ဆန်နဲ့ ငါးပိ၊ ငါးခြောက် ရေထွက်ကုန်ပစ္စည်းများ စျေးထပ်တက်မယ့် အကြောင်းတရားတွေ လာပါပြီ

ဆန်နဲ့ ငါးပိ၊ ငါးခြောက် ရေထွက်ကုန်ပစ္စည်းများ စျေးထပ်တက်မယ့် အကြောင်းတရားတွေ လာပါပြီ



Post Views:
9

အိမ်နီးချင်းအိန္ဒိယကို ဆန်တင်ပို့မှု အကန့်အသတ်သတင်းတွေကြောင့် အာရှဒေသတွင်း ဆန်အရောင်းအဝယ်ဈေးကွက်လှုပ်ခတ်ခဲ့ကာ ကမ္ဘာ့ဆန်ဈေးနှုန်းများကို မြင့်တက်စေဖွယ်ရှိလာနေပြီး ပြည်တွင်းဆန်ဈေးတွေလည်း ဆက်တက်နိုင်တယ်လို့ ဆန်အရောင်းအဝယ်ဈေးကွက်ထဲက ဆန်ကုန်သည်တွေက ထင်ကြေးပေးပြောဆိုနေကြပါတယ်။

ပြည်တွင်း ဆန်ဈေးကွက်အတွင်းမှာလည်း တစ်လအတွင်း ဆန်အမျိုးအစားအလိုက် ဈေးနှုန်းများ ထပ်မံမြင့်တက်လာပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ထုတ်ပြန်တဲ့ဈေးမှာ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၉၃၀၀၀ အထိ ဖြစ်လာတယ်လို့ သိရပါတယ်။

ဆန်စပါးကုန်စည်ဒိုင်မှာ ပေါ်ဆန်းဆန်အမျိုးအစားတွေအနေနဲ့ တစ်အိတ်ကို ၅၀၀၀၀ ကျော်ကနေ ၉၀၀၀၀ ကျော်အထိ အမြင့်ဆုံးဈေးရှိနေတာကြောင့် အများပြည်သူဝယ်ယူစားသုံးနေတဲ့ လက်လီဈေးကွက်တွင် ပေါ်ဆန်းတစ်အိတ်ကို ငွေကျပ် ၁ သိန်းကျော်ထိ ပေါက်ဈေးရှိနေတယ်လို့ဆိုပါတယ်။

“ဆန်ဈေးကတော့ အခုကာလ လစဉ်တက်နေတာ ၄ လ ၅ လရှိနေပြီ.. ဝယ်တိုင်းလည်း တက်နေတာပါ.. ကျသွားတယ်လို့ အခုနောက်ပိုင်း ရှိကိုမရှိတော့ဘူး။ အရင်နှစ်စလို့ ရွှေဘိုပေါ်ဆန်းဆိုတာ ဈေးအများဆုံး ၂၄ ပြည်ဝင်တစ်အိတ် ၆ သောင်းလောက်ပဲရှိတာ အခုတော့ ၉ သောင်းကျော် ၁ သိန်းကပ်နေတယ်။ အဲ့ဒါကိုဒီ့ထက် ထက်တက်ဦးမယ်ဆိုတော့ ဆန်ထွက်တဲ့ရာသီ ဆန်ပေါရမယ်။ ဈေးသက်သာရမယ်ဆိုတဲ့ အချိန်ဆိုတာရှိမယ်မထင်တော့ပါဘူး၊ လူတွေလည်း ခက်ခဲနေကြပါပြီလို့” ဝယ်ယူစားသုံးသူ အိမ်ရှင်မတစ်ဦးကမှတ်ချက်ပြုပြောကြားထားပါတယ်။

ထို့ပြင် ဧရာဝတီတိုင်းက ဒေသခံတွေအသက်မွေးဝမ်းကြောင်း လုပ်ငန်းအဖြစ်လုပ်ကိုင်တဲ့ ပင်လင်ကျော့ပိုက်လုပ်ငန်းတွေမှာ အဓိကသုံးရတဲ့ စက်သုံးဆီဈေးအဆမတန် မြင့်တက်နေလို့ ကျော့ပိုက်လုပ်ငန်းတွေ ရပ်နားလိုက်လာရတယ်လို့ ကျော့ပိုက်လုပ်ငန်းရှင်တွေ အသင်းကနေသိရပါတယ်။

“ကျော့ပိုက်ပိုင်ရှင်တယောက်မှာ ဒီလိုစက်သုံးဆီဈေးနှုန်း မြင့်တက်မှုတွေနဲ့ ရင်ဆိုင်လာရရင်လုပ်ငန်းရဲ့ အကျိုးသက်ရောက်မှုက လုပ်သားတွေအပေါ်မှာ ပိုပြီးအကျိုးသက်ရောက်မှုဖြစ်လာပါတယ် ၊ဒီကျော့ပိုက်လုပ်ငန်း အပေါ် မှီခိုလုပ်ကိုင်စားသောက်နေကြတဲ့ ရေလုပ်သားတွေနဲ့ မိသားစုတွေဟာ စားဝတ်နေရေး အခက်အခဲတွေရှိလာပါတယ်၊ လက်ရှိ စက်သုံးဆီဈေးနဲ့ ဘယ်လိုမျိုးရှေ့ဆက်ရင်ဆိုင်ရမလဲဆိုတာကို ချိန်ဆလုပ်ခဲ့ရတာပါ၊ ရပ်တည်ရမလား၊ ရပ်ပစ်ရမလား၊ ရှေ့ဆက်လုပ်ရမလား၊

ရပ်ပစ်လိုက်ပြန်ရင်လည်း ကျွန်တော်တို့ကို မှီခိုပြီး စားသောက်နေတဲ့ အလုပ်သမားတွေရဲ့ စားဝတ်နေရေးက ကျွန်တော်တို့ ဒေသတစ်ခုထဲမှာကိုရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ၊ မိသားစုသောင်းပေါင်းများစွာသောလူတွေ မှီခိုစားသောက်တာပါ၊ ကျွန်တော်တို့ဒေသခံတွေက ၉၅ ရာခိုင်နှုန်းလောက်က ရေလုပ်ငန်းကိုမှီခိုပြီး စားသောက်တဲ့ အတွက်ကြောင့် ဒီလုပ်ငန်းတွေ ရပ်နားလာရတော့ကြီးမားတဲ့ အန္တရာယ်တခုကြုံနေရပဲတယ်၊ မဖြစ်တဲ့အဆုံးမို့ဆုံးဖြတ်ချက်ချမှတ်ခဲ့ရတာပါ” လို့ ဟိုင်းကြီးကျွန်းမြို့က ကျော့ပိုက်လုပ်ငန်းရှင်များအသင်းဝင်တစ် ဦးကပြောပါတယ်။

ဧရာဝတီတိုင်းက ဟိုင်းကြီးကျွန်း၊ ငပုတော၊ ဘိုကေလး၊ လပွတ္တာ၊ မော်လမြိုင်ကျွန်း၊ ပြင်စလူစတဲ့မြို့တွေက ပင်လယ်ကျော့ပိုက်လုပ်ငန်းရှင်တွေက လုပ်ငန်းတွေ ရပ်ပစ်လိုက်ရတာလို့ သိရပြီး ကျော့ပိုက်လုပ်ငန်းတွေ ရပ်ပစ်လိုက်ရတဲ့ အတွက် ဒေသထွက် ငါးပိ၊ ငါးခြောက် လုပ်ငန်းတွေလည်း ထိခိုက်တာရှိလာတယ်လို့ သိရပါတယ်။

“စက်သုံးဆီဈေးတွေ အဆမတန်မြင့်တက်လာပြီး ကုန်ကျစရိတ်မတတ်နိုင်လို့ ကျော့ပိုက်တွေကို ရပ်လိုက်တာ၊ ကျွန်မတို့က ကျော့ပိုက်လုပ်ငန်းကနေရတဲ့ ငါးအစိမ်းတွေကိုဝယ်ယူပြီး ငါးပိ ငါးခြောက်လုပ်ရတာပါ၊ ကျော့ပိုက်တွေရပ်ပစ်တော့ ငါးပိ ငါးခြောက်လုပ်ဖို့ ကုန်ကြမ်းတွေလည်းရှားပြီး စျေးတက်တာ သိသိသာသာကိုပါပဲ၊ ငါးအစိမ်းကုန်ကြမ်းတက်တော့ ငါးခြောက်ဈေးကလည်း တက်လာတယ်။” လို့ ငါးပိ ငါးခြောက် လုပ်ငန်းရှင်တစ်ဦး ကပြောပါတယ်။

ဧရာဝတီတိုင်းထဲက စက်သုံးဆီအရောင်းဆိုင်ကြီးတွေမှာစက်တင်ဘာ ၁ ရက်နေ့ကနေ ၁၆ ရက်အထိ 92 တစ်လီတာကို ငွေကျပ် ၃၀၀၀ နဲ့ 95 တစ်လီတာကိုငွေကျပ် ၃၀၅၅ အထိ ဈေးတက်နေပြီး စက်သုံးဆီကိုလိုသလောက်ဝယ်မရတဲ့အခြေအနေလည်းဖြစ်နေတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ စက်သုံးဆီဈေးနှုန်းတွေတက်နေတဲ့အပြင် အခြေခံစားသောက်ကုန်ဈေးနှုန်းတွေ၊ စက်သုံးဆီတွေ၊ လျှပ်စစ်ပစ္စည်းတွေနဲ့ လူသုံးပစ္စည်းတွေဟာ အရင်ကထက် ဈေးအဆမတန် မြင့်တက်နေလို့ ပြည်သူတွေမှာ အခက်အခဲများစွာရှိလာပြီး ကုန်ဈေးနှုန်းတွေ ထပ်မံမြင့်တက်လာရင် အခြေခံလူ တန်းစားတွေ အငတ်ဘေးနဲ့ ရင်ဆိုင်ကြုံတွေ့လာနိုင်တယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

Crd

Crd

arkarta