ဆီးရီးယားသမ္မတရွေးကောက်ပွဲ မေလမှာ ကျင်းပမည်

ဆီးရီးယားသမ္မတ ရွေးကောက်ပွဲ မေလမှာ ကျင်းပမည်

ပြည်တွင်းစစ်ဖြစ်နေတဲ့ ဆီးရီးယားနိုင်ငံမှာ လာမယ့် မေလ (၂၆)ရက်နေ့ကျရင် သမ္မတ ရွေးကောက်ပွဲတရပ် ကျင်းပသွားမယ်လို့ လွှတ်တော်ဥက္ကဌက တနင်္ဂနွေနေ့မှာ ကြေညာလိုက်ပါတယ်။

သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်လိုသူတွေ ဧပြီ(၁၉) တနင်္လာနေ့ကစလို့ (၁၀)ရက်အတွင်း နိုင်ငံတော် တရားရုံးချုပ်ထံ အမည်စာရင်း တင်သွင်းနိုင်တယ်လို့ လွှတ်တော်ဥက္ကဌ Hamouda Sabbagh က ကြေညာသွားတာပါ။ ဒါ့အပြင် ပြည်ပမှာရှိနေတဲ့ ဆီးရီးယားနိုင်ငံသားတွေ မိမိတို့ရောက်နေတဲ့ နိုင်ငံက ဆီးရီးယားသံရုံးတွေမှာ မေလ(၂၀)ရက်နေ့ကျရင် မဲပေးနိုင်ကြမှာ ဖြစ်တယ်လို့ သူကဆိုပါတယ်။

စစ်ဖြစ်နေတဲ့ ကာလအတွင်း ခုလို ရွေးကောက်ပွဲ ကျင်းပတာက လက်ရှိသမ္မတ Bashar Al-Assad အနေနဲ့ အာဏာကို ဆက်လက်ထိန်းချုပ် သွားနိုင်မယ့်သဘောလို့ မြင်နေကြပါတယ်။

ဆီးရီးယား သမ္မတလောင်းအဖြစ် ဝင်အရွေးခံ လိုသူတွေဟာ နိုင်ငံတွင်းမှာ (၁၀)နှစ်ဆက်တိုက် နေထိုင်သူ ဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်တခုလည်း ရှိတာကြောင့် ဒါက ပြည်ပမှာနေတဲ့ အတိုက်အခံတွေ ရွေးကောက်ပွဲ အလွယ်တကူ မဝင်နိုင်အောင် ကန့်သတ်ထားသလို ဖြစ်နေတယ်လို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် ဘယ်သမ္မတလောင်းမဆို သမ္မတအာဆတ် ထိန်းချုပ်ထားတဲ့ Baath ပါတီထဲက လွှတ်တော်အမတ် အနည်းဆုံး (၃၅)ယောက်ရဲ့ ထောက်ခံချက်ရှိတာကို ပြရမယ်လို့လည်း ဆိုထားပါတယ်။

၂၀၁၁ မှာ စခဲ့တဲ့ ပြည်တွင်းစစ်အတွင်း ၃ နှစ်အကြာဖြစ်တဲ့ ၂၀၁၄ ရွေးကောက်ပွဲမှာ အာဆတ်က မဲ ၈၈% နဲ့ အနိုင်ရခဲ့တာပါ။ ၂၀၁၂ ဆီးရီးယား ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဆိုရင်တော့ သမ္မတတဦးဟာ (၇)နှစ် သက်တမ်းကို (၂)ခါအထိ တာဝန်ထမ်းဆောင်ခွင့် ရှိတယ်လို့ ပြဌာန်းထားပါတယ်။

သမ္မတ အာဆတ်-ဟာ သူ့ဖခင် သမ္မတဟောင်း Hafez ကွယ်လွန်တဲ့ သက္ကရာဇ် ၂၀၀၀ ကစလို့ နိုင်ငံ့အာဏာကို ရယူလာသူ ဖြစ်ပါတယ်။ လာမယ့် မေလ ရွေးကောက်ပွဲမှာ သူ ဝင်ရောက် အရွေးခံမယ်လို့ တရားဝင် ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

ဆယ်စုနှစ် တခုလောက် ကြာလာပြီဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ်ကြောင့် အရပ်သားပြည်သူ ၃ သိန်း ၉ သောင်းနီးပါး သေဆုံးခဲ့ရပြီ ဖြစ်ပါတယ်။

credit – VOA