စင်ကာပူမှာ မိလ္လာရေ ကနေ သောက်သုံးရေဖြစ်အောင် ဖန်တီးပြီး ဖြန့်ဖြူးနေ

စင်ကာပူ စက်ရုံတစ်ရုံရဲ့ မြေအောက်အနက်မှာ ကြီးမားတဲ့ ပန့်စက်ကြီးတွေ တရပ်စက် လည်ပတ်ရင်း မိလ္လာရေဆိုးတွေကို လူတွေသောက်သုံးနိုင်အောင် သင့်တော်တဲ့အထိ အလွန်သန့်စင်အောင် စစ်ထုတ်သန့်စင်ပြီး ထုတ်လုပ်ဖြန့်ဖြူးပေးနေပါတယ်။

ကျွန်းနိုင်ငံငယ် စင်ကာပူဟာ ရေအရင်းအမြစ် ရရှိတဲ့ လမ်းကြောင်း နည်းပါးပြီး အိမ်နီးချင်း မလေးရှားနိုင်ငံက ရေထောက်ပံ့မှုကို အဓိက ကာလကြာရှည် အမှီပြုနေရတာပါ။

ပြည်တွင်းကိုယ်ပိုင် ဖူလုံမှု ရှိရေးအတွက် အစိုးရဟာ ဥမင်တွေနဲ့ အဆင့်မြင့်နည်းပညာ စက်ရုံတွေ အပါအဝင် မိလ္လာရေဆိုးကို အလွန်သန့်စင်အောင် စစ်ထုတ်နိုင်ရေးအတွက် ခေတ်မီစနစ်တစ်ရပ်ကို ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နေရတာပဲ ဖြစ်ပါတယ်။

ညစ်ညမ်းရေတွေကို ပြန်လည်သန့်စင် ထုတ်လုပ်ပြီး စင်ကာပူရဲ့ ရေလိုအပ်ချက်ရဲ့ ၄၀ ရာခိုင်နှုန်းကို လက်ရှိမှာ ဖြည့်ဆည်းပေးနိုင်ပြီဖြစ်တာကြောင့် ၂၀၆၀ ဆိုရင် ၅၅ ရာခိုင်နှုန်းအထိ တိုးမြင့်ဖြည့်ဆည်းပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း နိုင်ငံရဲ့ ရေအရင်းအမြစ်အေဂျင်စီအရ သိရပါတယ်။

လူဦးရေ ၅ ဒသမ ၇ သန်းရှိတဲ့ ဒီ မြို့ပြနိုင်ငံမှာ အဲဒီလို သန့်စင်ထားတဲ့ ရေရဲ့ အများစုကို လုပ်ငန်းသုံးအတွက် အသုံးပြုနေတာ ဖြစ်ပေမယ့် သောက်သုံးရေ ဖြန့်ဖြူးနိုင်ဖို့ အချို့ရေတွေကိုတော့ ရေလှောင်ကန်တွေထဲ ဖြည့်သွင်းပေးထားတာ ဖြစ်ပါတယ်။

နိုင်ငံရဲ့ အခု ရေသန့်စင်စနစ်ဟာ သန့်စင်ရာက ထွက်ရှိတဲ့ မလိုအပ်တဲ့ ညစ်ညမ်းရေတွေ ပင်လယ်ထဲ အနည်းငယ်ပဲ စီးဆင်းစေတာမို့ ပင်လယ်ရေပြင်ညစ်ညမ်းမှုကိုလည်း လျှော့ချရာမှာ အကူအညီ ဖြစ်စေပါတယ်။

ကမ္ဘာ့ညစ်ညမ်းရေရဲ့ ၈၀ ရာခိုင်နှုန်းဟာ စစ်ထုတ်တာ ဒါမှမဟုတ် ပြန်လည်အသုံးပြုတာမရှိဘဲ ဂေဟစနစ်ထဲ ပြန်လည်စီးဆင်းနေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းထားပြီး စင်ကာပူနိုင်ငံရဲ့ စနစ်ကတော့ နိုင်ငံအများစုနဲ့ယှဉ်ရင် တစ်မူထူးခြား ကောင်းမွန်နေပါတယ်။

စင်ကာပူနိုင်ငံဟာ သဘာဝရင်းမြစ် ချို့ငဲ့ပါတယ်၊ အကန့်အသတ်လည်း ရှိနေပါတယ်၊ ဒါကြောင့် ရေအရင်းအမြစ်တွေ ရှာဖွေနိုင်ရေးနဲ့ ကျွန်မတို့ရဲ့ ရေပေးဝေနိုင်မှုကို ချဲ့ထွင်နိုင်ရေးအတွက် ကျွန်မတို့ ကြိုးစားရှာဖွေနေရတာပါ”ဆိုပြီး အများပြည်သူ အိမ်ထောင်သုံးဝန်ဆောင်မှု ဘုတ်အဖွဲ့ရဲ့ ရေဖော်ယူရေးဌာနက အင်ဂျင်နီယာချုပ် လောပိုင်ချင်က အေအက်ဖ်ပီကို ပြောပါတယ်။

တစ်ခုသော အဓိက မဟာဗျူဟာဟာ ‘ရေတစ်စက်တိုင်းကို စုဆောင်း’ပြီး ‘အတောမသတ် ပြန်လည်အသုံးပြုနိုင်ရေး’ပဲ ဖြစ်တယ်လို့ သူက ထပ်လောင်းပြောခဲ့ပါတယ်။

Ref: Mizzima