွေဟောက်အကြောင်း
မြွေဟောက်တွေဟာ သူတို့ရဲ့ အင်အားကြီးမားမှု၊ အဆင်မြင့် တိုက်ခိုက်နိုင်စွမ်းနဲ့ ဉာဏ်ရည်ထက်မြက်မှုတွေနဲ့အတူ အခြားသော မျိုးစိတ်တူမြွေတွေနဲ့ မျိုးကွဲမြွေတို့ကို တိုက်ခိုက်စားသောက်တာကြောင့် မြွေလောကရဲ့ ဘုရင်တွေအဖြစ် ကြီးစိုးနေကြပါတယ်။
မြွေဟောက်ဟာ အဆိပ်ရှိ မြွေအမျိုးအစားတွေထဲမှာ အရှည်ဆုံးမြွေလည်း ဖြစ်ပါတယ်။ လူသားတွေအပါအဝင် အခြားမြွေမျိုးစိတ်တွေရဲ့ ခြိမ်းခြောက်ပုံတွေကြောင့် ဒီမြွေတွေဟာ ရှင်သန်ဖို့အတွက် တိုက်ခိုက်တုန့်ပြန်ကြရင်း အင်အားကြီးထွားလာကြတယ်လို့ ဆိုပါတယ်။
မြွေဟောက်တို့မည်သည်
မြွေဟောက်ဟာ ကမ္ဘာပေါ်က အဆိပ်အပြင်းဆုံးမြွေများထဲမှ တစ်ကောင်ဖြစ်ပါတယ်။ သူတို့တွေဟာ ရန်သူကိုတွေ့ရှိချိန် ပါးပျဥ်းထောင်မတ်ပြီး မျက်လုံးကို တည့်တည့်စိုက်ကြည့်ပြီး ခုခံမယ့်ပုံစံမျိုး ပြသလေ့ရှိတာကြောင့် အမျိုးခွဲရတာလည်း လွယ်ကူပါတယ်။
ရန်သူနဲ့ ထိပ်တိုက်တွေ့တဲ့အခါ မြွေတွေဟာ သူတို့ ကိုယ်ခန္ဓာရဲ့ သုံးပုံတစ်ပုံအထိ မြေပြင်အထက်မှ ထောင်မတ်လာနိုင်ပြီး တိုက်ခိုက်ဖို့အတွက် ရှေ့သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။
ကံကောင်းထောက်မစွာနဲ့ပဲ မြွေဟောက်တွေဟာလည်း ကြောက်တတ်ကြတာကြောင့် အထူးသဖြင့် လူသားတွေကို တတ်နိုင်သမျှ ရှောင်ကျဥ်ပါလိမ့်မယ်။
မြွေဟောက်တို့ဟာ အထင်ကရ ပါးပျဉ်းကို ထောင်မတ်ပြီးရင် မာန်ဖီတဲ့အသံမျိုးကို ထုတ်လွှတ်ပါလိမ့်မယ်။
မြွေဟောက်တွေရဲ့ ကိုယ်ခန္ဓာဟာ အရှည်၁၈ ပေအထိ ရှိနိုင်ပြီး အဆိပ်ရှိတဲ့ မြွေအားလုံးထဲမှာ အရှည်ဆုံး ဖြစ်ပါတယ်။
အဆိပ်
သူတို့ရဲ့ အဆိပ်ဟာ အဆိပ်ရှိတဲ့ မြွေများကြားမှာ အစွမ်းထက်ဆုံး မဟုတ်သော်လည်း တစ်ကိုက်တည်းမှာ သူတို့ထုတ်ပေးနိုင်တဲ့ နူရိုတိုစင် အဆိပ် ပမာဏဟာ ဆယ်ပုံနှစ်ပုံအထိ ရှိပါတယ်။
ဒါဟာ လူ အယောက် ၂၀ သို့မဟုတ် ဆင် ၁ ကောင်ကိုပင် သတ်နိုင်လောက်တဲ့အထိ လုံလောက်ပါတယ်။
မြွေဟောက်အဆိပ်ဟာ ဦးနှောက်အတွင်းက အသက်ရှုလမ်းကြောင်းကို ထိခိုက်စေပြီး အသက်ရှုလမ်းကြောင်းပိတ်ခြင်းနှင့် နှလုံးချို့ယွင်းခြင်းတို့ကို ဖြစ်စေပါတယ်။
အနေအထိုင်နဲ့ အပြုအမူ
မြွေဟောက်တို့ဟာ အိန္ဒိယနိုင်ငံရဲ့ မိုးသစ်တောများနှင့် လွင်ပြင်များ၊ တရုတ်တောင်ပိုင်းနဲ့ အရှေ့တောင်အာရှတို့မှာသာ အဓိကနေထိုင်ကြပြီး သူတို့ရဲ့အရောင်ကတော့ ဒေသတစ်ခုနဲ့တစ်ခု ကွဲပြားနိုင်ပါတယ်။
သစ်တောများ၊ ဝါးတောများ၊ ဒီရေလှောင်ကန်များ၊ ထူထဲတဲ့ မြက်ခင်းများနဲ့ မြစ်ချောင်းများ အပါအဝင် နေရာမျိုးစုံမှာ သက်တောင့်သက်သာရှိသလို နေထိုင်ကြလေ့ရှိပါတယ်။
သူတို့တွေကို ဘုရင်လို့ခေါ်ရတဲ့ အကြောင်း င်းကတော့ အဆိပ်ရှိသောမြွေတွေနဲ့ အဆိပ်မရှိသော အခြားမြွေများကို အဓိက စားသောက်ကြတာကြောင့်ပါပဲ။
အိမ်မြှောင်များ၊ ဥများနဲ့ နို့တိုက်သတ္တဝါငယ်များကိုလည်း စားကြပါတယ်။ သူတို့ဟာ မျိုးဥလေးတွေ အကောင်ပေါက်ဖွားလာချိန်အထိ သူတို့ရဲ့ ဥတွေကို အသိုက်ဆောက်ပြီး ထိန်းသိမ်းကြတဲ့ ကမ္ဘာပေါ်က တစ်ခုတည်းသောမြွေလည်း ဖြစ်ပါတယ်။
မြွေအလမ္ပာယ်သမား
မြွေဟောက်တွေဟာ တောင်အာရှမှာတော့ မြွေအလမ္ပာယ်သမားတွေအတွက် ရွေးချယ်စရာ မျိုးစိတ်အဖြစ် လူသိများပါတယ်။
မြွေအလမ္ပာယ်ပြကွက်မျိုးမှာ မြွေဟောက်ဟာ ပင်ပန်းနွမ်းနယ်နေတာဖြစ်ပြီး ပတ်ဝန်းကျင်ဆူညံသံများကို ကြားရပေမဲ့ မြေပြင်တုန်ခါမှုကို အာရုံခံပြီး မြွေအလမ္ပာယ်သမားကို တိုက်ခိုက်ရတာပါ။
ခြိမ်းခြောက်မှုများ
မြွေဟောက်ကို မျိုးသုဉ်းရန်အတွက် အန္တရာယ်ကျရောက်နိုင်ခြေအဖြစ် နိုင်ငံတကာ သဘာဝ ထိန်းသိမ်းရေးအဖွဲ့ (International Union for Conservation of Nature of Conservation) က ဖော်ပြခဲ့ဖူးပါတယ်။
ဒီမြွေတွေဟာ လူသားတွေရဲ့ လုပ်ဆောင်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ ခြိမ်းခြောက်မှုမျိုးစုံကို ရင်ဆိုင်ရပါတယ်။
အရှေ့တောင်အာရှမှာ ပြင်းထန်စွာ သစ်တောပြုန်းတီးမှုကြောင့် မြွေဟောက်အများအပြားရဲ့ နေထိုင်ရာတွေဟာ ပျက်စီးခဲ့ရပါတယ်။
အရေခွံ၊ အစားအစာနဲ့ ဆေးဖက်ဝင်ရန်တို့အတွက်လည်း အကောင်ရေ အများအပြားက အမဲလိုက်ခံရခြင်း အန္တရာယ်နဲ့ ကြုံတွေ့နေပါတယ်။
နိုင်ငံတကာ အိမ်မွေးတိရစ္ဆာန် ရောင်းဝယ်ရေးအတွက်လည်း အမဲလိုက်ခံရပါသေးတယ်။
Knight News Team
Knight News © 2022
Crd
Crd