■အီသီယိုးပီးယားကိစ္စစိုးရိမ်ကြောင်း ကုလပြောကြားနေစဉ် ကုလဝန်ထမ်း ၂၂ဦးအထိ အဖမ်းခံလိုက်ရ

Tigray လူမျိုးစုတွေကို အီသီယိုးပီးယားမြို့တော် အက်ဒ်ဒစ်အဘာဘာမှာ လိုက်လံရှာဖွေကာ ဖမ်းဆီးနေစဉ်အတွင်း အီသီယိုးပီးယားလူမျိုး ကုလဝန်ထမ်း ၂၂ ဦးအထိကို အစိုးရကဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။ ကုလရဲ့ ထုတ်ပြန်ချက်အရ ၆ ဦးကိုတော့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန် ၁၆ ဦးကိုတော့ ဆက်လက်ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

Tigray လူမျိုးစုတွေနဲ့ ဖြစ်ပွားနေတဲ့ ပဋိပက္ခကြောင့် အီသီယိုးပီယားမှာ ပြည်တွင်းစစ်ဖြစ်လာနိုင်တဲ့အထိအခြေ အနေတွေဆိုးဝါးနေတာလည်းဖြစ်ပါတယ်။ လက်နက်ကိုင်တွေဟာ တနိုင်ငံလုံးကိုတောင်မှ တိုက်ခို က်သိမ်းပိုက်နိုင်တဲ့ အခြေအနေမှာရှိနေပြီး အစိုးရက ပြည်သူတွေအနေနဲ့လက်နက်စွဲကိုင်ပြီး တိုက်ခိုက်ဖို့ကို တိုက်တွန်းခဲ့ကာ တိုင်းပြည်တွင်းမငြိမ်မသက်မှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

“ဖမ်းဆီးခံရသူတွေ လွတ်မြောက်ဖို့အတွက် အီသီယိုးပီးယားအစိုးရနဲ့ ဆက်သွယ်ပြီး အပြင်းအထန်ကြိုးစားနေပါတယ်” လို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ပြောဆိုခွင့်ရသူ Stephane Dujarric က မနေ့ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒီဖမ်းဆီးမှုမတိုင်ခင်မှာ အီသီယိုးပီးယားမြောက်ပိုင်းမှာ လူသားချင်းစာနာမှုအကူအညီတွေပေးနိုင်ဖို့ ကုလအထူးကိုယ်စားလှယ် ၄ ရက်ကြာခရီးရောက်ခဲ့ပြီး နောက်တနေ့မှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။အီသီယိုးပီးယားအရေးအတွက် စိုးရိမ်ရကြောင်း ကုလသမဂ္ဂက ပြောဆိုနေချိန်မှာပဲ ကုလဝန်ထမ်းတွေအဖမ်းခံလိုက်တာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကလည်း ကုလအရာရှိ ၇ ဦးကို နိုင်ငံတွင်းကနေ အီသီယိုးပီးယားအစိုးရက နှင် ထုတ်ခဲ့ပါသေးတယ်။ ဒီဖမ်းဆီးမှုနဲ့ပတ်သက်ပြီး အီသီယိုးပီးယားအစိုးရက တစုံတစ်ရာမှတ်ချက်မပေးဘူးလို့လည်း အယ်လ်ဂျာဇီးယားသတင်းဌာနက ဆိုပါတယ်။

၂၀၂၀ နိုဝင်ဘာလအတွင်းက အီသီယိုးပီးယားဝန် ကြီးချုပ် Abiy Ahmed က Tigray ဒေသကို တပ်ဖွဲ့တွေစေလွှတ်ခဲ့ပြီး ၂၀၁၈ ခုနှစ်က အမျိုးသားနိုင်ငံရေးကိုလွှမ်းမိုးထားတဲ့ ဒေသတွင်းအာဏာရပါတီ TPLF ကို ဖြုတ်ချပစ်ခဲ့ပါတယ်။ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်ပြီး ဇွန်လမှာ TPLF က ဒေသတွင်းမှာ ပြန်လည်ကြီးစိုးနိုင်ခဲ့ပြီးနောက် မြို့တော်အထိပါ တိုက်ခိုက်သိမ်းပိုက်ဖို့အခြေအနေအထိဖြစ်လာခဲ့ကာ ငြိမ်းချမ်းရေးနိုဗယ်ဆုရှင် Abiy Ahmed လည်း ဝေဖန်မှုတွေအများအပြားနဲ့ ရင်ဆိုင်နေရပါတယ်။

crd